ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

ကျေးလက်လူဦးရေက မြို့နေလူဦးရေထက် များနေသေးသော်လည်း ယခုအခါ ကမ္ဘာတွင် မြို့နေလူဦးရေသည် ကျေးလက်လူဦးရေထက် ကျော်လွန်သွားပြီး ဖြစ်သည်။ တသဲသဲ ဝင်လာနေသော လူတို့အတွက် နိုင်ငံအတော်များများတွင် မြို့ပြအကွက်အကွင်းများကို လျင်မြန်လှသောအရှိန်အဟုန်ဖြင့် ချဲ့ထွင်နေကြရသည်။ အသစ်အသစ်သောအဆောက်အအုံများသာမက မြို့ပြအင်္ဂါရပ်များဖြစ်ကြသည့် ကွန်ကရစ်နှင့်ကတ္တရာပြင်များ၊ လမ်းများသည်လည်း ဟိုမှသည်မှ ပေါ်ထွက်လာနေသည်။

ကွန်ကရစ် ကတ္တရာစသည့် ရေပိတ်လွှာ များလာသည်နှင့်အမျှ မြေအောက်သို့ ရေစိမ့်ဝင်မှု နည်းလာပြီး မြေပေါ်ရေစီး များလာသည်။

ကွန်ကရစ်နှင့် ကတ္တရာပြင်များ၊ လမ်းများကြောင့် သွားလာပို့ဆောင်ရေးတွင် အကျိုးရှိသည်မှာမှန်သော်လည်း မိုးရေများ မြေအောက်စီးဝင်နေမှုကို ပိတ်ဆို့လိုက်သည့် ဘေးထွက်ဆိုးကျိုးက ရှိနေသည်။ မြေကြီးထဲစိမ့်ဝင်၍ မရသောအခါ မိုးရေများသည် မျက်နှာပြင်ပေါ်မှတစ်ဆင့် မြောင်းများချောင်းများထဲ စီးဆင်းကြသည်။ မြောင်းများ ချောင်းများက ယခင်ကထက် ထုထည်များပြားသော မိုးရေများကို နုတ်သိမ်း၍မနိုင်သောအခါ လျှံတက်လာသဖြင့် ကမ္ဘာ့မြို့ကြီး အများအပြားတွင် ဖြေရှင်းရမလွယ်သော ပြဿနာတစ်ခု ဖြစ်လာသည်။

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်၌ နှစ်စဉ်တွေ့နေရသော ရေကြီး ရေလျှံမှုများကို ဖြေရှင်းရန် စဉ်းစားသောအခါ ရှိပြီးရေမြောင်းနှင့် ရေထုတ်စနစ်များကို ချဲ့ထွင်ခြင်းသည် ကုန်ကျစရိတ်များသည့်အပြင် နေရာအခက်အခဲလည်းရှိသဖြင့် မိုးရေတို့ကို မြောင်းထဲသို့တိုက်ရိုက်မဝင်စေဘဲ ရွာကျလာသည့်နေရာတွင်ပင် ယာယီထိန်းသိမ်းသိုလှောင်ထားပြီး မိုးတိတ်သောအခါမှ ဖြည်းဖြည်းခြင်းပြန်ထုတ်၍ ရေကြီးမှုကို လျော့ပါးစေရန် စီစဉ်ခဲ့သည်။

သိုလှောင်ထားသောမိုးရေများကို အဆင့်ဆင့် သန့်စင်ပြီး သောက်ရေအဖြစ် သုံးနိုင်လျှင်သုံးရန်၊ သို့မဟုတ် သာမန်ရေစစ်နည်းဖြင့် စစ်ထုတ်ပြီး အိမ်သာနှင့် လမ်းများကို သန့်ရှင်းဆေးကြောခြင်း၊ ပန်းပင်ရေလောင်းခြင်း စသည့် ကိစ္စများတွင် သုံးရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ရေကြီးမှုအန္တရာယ်ကို သိသာစွာ လျှော့ချနိုင်ရုံတင်မက ရေအရင်းအမြစ်ကိုလည်း ချွေတာရန် ရည်ရွယ်သည်။

ဥပဒေလည်းထုတ်၊ ပညာလည်းပေး

ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ဆိုးလ်မြို့တော်၌ အသစ်ဆောက်လုပ်မည့် အဆောက်အအုံကြီးများတွင် မိုးရေလှောင်ကန်များကို ထည့်သွင်းတည်ဆောက်ရန် ၂၀၀၄ ခုနှစ်က ဥပဒေထုတ်ပြန်သည်။ ဥပဒေထုတ်သည့်အပြင် ယင်းသို့ မိုးရေလှောင်ကန်များထားရှိခြင်းဖြင့် ရနိုင်သော အကျိုးများကို အခြေခံပညာကျောင်းများမှ စကာ အဆောက်အအုံပိုင်ရှင်များအထိ ပညာပေး သဘောပေါက်စေသည်။ ကျောင်းအချို့တွင် မိုးရေလှောင်ကန်များ တည်ဆောက်ပြီး ယင်းမှရသော အကျိုးကျေးဇူးများကို ကျောင်းသားလူငယ်တို့ကို လက်တွေ့သိရှိစေသည်။ အချို့ မြို့ကြီးများတွင် “မိုးရေပြတိုက်” များ ဖွင့်လှစ်ခြင်း၊ မိုးရေ၏အရေးပါပုံကို အသံလွှင့်ဟောပြောခြင်း စသည်တို့ကို ဆောင်ရွက်သည်။

ဆိုးလ်မြို့အိမ်တစ်လုံးရှိမိုးရေလှောင်ကန်

အိမ်များတွင် မိုးရေလှောင်ကန်များ ထည့်သွင်းတပ်ဆင်လျှင် ကုန်ကျစရိတ်၏ ၉၀ ရာခိုင်နှုန်းအထိ အစိုးရက ထုတ်ပေးသည်။

လူအများလက်ခံလာအောင် ပညာပေးစည်းရုံးမှု၊ သင့်တော်သလို မက်လုံးပေးမှုများကြောင့် အသစ်ပေါ်ထွက်လာသော အဆောက်အအုံများတွင် မိုးရေလှောင်စနစ်များကို ထည့်သွင်းလာကြရာ တစ်ခုမှာ “ကြယ်တာရာမြို့တော် Star City အိမ်ရာစခန်း ဖြစ်သည်။ ကုန်ပဒေသာတိုက်ကြီးတစ်ခု၊ အထပ်မြင့် လူနေကွန်ဒိုလေးလုံးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသော ယင်းအိမ်ရာစခန်းကို ၁၂ ဧက မြေပေါ်တွင် ၂၀၀၇ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည်။ လူနေခန်း ၁၃၀၀ ကျော်ပါရှိပြီး လူ ၆၀၀၀ ကျော် နေထိုင်သည်။

မိုးရေလှောင်ကန်များထားရှိခြင်းဖြင့် ရနိုင်သော အကျိုးများကို အခြေခံပညာကျောင်းများမှ စကာ အဆောက်အအုံပိုင်ရှင်များအထိ ပညာပေး သဘောပေါက်စေသည်။

ကန်သုံးကန်

ကြယ်တာရာမြို့တော်အိမ်ရာစခန်းအတွက်ရေကို ဗဟိုရေပေးရေးစနစ်မှ ရေအပြင် စခန်းမြေပြင်နှင့် အဆောက်အအုံများပေါ် ရွာကျလာသောမိုးရေများကို ဖမ်းယူ သိုလှောင်အသုံးပြုသည်။ စခန်း၌ အေ၊ ဘီ၊ စီ၊ ဒီဟူ၍ ကွန်ဒိုလေးလုံးရှိရာ ကွန်ဒို-ဘီ၏ စတုတ္ထမြေအောက်ထပ်တွင် ရေလှောင်ကန်သုံးလုံးကို ထည့်သွင်း တည်ဆောက်ထားသည်။ ကန်တစ်ကန်လျှင် ဂါလန် ၂၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းရေဂါလန် ၆၆၀၀၀၀ ကို သိုလှောင် ထားနိုင်သည်။

ကန်သုံးကန်အနက် ပထမကန်ကို မိုးများလာသည့်အခါ လမ်းပေါ်ရေမလွှမ်းစေရန် ထိန်းညှိဖို့ ရည်ရွယ် တည်ဆောက်သည်။ မိုးရာသီ၌ ယင်းကန်ကို ပုံမှန် အခြေအနေတွင် ရေရှိမနေစေဘဲ အလွတ်ထားပြီး မိုးရွာသောအခါ လမ်းပေါ်မှ မိုးရေများ စီးဝင်စေခြင်းဖြင့် ရေမလျှံအောင် ထိန်းပေးသည်။ ကန်ထဲတွင် ပြည့်လာသည့်အခါ မြောင်းထဲစီးစေသည်။ မိုးတိတ်သည့်အခါ ပထမကန်ထဲမှရေများဖြင့် အိမ်ရာဝင်းအတွင်း သစ်ပင် ပန်းပင်များကို ရေလောင်းခြင်း၊ လမ်းရေဖြန်းခြင်းတို့ကိုလုပ်ဆောင်သည်။ ဖြန်းပြီး လောင်းပြီးသော ရေများကို အနည်များစစ်ထုတ်ပြီး ကန်ထဲ ပြန်ဝင်စေ၍ ပြန်အသုံးချသည်။

အဆောက်အအုံအမိုးများပေါ်မှ စီးကျလာသော ရေကို ဒုတိယကန်ထဲထည့်သည်။ ဒုတိယကန်ထဲမှရေကို အများသုံးအိမ်သာ၊ သစ်ပင်ပန်းပင်ရေလောင်းရန်တို့အတွက် အသုံးပြုသည်။ ဒုတိယကန်၏ရေဝင်ပေါက်၌ ရေစစ်တပ်ဆင်ထားပြီး ကန်တွင်းရှိ ရေကို နောက်ကျုမှုယူနစ် ၁ . ၅ ထက်မပိုစေရန် ထိန်းထားသည့်အပြင် အနည်ထိန်း ရေတားများကို လုပ်ထားသည်။

တတိယကန်ကိုလည်း ဒုတိယကန်အတိုင်းပင် တည်ဆောက်ထားသည်။ ယင်း ကန်ရေကို မီးသတ်ရန် စသည့် အရေးပေါ်ကိစ္စများအတွက်သာ သုံးရန် လျာထားသဖြင့် ပုံမှန်အချိန်တွင် ရေပြည့်နေသည်။ ရေပြည့်နေသော်လည်း ရေသေ ဖြစ်မသွားစေရန် သတ်မှတ်အချိန်ရောက်သောအခါ ရေကို အခြားကန်ထဲပို့၍ အချိန်မှန်ထုတ်သုံးပြီး ချက်ချင်းပြန်ဖြည့်သည်။

ကြယ်တာရာမြို့တော် မိုးရေပေးစနစ်တည်ဆောက်စရိတ်သည် မြေကြီးတူးခြင်း၊ ရေလှောင်ကန်ဆောက်ခြင်း၊ ပိုက်များတပ်ဆင်ခြင်းတို့အတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၀၀၊ လျှပ်စစ်နှင့်စက်မှုဆိုင်ရာ လုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ ၃၀၀၀၀၀၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅၀၀၀၀ ကုန်ကျသည်။ ယင်းအိမ်ရာစခန်းရှိ တိုက်ခန်း တစ်ခန်း၏ဈေးနှင့် ညီမျှသည်။

ရှစ်နှစ်အတွင်းအရင်းကြေ

ကြယ်တာရာမြို့တော်သည် တစ်နှစ်လျှင်မိုးရေပမာဏဂါလန် ၉၀၀၀၀၀၀ ခန့်ကို စုဆောင်းသိုလှောင် အသုံးပြုသည်။ တစ်နည်းဆိုရလျှင် ဗဟိုရေပေးရေးစနစ်မှ ယင်းပမာဏရှိသောရေကို ဝယ်မသုံးဘဲ ချွေတာနိုင်ခြင်း ဖြစ်သည်။ ကြယ်တာရာ မြို့တော်သည် ရေဖိုးတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၈၀၀၀၀ မျှ သက်သာသည်။ သက်သာသောငွေကို မိုးရေသုံးစနစ်တည်ဆောက်စရိတ်၊ ထိန်းသိမ်းပြုပြင် လည်ပတ်သည့် စရိတ် များနှင့် တွက်ချက်ပါက စတင်အသုံးပြုပြီး ရှစ်နှစ်အတွင်း အရင်းပြန်ရသည်ဟု ဆိုသည်။

ရေဖိုးသက်သာရုံမျှမဟုတ်၊ မိုးရေလှောင်ကန်များက သည်းထန်စွာ ရွာသော မိုးရေကိုလည်း လမ်းပေါ် လျှံမထွက်အောင် ထိန်းပေးထားနိုင်သဖြင့် အိမ်ရာစခန်းမှ ထွက်လာသောမိုးရေအတွက် ရေထုတ်မြောင်းများကို တိုးချဲ့ဆောက်လုပ်ရန် မလိုတော့ပေ။ ထို့ပြင် ဗဟိုရေပေးရေးစနစ်မှ ရေကိုချွေတာနိုင်သဖြင့် ယင်းရေကို စခန်းတွင်း ဖြန့်ဖြူးသယ်ပို့ရန်လိုအပ်သော တစ်နှစ်လျှင် လျှပ်စစ်ဓာတ်ကီလိုဝပ်နာရီ ၁၀၀၀၀ ကိုလည်း ချွေတာလိုက်နိုင်သည်။

အထပ်မြင့်အဆောက်အအုံများမှမိုးရေခံယူသိုလှောင်၍ပြန်လည်အသုံးချပုံ

မိုးရေသုံးမှုအချိုး

အဆောက်အအုံတစ်ခု၊ ဒေသတစ်ခု၏ မိုးရေအသုံးချမှုကို မိုးရေအသုံးချမှုအချိုးဖြင့် တိုင်းတာသည်။ မိုးရေ အသုံးချမှုအချိုး ဆိုသည်မှာ နေရာတစ်ခုပေါ် ရွာကျလာသော မိုးရေပမာဏနှင့် ယင်းမိုးရေကိုသောက်သုံးရန် အသုံးချနိုင်သောပမာဏ၏ အချိုးကို ခေါ်သည်။ ကြယ်တာရာ မြို့တော်၏ မိုးရေအသုံးချမှုအချိုးသည် ၆၇ ရာခိုင်နှုန်း ရှိသည်။ ယင်းအိမ်ရာစခန်းမြေပြင်ပေါ်ရွာကျလာသော မိုးရေစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းကို သုံးစွဲ နိုင်သည့် သဘော ဖြစ်သည်။ တောင်ကိုးရီးယား တစ်နိုင်ငံလုံး၏ မိုးရေအသုံးချနှုန်းသည် ၂၆ ရာခိုင်နှုန်း ဖြစ်ရာ ကြယ်တာရာမြို့တော်၏ မိုးရေအသုံးချနိုင်မှုသည် တောင်ကိုးရီးယား နိုင်ငံပျမ်းမျှထက် များစွာ မြင့်မားသည်။

ကြယ်တာရာမြို့တော် မိုးရေအသုံးချရေးအောင်မြင်မှုသည် အခြားသောနေရာများတွင် မိုးရေလှောင်ကန် များကို ထည့်သွင်းဆောက်လုပ်ကြဖို့ တွန်းအားတစ်ရပ် ဖြစ်သွားသည်။ အင်ချွန်၊ ကွမ်ဂျူး၊ ဒေဂူးစသည့် မြို့များ အပါအဝင် မြို့ပေါင်း ၆၀ ခန့်တွင် မိုးရေသုံးစနစ်များကို ထည့်သွင်းတည်ဆောက်လာကြသည်။

မိုးရေကို တိုက်ရိုက်ခံယူအသုံးချခြင်းသည် ကျေးလက်တောရွာ မြို့စွန်ဒေသများအတွက်သာ မဟုတ် ခေတ်မီအိမ်ရာစခန်းများတွင်လည်း အောင်မြင်အကျိုးရှိစွာ အသုံးပြုနိုင်ကြောင်း ကြယ်တာရာမြို့တော်က ပြသလိုက်သည်။

ရေပလာဇာ

မိုးရေကို ထိန်းချုပ်စီးဆင်းစေခြင်းဖြင့် ရေကြီးရေလျှံမှုကို လျော့နည်းစေသော အခြားဥပမာတစ်ခုကို နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့တွင် တွေ့နိုင်သည်။ နယ်သာလန်၏ အစိတ်အပိုင်း အတော်များများသည် ပင်လယ်ရေပြင်အောက် နိမ့်နေသောဒေသများ ဖြစ်သည်။ နယ်သာလန်နိုင်ငံတောင်ပိုင်းရှိ ရော့တာဒမ်မြို့သည် ဆိပ်ကမ်းမြို့တော်ဖြစ်ပြီး မြို့မြေပြင်သည် ပင်လယ်ရေပြင်ထက် ပေ ၂၀ ခန့် နိမ့်သည်။ မြို့တွင်းရှိ ရေများကို ရှေးယခင်ကတည်းက ယခုအထိ လေရဟတ်များ၊ ရေစုပ်စက်များဖြင့် စုပ်ထုတ်နေခဲ့ရသည်။ နောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးပိုရွာလာသောအခါ မိုးရေများကို သမားရိုးကျနည်းများဖြင့် နိုင်အောင် စုပ်ထုတ်၍ မဖြစ်နိုင်တော့ဘဲ နည်းလမ်းသစ်များကို ကြံဆကြရာ တစ်ခုမှာ “ရေပလာဇာ”များ၊ “ရေရင်ပြင်”များ ထားရှိခြင်း ဖြစ်သည်။

ရေပလာဇာမဆောက်လုပ်မီနှင့်ဆောက်လုပ်ပြီး

ရေပလာဇာ၊ ရေရင်ပြင်ဆိုသည်မှာ မိုးမရွာသည့်အခါ အများပြည်သူအပန်းဖြေ နေရာနှင့် ကစားကွင်းများ အဖြစ် သုံးပြီး မိုးသည်းထန်သည့်အခါ ရေလှောင်ကန် ဖြစ်သွားသော ကွက်လပ်များ ဖြစ်သည်။ မြို့ကြီးများရှိ တိုက်တာအဆောက်အအုံများကြားနှင့် ရပ်ကွက်များရှိ မြေလွတ်များ၌ တည်ဆောက်ထားသော ရေပလာဇာ တစ်ခု၏ အနိမ့်ဆုံးအပိုင်းတွင် ကစားကွင်းများ၊ ပို၍မြင့်သောနေရာများတွင် ထိုင်ခုံတန်းများ၊ မြက်ခင်းများ၊ လျှောက်လမ်းများ စသဖြင့် အနိမ့်အမြင့်မတူစေဘဲ ဖွဲ့စည်းသည်။

နွေအခါတွင် ရေပလာဇာတစ်ကွင်းလုံးသည် မြို့သူမြို့သား အရွယ်သုံးပါးတို့ လာရောက်ဆော့ကစား အပန်းဖြေကြသည့် နေရာ ဖြစ်သည်။ မိုးတွင်းကာလ မိုးပုံမှန်ရွာသောအခါ ကနဦးမိုးရေသည် ရေပလာဇာ၏ အနိမ့်ဆုံးအပိုင်းဖြစ်သော ကစားကွင်းထဲစီးဝင်လာသဖြင့် ကစားကွင်းသည် ရေကန်အဖြစ် ပြောင်းသွားသည်။ မိုးဆက်ရွာသောအခါ ကစားကွင်းထက် ပိုမြင့်သော လူသွားလမ်းအချို့နှင့် ကွက်လပ်အချို့သို့ ရေရောက် လာပြီး မျက်စိပသာဒဖြစ်ဖွယ် ရေတသွင်သွင် စီးနေသော မြောင်းငယ်များ၊ ရေတိမ်အိုင်များ ဖြစ်လာသည်။ ကျန်လူသွားလမ်းနှင့်မြေပြင်သည် ပုံမှန်မိုးရွာနေသမျှ ရေမဖုံးဘဲ လျှောက် လမ်းနှင့် နားခိုနေရာများအဖြစ် ဆက်လက်အသုံးပြုနိုင်ကြသည်။

အချိန်အတန်ကြာ မိုးသည်းထန်စွာရွာသောအခါတွင်မူ ရေပလာဇာတစ်ခုလုံး ရေပြည့်သွားသည်။ ရေပလာဇာ သည် ဘေးပတ်ဝန်းကျင်ရပ်ကွက်နှင့်လမ်းများပေါ် ရေ မလျှံအောင် ယာယီရေထိန်းပေးထားသော ကန်ကြီး ဖြစ်သွားသည်။ ရော့တာဒမ်မြို့ ဘင်ထမ်ပလိန်း Benthemplein ရေရင်ပြင်သည် ရေဂါလန် ၅၀၀၀၀၀ ခန့် လက်ခံသိမ်းဆည်းပေးထားနိုင်သည်။

မိုးတိတ်၍ ရေပလာဇာထဲမှ ရေများကို ပြန်ထုတ်လိုက်သောအခါ ကစားကွင်းနှင့် အပန်းဖြေနေရာ ပြန်ဖြစ်လာသည်။ ရေပလာဇာ၊ ရေရင်ပြင်များကို တည်ဆောက်ထား ရှိခြင်းဖြင့် မြို့နေလူထုအတွက် အပန်းဖြေနေရာများ မပျောက်ပျက်သည့်အပြင် မြို့တွင်း ရေကြီးရေလျှံမှုကိုလည်း များစွာ သက်သာရာ ရစေလျက် ရှိသည်။

ရေကြီးရေလျှံမှုသည် အနာဂတ်တွင် ပိုမိုပြင်းထန်လာ၊ အကြိမ်စိပ်လာရန်ရှိရာ ရေကို ချက်ချင်းတွန်းထုတ်တားဆီးမည့်အစား နေရာပေးခြင်းဖြင့် ဖြေရှင်းရမည်ဟု သဘောပေါက်လာနေကြသည်။

ဆက်စပ်ဖတ်ရှုရန် မြစ်ရေကိုနေရာပေးခြင်း


အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၈ ဖြစ်ပါသည်၊ ကျန်အခန်းများကို အောက်ပါလင့်ခ်များ၌ ဖတ်ရှုနိုင်ကြပါသည်။

အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆိုင်ရာနိုဘယ်ဆုရှင်

အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး

အခန်း-၅ မြေလျှိုးမိုးရေ

အခန်း-၆ မိုးကျရေချို

အခန်း-၇ အထက်ဆန်သည့်ရေ

အခန်း-၉ စင်ကာပူမှာရွာသည့်မိုး

အခန်း-၁၀ တရုတ်ပြည်မှာရွာသည့်မိုး

အခန်း-၁၁ မြန်မာပြည်မှာရွာသည့်မိုး

7 thoughts on “ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s