မြန်မာပြည်မှာရွာသည့်မိုး

မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်တင်းနိုင်သော ရေအရင်းအမြစ်ပမာဏသည် တစ်နှစ်လျှင်ကုဗမိုင် ၂၄၀ ကျော်ခန့် ရှိသည်ဟု ခန့်မှန်းကြသည်။ နိုင်ငံ၏ရေသုံးစွဲမှုမှာ ပြန်ပြည့်နိုင်သောပမာဏ၏ သုံးရာခိုင်နှုန်းမျှသာရှိသဖြင့် မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ပေါသော နိုင်ငံစာရင်းတွင် ဝင်သည်။

သို့သော် ယင်းကိန်းဂဏန်းမှာ တစ်နိုင်ငံလုံးခြုံ၍တွက်ထားသောပျမ်းမျှကိန်းသာ ဖြစ်ပြီး လက်တွေ့တွင် မိုးရွာသွန်းမှု နေရာဒေသအားဖြင့်ရော၊ အချိန်ကာလအားဖြင့်ပါ မညီမျှသည့်အပြင် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေနှင့် လုပ်ငန်းသုံးရေဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နေရသည်။

မိုးရွာသွန်းခြင်း နေရာဒေသအားဖြင့်မညီမျှမှုဆိုသည်မှာ ကမ်းရိုးတန်းဒေသများ၌ မိုးကောင်း၍ အရှေ့နှင့် အရှေ့မြောက်ပိုင်းတွင် သင့်တင့်သောမိုးရွာပြီး အလယ်ပိုင်း၌ မိုးနည်းခြင်းကို ဆိုလိုသည်။ ရေအရင်းအမြစ် အများစုသည် လူနေဒေသများနှင့် ဝေးကွာသောအရပ်၌ တည်ရှိသည်။

အချိန်ကာလအားဖြင့်မညီမျှမှုမှာ မိုးတွင်းကာလသည် ပျမ်းမျှလေးလခန့်ရှိပြီး ကျန်ရှစ်လတွင် ခြောက်သွေ့ နေခြင်း ဖြစ်သည်။ ယင်းအခြေအနေတွင် ပြောင်းလဲလာသောရာသီဥတုကြောင့် မုတ်သုန်မိုးရွာသည့်ကာလ တိုတောင်းလာခြင်းက ရေအခက်အခဲကို ပို၍ဆိုးရွားစေသည်။

လက်ရှိပေါ်ပေါက်နေသော၊ တစ်နေ့တခြားပို၍ဆိုးရွားလာနေသော ရေအခက်အခဲကိုဖြေရှင်းရန် နည်းလမ်းအများရှိသည့်အနက် မှန်ကန်သောရေမူဝါဒ၊ ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းများ၊ ဌာနများ၏ စနစ်ကျ၍ ထိရောက်စွာ ဖော်ဆောင်မှု၊ ပြည့်စုံသောအချက်အလက်၊ လုံလောက်သောငွေကြေးနှင့် နည်းပညာပံ့ပိုးမှုတို့အပြင် ပြည်သူအများသဘောပေါက်နားလည်၍ ပူးပေါင်းပါဝင်မှုတို့ဖြင့် ရေဘက်ဆိုင်ရာ ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကိုထူထောင်ရန် လိုအပ်နေသည်။

အမျိုးသားအဆင့်ရေမူဝါဒ

ကနဦးနှင့်အရေးပါသောအဆင့်ဖြစ်သည့် အမျိုးသားအဆင့်ရေမူဝါဒကို မြန်မာနိုင်ငံတွင် ရေးဆွဲပြဋ္ဌာန်း ထားရှိပြီး ဖြစ်သည်။ သို့သော် နွေဆိုလျှင်လည်းနွေအလိုက်၊ မိုးဆိုလျှင်လည်း မိုးအလိုက် ရေပြဿနာ တစ်မျိုးပြီးတစ်မျိုး ကြုံနေခြင်းသည် အမျိုးသားအဆင့်ရေမူဝါဒကို ကိုင်စွဲ၍ ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု အားနည်းနေသေးခြင်းကို ညွှန်ပြနေသည်။

၁။ မိုးရေကိုတိုက်ရိုက်ခံယူအသုံးချခြင်း၊
၂။ မြေအောက်ရေကြောများကိုမိုးရေဖြင့်ဖြည့်တင်းပေးခြင်း၊
၃။ မိုးရေစီးကိုထိန်းချုပ်၍ ရေကြီးမှုလျော့နည်းစေခြင်း

သုံးချက်စလုံး အမျိုးသားအဆင့်ရေမူဝါဒတွင် ပါဝင်သည်။

ယင်းတို့ကိုဖော်ဆောင်ရာတွင် လိုအပ်သည့်နည်းပညာများမှာ လက်လှမ်းမီသော နည်းပညာများ ဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အချိန်အတန်ကြာကပင် လက်တွေ့အောင်မြင်စွာ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေကြသည်။

မိုးရေကိုတိုက်ရိုက်ခံယူခြင်း

အမျိုးသားအဆင့်ရေမူဝါဒ အခန်း ၆၊ အပိုဒ် ၆ . ၂ တွင် မိုးရေကိုတိုက်ရိုက်အသုံးချခြင်းနည်းစနစ်နှင့် အမှုမဲ့ အမှတ်မဲ့ ဆုံးရှုံးလေ့ရှိသောပင်ငွေ့ပျံမှုကို ထိန်းချုပ်ခြင်းတို့သည် တိုးတက်လာသော နည်းဗျူဟာသစ်များဖြစ်သည်။ ဟူ၍လည်းကောင်း၊

အခန်း ၄၊ အပိုဒ် ၄ . ၅ တွင် ရှေးအစဉ်အလာရှိသော မိုးရေစုဆောင်းခြင်းကို . . . . . . တစ်ပြည်လုံးတွင် အသုံးပြုနိုင်ရန် အဖွဲ့အစည်းဖြင့် ဆောင်ရွက်ရပါမည်။ ဟူ၍ လည်းကောင်း ရေးသားဖော်ပြထားသည်။

မြေအောက်ရေဖြည့်တင်းခြင်း

အမျိုးသားအဆင့်ရေမူဝါဒ အခန်း ၁၊ နိဒါန်းပိုင်းတွင် မြေအောက်ရေပြန်လည်ဖြည့်တင်းရေးဆိုသည့် စကားရပ်မှာ မြန်မာနိုင်ငံတွင် မဆွေးနွေးကြသောအကြောင်းအရာဖြစ်သည်။ ယင်းကိစ္စကိုဆွေးနွေးရန် လိုအပ်သည်။ ဟု ပါရှိပြီး

အခန်း ၆၊ အပိုဒ် ၆ . ၄ တွင် လိုအပ်သောနေရာများတွင် မြေအောက်ရေကို ပြန်လည်ဖြည့်တင်းနိုင်ရန်၊ မြေအောက်ရေအောင်းလွှာများထဲသို့ ရေပြန်မှုတ်သွင်းပေးရမည်။ ဟု ဖော်ပြသည်။

ရေကြီးရေလျှံမှုထိန်းချုပ်ခြင်း

မြို့ပြများတွင် ကြုံတွေ့နေရသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အခန်း ၁၊ နိဒါန်းပိုင်းတွင် မြို့ပြဖွံ့ဖြိုးမှု မြန်ဆန်ခြင်းကြောင့် နဂိုကရှိနှင့်သောရေနုတ်မြောင်းများ မနိုင်တော့ဘဲ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်စေသည်။
ဟု ရေလျှံခြင်းအကြောင်းရင်းများအနက်တစ်ခုကို မှန်ကန်စွာ ထောက်ပြထားသည်။

ဌာနနှင့်အဖွဲ့အစည်းများ၏အခက်အခဲ

မှန်ကန်သောရေမူဝါဒရှိပြီးသောမြန်မာနိုင်ငံတွင် ရေပြဿနာများစွာပေါ်ပေါက်နေရခြင်း၏ အကြောင်းများ အနက်တစ်ခုမှာ ယင်းမူဝါဒများကို လက်တွေ့အကောင်အထည်ဖော်သည့် ဌာနအဖွဲ့အစည်းများတွင် အားနည်းချက် လိုအပ်ချက်များရှိနေသောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေဘက်ဆိုင်ရာဌာနအဖွဲ့အစည်းများသည် မတူကွဲပြားသော ဝန်ကြီးဌာနများအောက်တွင် ရှိနေခြင်းကြောင့် ဌာနတစ်ခုနှင့်တစ်ခုအချိတ်အဆက်မမိခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေကာ ပြဿနာဖြေရှင်းရာတွင် မပြတ်မသားဖြစ်ခြင်း၊ တစ်ခါတစ်ရံ ထိပ်တိုက်တိုးခြင်းစသည်တို့ကို ပြုပြင်ရန် လွန်ခဲ့သောနှစ် ၅၀ ခန့်ကတည်းက အကြံပြုသူက ပြုခဲ့သော်လည်း ယနေ့တိုင် မပြေလည်သေးကြောင်း တွေ့ရသည်။

ဤဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားအဆင့်ရေမူဝါဒ အခန်း ၁၊ နိဒါန်းပိုင်းတွင် ရေနှင့်ဆိုင်သော စီမံ အုပ်ချုပ်မှု ကိစ္စရပ်များတွင် ကာလကြာမြင့်စဉ်ကပင် အုပ်ချုပ်စီမံမှု စနစ်မကျခြင်းတို့ကြောင့် တိုင်းပြည်၏ နေရာအသီးသီးတွင် ရေပြဿနာများဖြစ်ပေါ်နေခြင်း။ ဟု ထောက်ပြထားပြီး နိုင်ငံတော်၏ရေဘက်ဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းရန်။ ဟုလည်း အကြံပြုထားရာ ယင်းအကြံပြုချက်ကို မဆိုင်းမတွ ဖော်ဆောင်ဖို့လိုသည်။

ဌာနဆိုင်ရာတို့၏ အခက်အခဲများအနက်အချို့မှာ မူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်ရာ၌ လိုအပ်သော ပညာရပ်ဆိုင်ရာအချက်အလက်များ မရှိသေးခြင်း၊ နည်းပညာပံ့ပိုးမှုများ လိုအပ်နေခြင်း စသည် တို့ ဖြစ်သည်။ မည်သည့်အခက်အခဲပင် ရှိနေစေ၊ မူဝါဒတစ်ခုကို ရရှိပြီးဖြစ်၍ အချက်အလက်များနှင့် နည်းပညာများကို ရရှိရန် စလုံးရေးစအဆင့်မှ ကြိုးပမ်းလျှင် ခရီးပန်းတိုင်သို့ ပေါက်ရောက်ရမည်သာ ဖြစ်သည်။

မြေအောက်ရေလျော့နည်းခန်းခြောက်လာနေမှုနှင့် မြို့ပြရေကြီးရေလျှံမှုကာကွယ်ရေးတို့တွင်မူ အတိတ်က မှားယွင်းခဲ့သည်တို့ကို သင်ခန်းစာယူ၍ ထပ်မမှားရလေအောင် အမြန်ဆုံး ပြုပြင်သင့်သည်။

ရန်ကုန်တွင် တစ်ချိန်က မြေအောက်ရေကြီးကြပ်ရေးအရာရှိ ခန့်အပ်၍ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုများကို စနစ်တကျမှတ်တမ်းတင်နိုင်ခဲ့သည်။ ယခုမူ မြေအောက်ရေ မည်သူက မည်မျှထုတ်နေသည်ကို မသိနိုင်တော့သည့်အခြေအနေသို့ ဆိုက်ရောက်နေသည်။ တွင်းရေပြင်သိသာစွာနိမ့်ဆင်းသောအခါ၊ ရေငန်တိုးဝင်လာသောအခါမှသာ လက်လွန်သွားမှန်းသိတော့သည်။

ရောဂါတစ်ခုဖြစ်လာလျှင် ယင်းရောဂါဖြစ်ရခြင်း၏အကြောင်းရင်းများကို လေ့လာပြီး ရှောင်သင့်သည်ကို ရှောင်ရုံတင်မဟုတ် မှန်ကန်သောဆေးဝါးများနှင့်ကုသဖို့လည်းလိုသကဲ့သို့ မြေအောက်ရေ လျော့နည်းလာခြင်း ကိုလည်း အဝီစိတွင်းဆက်မသုံးရုံတင်မဟုတ်ဘဲ မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်းဖြင့် ကုစားသင့်သည်။ အခြားနိုင်ငံများတွင် မြေအောက်ရေကို အောင်မြင်စွာ ပြန်လည်ဖြည့်တင်းနေကြသည်။

မြို့ပြရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆောက်အအုံများတွင် မိုးရေလှောင်ကန်များ ထည့်သွင်း တည်ဆောက်ခြင်းဖြင့် သန့်ရှင်းရေးကိစ္စရပ်များ၌ သုံးနိုင်သည့်ရေရရုံတင်မက ရေကြီးရေလျှံမှုကို တစ်စိတ်တစ်ပိုင်း ပြေလျော့စေလျက် ရှိသည်။

လူထုပါဝင်မှု

ရေသုံးစွဲခြင်းသည် လူတိုင်းနှင့်ဆိုင်သောကိစ္စဖြစ်၍ ရပ်ကွက်ကျေးရွာအဆင့်အထိ ပြည်သူတိုင်းသဘောပေါက် နားလည်ကာ ပူးပေါင်းပါဝင်ကြမှ ရေပြဿနာပြေလည်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒေသအချို့၌ ရေနှင့်ပတ်သက်၍ အထက်ပါပူးပေါင်းပါဝင်မှုမျိုး နည်းသေးကြောင်း တွေ့ရသည်။

မိုးများသောဒေသတစ်ခုဖြစ်ပါလျက် နွေရောက်လာတိုင်း ရေအခက်တွေ့နေကျ ဒေသတစ်ခုကို လေ့လာကြည့်ရာ ဒေသခံတို့သည် အစဉ်အလာအားဖြင့် တွင်းရေကို သုံး၍ ကြီးပြင်းလာကြသူများ ဖြစ်နေသည်။ ရေတွင်းအများအပြားသည် နွေအခါ ရေလျော့နည်းခန်းခြောက်လေ့ရှိကြရာ ရေနည်းသွားသော်လည်း မခန်းသေးသည့်တွင်းများမှ ရေကိုအချိန်အကုန်ခံသွားခပ်၍ ရေပြဿနာကို ဖြေရှင်းကြသည်။ ရေကျန်ရှိသည့်တွင်းများ နည်းလွန်း၍ မလောက်မငဖြစ်သောအခါ ယင်းအဖြစ်ကို ကြားသိသောရပ်ဝေးမှ ရေအလှူ ရှင်များ လာရောက်လှူဒါန်းသောရေများဖြင့်အသက်ဆက်ကြသည်။ နှစ်စဉ် ယင်းပုံစံအတိုင်း သွားနေပြီး ရေလုံးဝပြတ်သည်ကို မည်သည့်အခါမှ မကြုံကြရသဖြင့် မိမိတို့လိုသောရေကို မိမိတို့ကိုယ်တိုင်ရှာဖွေရမည်ဟူသည့်စိတ်ဓာတ်မျိုးမရှိကြတော့ချေ။

ထို့ကြောင့် နိုင်ငံ၏ရေပြဿနာကိုဖြေရှင်းရာတွင် မူဝါဒ၊ လုပ်ဆောင်ချက်နှင့် နည်းပညာတို့အပြင် လူထုပါဝင်မှုသည်လည်း တူညီစွာအရေးကြီးသည်ဟုဆိုခြင်း ဖြစ်သည်။


အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၁၁ ဖြစ်ပါသည်၊ ကျန်အခန်းများကို ဆိုင်ရာလင့်ခ်များကိုနှိပ်၍ ဖတ်ရှုနိုင်ကြပါသည်။

အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆိုင်ရာနိုဘယ်ဆုရှင်

အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး

အခန်း-၅ မြေလျှိုးမိုးရေ

အခန်း-၆ မိုးကျရေချို

အခန်း-၇ အထက်ဆန်သည့်ရေ

အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

အခန်း-၉ စင်ကာပူမှာရွာသည့်မိုး

အခန်း-၁၀ တရုတ်ပြည်မှာရွာသည့်မိုး