မြေလျှိုးမိုးရေ

လူ့ကိုယ်ခန္ဓာပြင်ပအစိတ်အပိုင်းများအနာတရဖြစ်လျှင် အလွယ်တကူသိကာ ဆေးဝါးကုသမှုခံယူပြီး ကျန်းမာရေးမယိုယွင်းအောင် ထိန်းသိမ်းနိုင်ကြသော်လည်း မမြင်နိုင်သောကိုယ်တွင်းအင်္ဂါများချို့ယွင်းလျှင် အများအားဖြင့် အချိန်ကြာမှသိပြီး ကုသရခက်ခဲသည်တို့ကိုမကြာခဏကြုံကြရသည်။ ထို့အတူ လူတို့သောက်နေသုံးစွဲနေသော ရေအရင်းအမြစ်များအနက် မြစ်ချောင်းကန်တို့ထဲရှိ မြေပေါ်ရေများ လျော့နည်းလာလျှင် ပြန်ဖြည့်ရန် အနှေးနှင့်အမြန်အားထုတ်ကြသော်လည်း မြေအောက်ရေများ လျော့နည်းလာနေသည်ကိုမူ ကန်ရေခန်းခြောက်သကဲ့သို့ မမြင်သာသဖြင့် အရေးတယူမရှိခဲ့သောကြောင့် ကမ္ဘာ့အချို့ဒေသများရှိ မြေအောက်ရေအရင်းအမြစ်သည် စိုးရိမ်ရသောအခြေအနေသို့ရောက်နေပြီ ဖြစ်သည်။

ခန်းခြောက်ရေကြောများ

ဂြိုဟ်တုတိုင်းတာချက်များက ကမ္ဘာ့မြေအောက်ရေကြောအများအပြား ခန်းခြောက်လာလျက်ရှိကြောင်း ဖော်ထုတ်ပေးခဲ့ရာ အိန္ဒိယတိုက်ငယ် အနောက်မြောက်ပိုင်း အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်ရာဒေသရှိရေကြောသည် ၂၀၀၂ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်ကြားတွင် တစ်နှစ်လျှင်လေးကုဗမိုင်ကျော် (ဂါလန်သန်းပေါင်း ၃၇၀၀၀၀၀)မျှ လျော့နည်းလာနေခဲ့ကြောင်း သိရသည်။ အလားတူ အာဖရိကတိုက် ဆဟာရအနောက်မြောက်ဒေသ၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အလယ်ပိုင်းချိုင့်ဝှမ်းနှင့် အနောက်ပိုင်း အိုဂါလာလာရေကြော၊ အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေး၊ ယူရူဂွေးနိုင်ငံတို့၏အောက်ရှိ ဂွာရာနီရေကြော၊ အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ယီမင်နိုင်ငံတို့အောက်ရှိ အာရေးဘီးယန်းရေကြော၊ တရုတ်နိုင်ငံမြောက်ပိုင်းရေကြောတို့သည်လည်း လျော့နည်းလာနေသည်။

မြန်မာနိုင်ငံ၌ ရန်ကုန်အပါအဝင် ဒေသအချို့တွင် အဝီစိတွင်းများ ရေနည်းလာသည်ကို တွေ့နေရသည်။

ကမ္ဘာ့မြေအောက်ရေကြောများ၏ရေလျော့နည်းမှုအခြေအနေ

မြေအောက်ရေကြောအမည်
(နိုင်ငံ)
မြေအောက်ရေလျော့နည်းမှု
(တစ်နှစ်လျှင်ကုဗမိုင်)
ကာလအပိုင်းအခြား
ဆဟာရအနောက်မြောက်
(အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ တူနီးရှား)
၀ . ၇၂၀၀၃ – ၂၀၁၃
ကယ်လီဖိုးနီးယားအလယ်ပိုင်းတောင်ကြား
(အမေရိကန်)
၀ . ၇၅၂၀၀၃ – ၂၀၁၀
အိုဂါလာလာ
(အမေရိကန်)
၃ . ဝ၂၀၀၃ – ၂၀၁၃
ဂွာရာနီ
(အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေး၊ ယူရူဂွေး)
၀ . ၂၂၀၀၃ – ၂၀၀၉
အရှေ့အလယ်ပိုင်းမြောက်ဘက်
(အီရတ်၊ အီရန်၊ ဆီးရီးယား၊ တူရကီ)
၃ . ၁၂၀၀၃ – ၂၀၀၉
အာရေးဘီးယန်း
(အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ယီမင်)
၃ . ၇၂၀၀၃ – ၂၀၁၃
အိန္ဒိယအနောက်မြောက်
(အိန္ဒိယ၊ ပါကစ္စတန်)
၄ . ၂၂၀၀၂ – ၂၀၀၈
တရုတ်မြောက်ပိုင်းလွင်ပြင်
(တရုတ်)
၂ . ဝ၂၀၀၃ – ၂၀၁၀
ကန်းနင်းချိုင့်ဝှမ်း
(သြစတေးလျ)
၀ . ၉၂၀၀၃ – ၂၀၁၃

အရည်အသွေးပါထိခိုက်

ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ လူတို့ထုတ်ယူသုံးစွဲမှု များလွန်းလာ၍ဖြစ်သည်။ ကမ္ဘာ့ သောက်သုံးရေ၏ ထက်ဝက်နီးနီး၊ စိုက်ပျိုးရေ၏ ၄၃ ရာခိုင်နှုန်းသည် မြေအောက်ရေများဖြစ်ကြရာ လူဦးရေ များလာ၊ တစ်ဦးချင်းရေသုံးမှု များလာသဖြင့် မြေအောက်ရေသုံးစွဲမှုသည် ၁၉၆၀ ခုနှစ်နှင့် ၂၀၁၀ ခုနှစ် အကြား နှစ်ပေါင်း ၅၀ အတွင်း သုံးဆမျှတိုးမြင့်လာခဲ့သည်။ အလွန်အကျွံထုတ်ယူမှုကြောင့် မြေအောက်ရေ မျက်နှာပြင်နိမ့်ကျခြင်း၊ အဝီစိတွင်းများခန်းခြောက်ခြင်း၊ ဆားငန်ရေတိုးဝင်လာခြင်းတို့ကို ကြုံတွေ့နေရသည်။

အထုတ်လွန်ခြင်းက မြေအောက်ရေပမာဏကိုသာ ထိခိုက်စေသည်မဟုတ်၊ အချို့နေရာများတွင် အရည်အသွေးကိုပါ သက်ရောက်မှုရှိနေသည်။ လူ့ကျန်းမာရေးကိုထိခိုက်စေသည့် အာဆင်းနစ်ကဲ့သို့သော ဓာတ်များသည် မြေလွှာအချို့တွင် သဘာဝအလျောက်ပါရှိသော်လည်း မြေအောက်ရေမျက်နှာပြင်အောက်၌ ရှိနေသမျှ ရေတွင်ပျော်ဝင်ခြင်းမရှိချေ။ ရေအထုတ်လွန်၍ မြေအောက်ရေပြင် နိမ့်ဆင်းသွားသောအခါ မြေလွှာ ထဲရှိ အာဆင်းနစ်သည် မြေအောက်ရှိအောက်ဆီဂျင်ဓာတ်နှင့်ထိတွေ့ဓာတ်ပြုကာ ရေတွင်ပျော်ဝင်သွားပြီး သောက်မိသူများကို အန္တရာယ်ပြုသည်။ မြေအောက်ရေ ပိုထုတ်လေ၊ မြေလွှာများထဲမှအာဆင်းနစ်များ ရေတွင် ပျော်ဝင်အန္တရာယ်ပြုနိုင်သည့် အခွင့်အလမ်း ပိုများလေဖြစ်သည်။ အလားတူ မြေအောက်ရေ ပိုထုတ်လေ၊ ဆားငန်ရေ ပို၍တိုးဝင်လာလေ ဖြစ်သည်။ ရေဆုံးရှုံးမှု အလွန်အမင်းဖြစ်လာလျှင် မြေပြင်နိမ့်ကျကျွံဝင်မည်။

ရန်ကုန်မြေပြင်နိမ့်ကျမှု

ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်နှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ပညာရှင်များက ဂြိုဟ်တု နည်းပညာများကို အခြေခံကာ စုပေါင်းပြုစုပြီး ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော “ရန်ကုန်မြေလွှာရွေ့လျားမှု ဆန်းစစ်ချက်”စာတမ်းတွင် “ဒဂုံတက္ကသိုလ်ဝင်းနှင့် အရှေ့ဒဂုံစက်မှုဇုန်ကြားရှိ မြေထုသည် တစ်နှစ်လျှင် နှစ်လက်မနှုန်းကျော်ကျော်ဖြင့် နိမ့်ဆင်းလျက်ရှိပြီး ထိုသို့နိမ့်ဆင်းမှု၏ အကြောင်းရင်းသည် မြေအောက်ရေ အလွန်အကျွံ ထုတ်ယူမှုကြောင့် ဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့၏ အခြားအပိုင်းများတွင်လည်း မြေအောက်ရေ ထုတ်ယူမှုကြောင့် ယင်းသို့မြေပြင်နိမ့်ကျမှုများ ဖြစ်ပေါ်နေနိုင်သော်လည်း တိကျသောတိုင်းတာမှုများ မရှိသဖြင့် အသေအချာပြောရန် ခက်ကြောင်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ယင်းအချက်ကို ထည့်သွင်း စဉ်းစားသင့်ကြောင်း”စသဖြင့် ဖော်ပြသတိပေးထားသည်။

ပြန်ဖြည့်ပေးနိုင်

မြေအောက်ရေလျော့နည်းမှုကို အချက်နှစ်ချက်ကြောင့် ကုစား၍ ရနိုင်သေးသည်။ ပထမအချက်မှာ မြေအောက်ရေထုထည်ပမာဏသည် အလွန်ကြီးမားလှခြင်းကြောင့် လူတို့အသုံးမချရသေးသော ရေကြောများကို ရှာဖွေထုတ်ယူနိုင်သေးသည်။ ဒုတိယနှင့်ပိုအရေးကြီးသော အချက်မှာ ပြန်လည်ဖြည့်တင်း၍ရခြင်း ဖြစ်သည်။

မြေအောက်ရေကိုပြန်လည်ဖြည့်တင်းရန် ရေကြောရှိသည့်နေရာနှင့် သိုလှောင်ပမာဏ၊ ယင်းရေကြောသို့ မြေပေါ်မှရေစီးဆင်းစိမ့်ဝင်နိုင်သည့် လမ်းကြောင်းတို့ကို ဇလဘူမိဗေဒပညာရှင်များက ရှာဖွေ ထုတ်ဖော် ပေးနိုင်သည်။ အချက်အလက်စုံလင်စွာရသည့်အခါ အခြေခံအဆောက်အအုံများ တည်ဆောက်ကာ မိုးရွာချိန်၌ မည်သို့မျှမသုံးမစွဲရဘဲ အလဟဿစီးဆင်းပြီး နောက်ဆုံး ပင်လယ်ထဲရောက်သွားသည့်မိုးရေများကို စိမ့်ဝင်စေခြင်းဖြင့် ပြန်လည်ဖြည့်တင်းနိုင်သည်။

နမူနာအနေဖြင့် အိန္ဒိယနိုင်ငံကျေးလက်အချို့၏ လုပ်ဆောင်ချက်ကို ကြည့်နိုင်သည်။ မိုးကုန်လျှင် ရေမစီးတော့သောချောင်းခြောက်များ၌ မူလချောင်းကြမ်းပြင်ထက် ပို၍နက်အောင်တူးကာ လူလုပ် ရေကန်ငယ်များ ဖန်တီးသည်။ တူး၍ထွက်လာသော မြေစာတို့ကို ချောင်းကမ်းပါးနှစ်ဖက်နှင့် ကန်၏ထိပ်တွင် ဖို့ပြီး ရေလှောင်ဧရိယာအတွင်းသို့ အမှိုက်နှင့် နုန်းများမဝင်အောင် ကာသည်။ မိုးပြတ်သွားသည့်နောက်တွင် မိုးရေများကန်ထဲ၌ ဆက်ရှိနေကာ မြေအောက်သို့ဖြည်းဖြည်းခြင်းစိမ့်ဝင်ပြီး မြေအောက်ရေကြောများကို ဖြည့်ပေးသည်။ ထိုသို့ ဖြည့်ပေးနိုင်သဖြင့် အနီးရှိ ရေတွင်းများသည် ခန်းနေကျချိန်တွင် မခန်းတော့ဘဲ စိုက်ပျိုးရေ၊ သောက်သုံးရေများကို ထုတ်ယူနိုင်သည်။ ယင်းကန်များကို အိန္ဒိယနိုင်ငံတွင် “ဒို”ဟုခေါ်ကြသည်။ “ဒို”များသည် အများအားဖြင့် လေးပေအနက်၊ ပေ ၂၀ အကျယ်၊ အလျားပေ ၁၀၀ ခန့်အထိ ရှိသည်။ ပျမ်းမျှရေကုဗပေ ၁၄၀၀၀ ခန့်အထိ ရေထိန်းထားပြီး မြေအောက်သို့ စိမ့်ဝင်စေနိုင်သည်။

ဒိုများကဲ့သို့ ရေစိမ့်ဝင်စေရန်ရည်ရွယ်ချက်ဖြင့် လုပ်မထားသော်လည်း ကန်ရေများသည် ဘေးပတ်ဝန်းကျင် မြေအောက်ရေကြောများကို သဘာဝအလျောက် ရေဖြည့်ပေးနေကြသည်။ ဥပမာ- အင်းယားကန်ရေသည် ပြည်လမ်းမအနောက်ဘက်ခြမ်းရှိ မြေအောက်ရေကြောထဲသို့ စိမ့်ဝင်ကာ အဝီစိတွင်းအချို့ကို ရေဖြည့်ပေးနေခြင်းမျိုး ဖြစ်သည်။

သစ်ပင်နည်းပါးသော ကတုံးဖြစ်လုလုတောင်ကုန်းများ၊ သစ်ပင်မရှိတော့သော တောင်ကတုံးများတွင် အမြင့်မှ စီးကျလာသောရေများ၏လမ်းကြောင်းကို ကန့်လန့်ခံ၍ ရေပြင်ညီလှေကားထစ်သဖွယ် မြောင်းများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ ဝင်္ကပါသဖွယ်ဖောက်လုပ်ထားလျှင် အမြင့်မှ စီးကျလာသောရေသည် လှေကားထစ်ရေလမ်းဝင်္ကပါအတိုင်း ဘယ်မှညာ၊ ညာမှဘယ် တစ်ထစ်ပြီး တစ်ထစ်ဆင်းလာရင်းဖြင့် ရေစီး တုံ့နှေးသွားသည်သာမက မြေအောက်သို့ စိမ့်ဝင်ချိန်လည်း ပိုရသွားသည်။ ရေစီးနှေးသဖြင့် ကုန်းမြေ တိုက်စားခံရမှု သက်သာလာသည်၊ ရေရှိနေခြင်းကြောင့် ရေပြင်ညီမြောင်းဝန်းကျင်တွင် သစ်ပင်ပန်းပင်များ ပေါက်ရောက်နိုင်သည်။ အနီးဝန်းကျင်ဒေသများတွင် မြစ်ရေ ချောင်းရေ ပို၍ကြည်လင်လာသည်၊ မြေအောက်ရေပြင် တက်လာသဖြင့် စိမ့်ရေ စမ်းရေများ ပိုထွက်လာသည်၊

ရေစိမ့်တွင်း

မိုးရေကို ကန်တစ်ခုထဲ၌သိုလှောင်ထားပြီး ကန်အလယ်တွင် ရေစိမ့်တွင်း တည်ဆောက်ကာ ယင်းတွင်းမှ တစ်ဆင့် မိုးရေများကို မြေအောက်ရေကြောထဲ ဝင်စေသောနည်းဖြင့်လည်း မြေအောက်ရေကြောကို ပြန်ဖြည့်ပေးနိုင်သည်။ ရေစိမ့်တွင်းများသည် ၃ ပေ မှ ၆ ပေအထိ အချင်းရှိပြီး မြေအောက်ရေကြော တည်နေရာကိုလိုက်၍ အများအားဖြင့် ပေ ၂၀ ခန့်နက်ကြသည်။ ပေ ၂၀ ထက် ပိုနက်သော ရေကြောများကို ဖြည့်ပေးသည့် တွင်းများတူးနိုင်သော်လည်း ကုန်ကျစရိတ်သည် အနက်ပေကိုလိုက်၍ များလာသည်။ တွင်းကို ဆန်ကာပိုက် နှစ်ထပ်ဖြင့် တည်ဆောက်သည်။ ဆန်ကာပိုက်များကြားတွင် ကျောက်စရစ်များ ထည့်ထားသည်။ ကန်ထဲရှိရေများ တွင်းထဲသို့တိုက်ရိုက်မဝင်နိုင်အောင် ပိုက်ကိုရေပြင်ပေါ် သုံးပေခန့်ဖော်ထားသည်။

တွင်းရှိရာသို့ စုဝင်လာသောကန်ရေထဲတွင်ပါသည့် အမှိုက်နှင့်အနည်များ မြေအောက်ရေကြောထဲ မရောက်စေရန် ကျောက်စရစ်က စစ်ပေးသည်။ ၃ ပေ အချင်း၊ ပေ ၂၀ အနက်ရှိ ရေစိမ့်တွင်းတစ်ခုသည် တစ်နှစ်မိုးရေချိန်လက်မ ၄၀ ခန့် ရွာသောဒေသ၌ ရေဂါလန်နှစ်သိန်းခန့်အထိ မြေအောက်သို့ စိမ့်ဝင်စေနိုင်သည်။ အမေရိကန်ဒေါ်လာ ၅၀၀၀ မှ ၁၀၀၀၀ ကြား ကုန်ကျသည်။

အချို့နေရာများတွင် အသုံးမပြုတော့သည့် အဝီစိတွင်းများကို ရေစိမ့်တွင်းများအဖြစ် ပြောင်းလဲကာ မြေအောက်ရေဖြည့်တင်းပေးသည်။ မိုးရေများကို ကန်တစ်ခုထဲ၌ စုဆောင်းသိုလှောင်ကာ အဝီစိတွင်းထဲသို့ ရေစုပ်စက်ဖြင့် ပြန်လည်မှုတ်သွင်းသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်တစ်ခုတွင် မိုးရေများကို တစ်ရက်လျှင် ဂါလန် ၅၀၀၀၀ နှုန်းဖြင့် ရက်ပေါင်း ၂၅၀ ကြာမျှ မှုတ်သွင်းခဲ့သည်။ ယင်းတွင်းနှင့် ပေ ၅၀၀ အကွာရှိ အသုံးပြုနေဆဲအဝီစိတွင်းတွင် ရေမျက်နှာပြင်သည် ၃ ပေမျှ မြင့်တက်လာခဲ့ကြောင်း တွေ့ခဲ့ရသည်။

မြေအောက်ရေသိုလှောင်ရာ၌ သတိပြုရမည့်အချက်များမှာ စိမ့်ဝင်မည့်ရေသည် တတ်နိုင်သမျှ အနည်အမှုန် ကင်းရန် လိုသည်။ အမှုန်များပါက ရေကြောပိတ်နိုင်သည်။ ထို့ပြင် စိမ့်ရေသည် အန္တရာယ်ရှိ ဓာတုပစ္စည်း ကင်းစင်ရမည်။ မြေပြင်နှင့်ကပ်နေသော ရေကြောကိုဖြည့်မိပါက ရေဝပ်ခြင်းကြောင့် မြေဆီလွှာ ပျက်စီးတတ်သည်။

ရေစိမ့်ကန်များ၊ ရေစိမ့်တွင်းများဖြင့်သာ မြေအောက်ရေကို ပြန်လည်ပြည့်စေနိုင်သည်မဟုတ်၊ မိမိတို့တွင် ခြံ သို့မဟုတ် မြေပိုအနည်းငယ်မျှရှိလျှင် ယင်းမြေပိုကို တတ်နိုင်သမျှ ကွန်ကရစ် ရေပိတ်လွှာမလောင်းဘဲ သဘာဝအတိုင်းထားရှိခြင်းဖြင့်လည်း မြေအောက်ရေကို ပြည့်နေစေကာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် အကူအညီပေးနိုင်ကြသည်။

အိန္ဒိယနိုင်ငံသည် မိုးရေဖြင့် တစ်နိုင်တစ်ပိုင် မြေအောက်ရေပြန်ဖြည့်ခြင်းကို အထူးအားပေးသောနိုင်ငံ ဖြစ်သည်။

ဆူဘဂျစ်မူကာဂျီ၏ရေစိမ့်ပုံးနှင့်
ရေပိုက်သွယ်တန်းတပ်ဆင်ပုံ

သာဓကတစ်ခုအဖြစ် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့နေ ဆူဘဂျစ်မူကာဂျီ၏ လုပ်ဆောင်ချက်ကို လေ့လာနိုင်သည်။ မွန်ဘိုင်းကျောင်းကျောင်းသူကျောင်းသားများအား ပုံပါ ရေစိမ့်ပုံးများကို လက်တွေ့တပ်ဆင်စေခြင်းဖြင့် မြေအောက်ရေထိန်းသိမ်းတတ်အောင် ကြိုးပမ်းလျက်ရှိသည်။

ပလတ်စတစ်ပုံးတစ်လုံး၏ပတ်လည်နှင့်အောက်ခြေတွင် အပေါက်များဖောက်သည်။ ပုံး၏အချင်းထက် တစ်ပေပတ်လည်ခန့်ပိုကျယ်သောကျင်းတူးကာ ပုံးကိုမြေကြီးထဲထည့်သည်။ ကျင်းအောက်ခြေ၊ ပုံးနှင့် ကျင်းနံရံကြားတို့ထဲသို့ ကျောက်တုံး၊ ကျောက်စရစ်၊ အုတ်ကျိုးတို့ ထည့်သည်။ ကျောက်နှင့်အုတ်တို့သည် မြေသားများ ပုံးထဲသို့ မဝင်အောင် ဆန်ကာသဘောတားဆီးထားသည်။ ထို့နောက် ကျောင်းဆောင်အမိုးမှ ကျလာသော မိုးရေများကို ပိုက်ဖြင့်သွယ်၍ ပုံးထဲထည့်သည်။ မိုးရေသည် ပုံးရှိအပေါက်များ၊ ဘေးပတ်လည်ရှိ ကျောက်များကိုဖြတ်ကာ မြေကြီးထဲစိမ့်ဝင်သွားပြီး မြေအောက်ရေကို ပြန်ဖြည့်ပေးသည်။

ကျောင်းသားတို့သည် သူတို့လုပ်ထားသောရေစိမ့်ပုံးမှတဆင့် မိုးရေများ မြေအောက်စိမ့်ဝင်သွားသည်ကို ကြည့်၍ မြေအောက်ရေဖြည့်ခြင်းသဘောကို ကောင်းစွာနားလည်သွားသည်။ မိုးကုန်သောအခါ သူတို့ ပြန်ဖြည့်ပေးသောရေကြောင့် ကျောင်းအဝီစိတွင်းတွင် ခါတိုင်းထက်ရေပိုမြင့်နေသည်ကိုတွေ့ရသဖြင့် အလွန် ပျော်ရွှင်ကြသည်။

ဆာဘဂျစ်မူကာဂျီနှင့်ကျောင်းသားများ၏လုပ်ဆောင်ချက် ရှုစားရန်

အလွန်ရိုးရှင်းလွယ်ကူကာ ကုန်ကျစရိတ်လည်းနည်းသောနည်း ဖြစ်သည်။ ရွှံ့မြေများမှလွဲ၍ ကျန်နေရာများတွင် ရေအနည်းနှင့်အများ စိမ့်ဝင်နိုင်သည်။

အဆိုပါနည်းအတိုင်း မြန်မာနိုင်ငံကျောင်းများတွင် လုပ်ဆောင်နိုင်လျှင် မြန်မာကလေးငယ်တို့လည်း မြေအောက်ရေ သဘောတရားကို လက်တွေ့နားလည်၊ ကျောင်းဝန်းကျင်မြေအောက်ရေကိုလည်း ဖြည့်ပြီး ဖြစ်သွားလိမ့်မည်။


အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၅ ဖြစ်ပါသည်၊ ကျန်အခန်းများကို အောက်ပါလင့်ခ်များ၌ ဖတ်ရှုနိုင်ကြပါသည်။

အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆိုင်ရာနိုဘယ်ဆုရှင်

အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး

အခန်း-၆ မိုးကျရေချို

အခန်း-၇ အထက်ဆန်သည့်ရေ

အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

အခန်း-၉ စင်ကာပူမှာရွာသည့်မိုး

အခန်း-၁၀ တရုတ်ပြည်မှာရွာသည့်မိုး

အခန်း-၁၁ မြန်မာပြည်မှာရွာသည့်မိုး