မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၇၀ဝ၀ စတုရန်း ကီလိုမီတာ (၂၆၁၂၂၈ စတုရန်းမိုင်)မျှ ရှိပြီး ‘၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း’ အရ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော် နေထိုင်သည်။ ရေသည် သက်ရှိတိုင်းအတွက် လိုအပ်ရာ နိုင်ငံတစ်နိုင်ငံ၌ နေထိုင်သူတိုင်းအတွက် ရေဖူလုံမှု ရှိမရှိကို လေ့လာ ရာတွင် ယင်းနိုင်ငံရှိ ပြန်လည်ပြည့်တင်းနိုင်သောရေ ပမာဏနှင့် ပုံသေသိုလှောင်ထားနိုင်သော ရေပမာဏတို့ကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ရသည်။ ထိုသို့ တွက်ချက်ရာတွင် အချိန်ကာလကို’တစ်နှစ်’ဟု သတ်မှတ်အသုံးပြုကြသည်။
ပြန်လည်ပြည့်တင်းနိုင်သောရေ
”ပြန်လည်ပြည့်တင်းနိုင်သောရေ” (Renewable water resources)ဆိုသည်မှာ အငွေ့ပြန်ခြင်း၊ မြေပေါ်တွင် စီးဆင်းခြင်း၊ မြေအောက်သို့စိမ့်ဝင်ခြင်း၊ မြေပေါ် ပြန်လည်စိမ့်ထွက် စီးဆင်းခြင်း၊ သုံးစွဲခြင်း၊ အငွေ့ပြန်ခြင်း တည်း ဟူသော ရေသံသရာလည်ပတ်ရာ၌ ပါဝင်ရွေ့ လျားနေကာ လူတို့ထုတ်ယူသုံးစွဲနိုင်သည့်ရေများကို ခေါ် သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ – Aquastat ၏ တစ်ကမ္ဘာလုံးကို လွှမ်းခြုံတွက်ချက်သောဥပမာအရ ကမ္ဘာ့ကုန်းမြေ ဧရိယာ အားလုံးပေါ်သို့ တစ်နှစ်အတွင်း မိုးနှင့်ဆီးနှင်းများ အသွင်ဖြင့် ရွာကျသော ရေပမာဏမှာ ၁၁၀ ဝဝဝ ကုဗ ကီလို မီတာခန့်ဖြစ်သည်။ ယင်းရေများ၏ ၅၆ ရာခိုင်နှုန်း (၆၁၆၀ဝ ကုဗကီလိုမီတာ)သည် မြေပြင်မှအငွေ့ပြန်ခြင်း၊ သစ်ပင်သစ်တောမှ ပင်ငွေ့ပြန်ခြင်းတို့ဖြင့် လေထုတွင်း သို့ပြန်ရောက်သည်။ ၅ ရာခိုင်နှုန်း (၅၅၀ဝ ကုဗကီလို မီတာ)သည် မိုးရေသုံးစိုက်ခင်းနှင့် အပင်များမှတဆင့် အငွေ့ပြန်ကာ လေထုတွင်း ပြန်ရောက်သည်။ အထက် ပါရေများသည် ရေကန်၊ မြစ်ချောင်း၊ မြေအောက် ရေကြောများထဲသို့ မည်သည့်အခါမျှ မရောက်ရှိကြသဖြင့် လူတို့ထုတ်ယူသုံးစွဲခြင်း မပြုနိုင်ပေ။ (၁ ကုဗ ကီလိုမီတာ = ဝ ဒသမ ၂၄ ကုဗမိုင် = ၈၁၀၇၀ဝ ဧကပေ)
ကျန် ၃၉ ရာခိုင်နှုန်း(၄၂၉၀ဝ ကုဗကီလိုမီတာ) အနက် အချို့သည် မြေပေါ်၌စီးဆင်းကာ ကန်များ၊ မြစ်ချောင်း များ၊ ရေဝပ်ဒေသများထဲသို့ဝင်ရောက်ပြီး အချို့သည် မြေအောက်ရေကြောများထဲသို့ စိမ့်ဝင်သည်။ ယင်းရေများသည်သာ တစ်နှစ်တာကာလအတွင်း ရေသံသရာလည်ပတ်မှုထဲ၌ ပါဝင်ရွေ့လျားကာ လူတို့ အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်သဖြင့် တစ်ကမ္ဘာလုံး၏တစ်နှစ်တာအတွင်း ”ပြန်လည်ပြည့်တင်းနိုင်သောရေ” ပမာဏသည် ၄၃၀ဝ၀ ကုဗကီလိုမီတာခန့် ဖြစ်သည်။ (၁)
မြန်မာနိုင်ငံ၏ပြန်လည်ပြည့်တင်းနိုင်သောရေ
တစ်နိုင်ငံချင်း စဉ်းစားလျှင် ”ပြည်တွင်း၌ ပြန်လည်ပြည့်တင်းနိုင်သောရေ”(Total internal renewable water resources)နှင့် ”စုစုပေါင်း ပြန်လည်ပြည့်တင်းနိုင်သောရေ”(Total renewable water resources) ဟူ၍ နှစ်မျိုး ကွဲပြားသည်။ နိုင်ငံဧရိယာနယ်နိမိတ်တွင်း၌ တစ်နှစ်အတွင်း ရွာကျသော မိုးနှင့်ဆီးနှင်းများထဲမှ ကန်များ၊ မြစ်ချောင်းများ၊ ရေဝပ်ဒေသများထဲသို့ စီးဆင်း ဝင်ရောက်သော ရေများ၊ မြေအောက်ရေကြောများထဲသို့ စိမ့်ဝင်သောရေများသည် ”ပြည်တွင်း၌ တစ်နှစ်အတွင်း ပြန်လည်ပြည့်တင်းနိုင်သောရေ”ဖြစ်သည်။ အဆိုပါ ‘ပြည်တွင်းဖြစ်ရေ’များတွင် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများမှ စီးဝင်လာသော မြေပေါ်ရေ၊ မြေအောက်ရေ(Total external renewable water resources)တို့ကို ထည့်ပေါင်းလျှင် ”စုစုပေါင်း ပြန်လည်ပြည့်တင်းနိုင်သောရေ”(Total renewable water resources)ကို ရသည်။
Aquastat ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံပေါ် တစ်နှစ်အတွင်းရွာကျသော မိုးနှင့်ဆီးနှင်းများ၏ပမာဏသည် ၁၄၁၅ ကုဗကီလိုမီတာခန့် ရှိသည်။ ယင်းတို့ထဲမှ ၉၉၂ ဒသမ ၁ ကုဗကီလိုမီတာသည် မြေပေါ်ရေအဖြစ် စတင်စီးဆင်းသည်။ မြေပြင်ပေါ်စီးဆင်းသည့်အထဲမှ ၄၅၃ ဒသမ ၇ ကုဗကီလိုမီတာ မြေအောက်သို့ စိမ့်ဝင်ကာ မြေအောက်ရေ ဖြစ်သွားသည်။
ဖော်ပြပါမြေအောက်ရေထဲမှ အများစု(၄၄၃ ကုဗကီလိုမီတာ)သည် နွေကာလ မြစ်ရေချောင်းရေ လျော့နည်း ခန်းခြောက်သောအခါများ၌ မြစ်ချောင်းများအတွင်းသို့ စိမ့်ထွက်ကာ မြေပေါ်ရေအဖြစ် စီးဆင်းကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသည့် ပြန်လည်ပြည့်တင်းနိုင်သော ရေစုစုပေါင်း ပမာဏသည် ၁၀ဝ၂ ဒသမ ၈ ကုဗကီလိုမီတာ ဖြစ်သည်။ (၂)
(ဇယား-၁) ပြည်တွင်း၌ပြန်လည်ပြည့်တင်းနိုင်သောရေ (ကုဗကီလိုမီတာ)
| မြေပေါ်ရေအဖြစ်စီးဆင်း | ၉၉၂ . ၁ |
| (-)မြေအောက်သို့စိမ့်ဝင် | ၄၅၃ . ၇ |
| (+)မြစ်ချောင်းများအတွင်းသို့ပြန်စိမ့်ထွက် | ၄၄၃ . ဝ |
| ပြည်တွင်း၌ပြန်လည်ပြည့်တင်းနိုင်သောရေ | ၁၀ဝ၂ . ၈ |
ကမ္ဘာတွင် လူတစ်ဦးချင်းအတွက် ပြန်လည် ပြည့်တင်းနိုင်သော ရေပမာဏအများဆုံးသည် အိုက်စလန် နိုင်ငံ ဖြစ်ပြီး လူတစ်ဦးလျှင် ၅၀ဝဝဝ၀ ကုဗမီတာ နီးပါး ရသည်။ အရှေ့တောင်အာရှတွင် လူတစ်ဦးချင်း အတွက် ပြန်လည်ပြည့်တင်းနိုင်သော ရေပမာဏ အများဆုံးသည် လာအိုဖြစ်ပြီး တစ်ဦးလျှင် ၂၅၁၈၈ ကုဗမီတာ ရနေသည်။ မြန်မာနိုင်ငံတွင်း၌ ပြန်လည်ပြည့်တင်းနိုင် သော ရေ ၁၀ဝ၃ ကုဗကီလိုမီတာခန့်ကို နိုင်ငံ့လူဦးရေ ၅၁ ဒသမ ၃ သန်းနှင့်တွက်ပါက လူတစ်ဦးလျှင် ၁၉၅၅၀ ကုဗမီတာ ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံပိုင်ဆိုင်သည့် ပြန်လည်ပြည့်တင်းနိုင်သောရေအရင်းအမြစ်သည် အခြား နိုင်ငံများနှင့်ယှဉ်လျှင် များပြားသောပမာဏပင်ဖြစ်သည်။
အထက်ပါ ပြည်တွင်းဖြစ်ပမာဏ ၁၀ဝ၃ ကုဗ ကီလိုမီတာခန့်အပြင် မြန်မာနိုင်ငံထဲသို့ အိန္ဒိယနိုင်ငံထဲမှ ၂၀ ကုဗကီလိုမီတာ၊ သံလွင်မြစ်ရေ ၆၈ ဒသမ ၇ ကုဗကီလိုမီတာ၊ တရုတ်နိုင်ငံ(ယူနန်ပြည်နယ် အနောက် ပိုင်း)မှ ၃၁ ဒသမ ၃ ကုဗကီလိုမီတာ၊ ထိုင်းနိုင်ငံမှ ၈ ဒသမ ၂ ကုဗကီလိုမီတာ စီးဆင်းဝင်ရောက်နေသည်။ ထို့ပြင် နယ်နိမိတ်မျဉ်းတလျှောက်စီးနေသော မြစ်များ၏ ရေစီးတစ်ဝက် ၃၆ ဒသမ ၈ ကုဗကီလိုမီတာသည် မြန်မာနှင့်သက်ဆိုင်သည်ဟုယူဆထည့်တွက်လျှင် မြန်မာ နိုင်ငံထဲသို့ ပြည်ပမှ စီးဝင်သော ရေစုစုပေါင်းသည် ၁၆၅ ကုဗကီလိုမီတာ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်း ပြန်လည် ပြည့်တင်းနိုင်သော ရေအရင်းအမြစ် ပမာဏသည် (၁၀ဝ၃ + ၁၆၅) ၁၁၆၇ ဒသမ ၈ ကုဗကီလိုမီတာခန့် ဖြစ်သည်။
(ဇယား-၂) စုစုပေါင်းပြန်လည်ပြည့်တင်းနိုင်သောရေ(ကုဗကီလိုမီတာ)
| ပြည်တွင်း၌ပြန်လည်ပြည့်တင်းနိုင်သောရေ | ၁၀ဝ၂ . ၈ |
| အိန္ဒိယနိုင်ငံမှစီးဝင် | ၂၀ . ဝ |
| (တရုတ်နိုင်ငံ)သံလွင်မြစ်ရေ | ၆၈ . ၇ |
| တရုတ်နိုင်ငံ(ယူနန်ပြည်နယ်အနောက်ပိုင်း)မှစီးဝင် | ၃၁ . ၃ |
| ထိုင်းနိုင်ငံမှစီးဝင် | ၈ . ၂ |
| နယ်နိမိတ်မျဉ်းပေါ်မြစ်များရေစီး၏တစ်ဝက် | ၃၆ . ၈ |
| စုစုပေါင်းပြန်လည်ပြည့်တင်းနိုင်သောရေ | ၁၁၆၇ . ၈ |
ပြည်ပမှဝင်လာသောရေနှင့် ပြည်တွင်းဖြစ်ရေ တို့၏အချိုးကို ”ပြည်ပရေအပေါ်မှီခိုမှုအချိုး (Dependency ratio %) ဟု ခေါ်သည်။ အထက်ပါဇယားအရ အိန္ဒိယနိုင်ငံမှစီးဝင်သောရေမှစကာ နယ်နိမိတ်မျဉ်းပေါ် မြစ်များရေစီး၏တစ်ဝက်အထိ ကိန်းဂဏန်းငါးခုပေါင်း ၁၆၅ ကုဗကီလိုမီတာသည် ပြည်ပရေများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်ပရေ အပေါ်မှီခိုမှုအချိုးသည် (၁၆၅/ ၁၀ဝ၃) ၁၄ ဒသမ ၁၃ ဖြစ်သည်။ အိမ်နီးချင်းလာအိုနိုင်ငံကို ဖြတ်စီးနေသော မဲခေါင်မြစ်အပါအဝင် အချို့မြစ်များကြောင့် လာအိုနိုင်ငံ၏ ပြည်ပရေအပေါ်မှီခိုမှုအချိုးသည် ၄၂ ဒသမ ၉ ဖြစ်သည်(၃)။ ထို့ကြောင့် နိုင်ငံသားတစ်ဦးချင်းစီအတွက် ပြည်တွင်း၌ ပြန်လည်ပြည့်တင်းနိုင်သောရေပမာဏချင်း ယှဉ်လျှင် လာအိုက မြန်မာထက်များသော်လည်း ပြည်ပမှဝင်လာသောရေအပေါ် မှီခိုမှုအချိုးတွင် မြန်မာက လာအိုထက် သိသာစွာနည်းသည်။ ရေအရင်းအမြစ်များကို စီမံအသုံးချရာတွင် မြန်မာက လာအိုထက် ပို၍ လွတ်လပ်စွာ ဆုံးဖြတ်နိုင်၊ ဆောင်ရွက်လုပ်ကိုင်နိုင်သည်။
မြစ်ရေ
မြန်မာနိုင်ငံ နှစ်စဉ်ရရှိနေသည့် ပြန်လည် ပြည့်တင်းနိုင်သောရေအများစုသည် မြစ်ချောင်းများထဲသို့ စီးဝင်သည်။ မြန်မာနိုင်ငံ၌ မြစ်များ၊ ချောင်းများ၊ ရေလမ်းကြောင်းများ ၈၇၃၇ ခု ရှိသည်(၄)။

မြစ်များအနက် အရေးအပါဆုံးသောမြစ်များ၏ နှစ်စဉ်ပျမ်းမျှရေစီးနှင့် တစ်စက္ကန့်ပျမ်းမျှရေစီးမှာ အောက်ပါအတိုင်း ဖြစ်သည်။
(ဇယား-၃) အရေးအပါဆုံးမြစ်များ၏ပျမ်းမျှရေစီး
| မြစ်အမည် | တစ်နှစ်ပျမ်းမျှရေစီး (ကုဗကီလိုမီတာ) | တစ်စက္ကန့်ပျမ်းမျှ ရေစီး (ကုဗမီတာ) |
| ချင်းတွင်း | ၉၄ | ၂၉၈၁ |
| ဧရာဝတီ(မြစ်ဆုံ) | ၁၁၁ | ၃၅၂၀ |
| ဧရာဝတီ(မန္တလေး) | ၁၇၃ | ၅၄၈၆ |
| ဧရာဝတီ(ချင်းတွင်းမြစ်ဆုံ) | ၃၂၁ | ၁၀၁၇၉ |
| ဧရာဝတီ(ပြည်) | ၃၄၅ | ၁၀၉၄၀ |
| ဧရာဝတီ(မြစ်ဝ) | ၄၃၂ | ၁၃၆၉၉ |
| သံလွင်(မြန်မာအပိုင်း) | ၁၁၁ | ၃၅၂၀ |
| စစ်တောင်း | ၄၈ | ၁၅၅၂ |
| ပဲခူး | ၈ | ၂၅၄ |
| ဘီးလင်း | ၆ | ၁၉၀ |
| လေးမြို့(ရခိုင်) | ၂၅ | ၇၉၃ |
| ကုလားတန်(ရခိုင်) | ၅၄ | ၁၇၁၂ |
| မယု(ရခိုင်) | ၁၁ | ၃၄၉ |
| လေညှာ(တနင်္သာရီ) | ၉ | ၂၈၅ |
| ထားဝယ်(တနင်္သာရီ) | ၅၁ | ၁၆၁၇ |
| တနင်္သာရီ(တနင်္သာရီ) | ၉ | ၂၈၅ |
မြေအောက်ရေ
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တည်ရှိနေသော မြေအောက်ရေအောင်းလွှာများထဲရှိ မြေအောက်ရေအချို့ သည် ရေသံသရာလည်ပတ်မှုအတွင်း၌ ပါဝင်ရွေ့လျားကာ နှစ်စဉ်ပြန်လည်ပြည့်တင်းနေကြပြီး အချို့သည် အနက်ပိုင်းရေအောင်းလွှာများထဲသို့ရောက်ရှိကာ နှစ်ပေါင်းသောင်းသိန်းချီ၍ မရွေ့မလျား ပုံသေတည်နေကြသည်။ အောက်ပါဇယားသည် ဆိုင်ရာမြစ်ဝှမ်းဒေသများ၏ ရေဝေဧရိယာအကျယ်အဝန်းနှင့် ယင်းဒေသများ၌ ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၃ ခုနှစ်ကြား ပြန်လည်ပြည့်တင်းသော ပျမ်းမျှမြေအောက်ရေပမာဏကို ဖော်ပြသည်။
(ဇယား-၄) ပြန်လည်ပြည့်တင်းသောမြေအောက်ရေပမာဏ
| မြစ်အမည် | ရေဝေဧရိယာ (စတုရန်းကီလိုမီတာ) | မြေအောက်ရေပမာဏ (ကုဗကီလိုမီတာ) |
| ချင်းတွင်း | ၁၁၅၃၀ဝ | ၅၈ |
| ဧရာဝတီ(ချင်းတွင်းနှင့်ဆုံရာအထိ) | ၁၉၃၀ဝဝ | ၉၃ |
| ဧရာဝတီ(ချင်းတွင်းနှင့်ဆုံရာအောက်) | ၉၅၆၀ဝ | ၁၅၃ |
| စစ်တောင်း | ၄၈၁၀ဝ | ၂၈ |
| သံလွင် | ၁၅၈၀ဝဝ | ၇၅ |
| ရခိုင်မြစ်များ | ၅၈၀ဝဝ | ၄၂ |
| တနင်္သာရီမြစ်များ | ၄၁၀ဝဝ | ၃၉ |
| မဲခေါင်(မြန်မာနယ်နိမိတ်အတွင်း) | ၂၈၆၀ဝ | ၇ |
| စုစုပေါင်း | ၇၃၇၀ဝဝ | ၄၉၅ |
အခြားလေ့လာချက်တစ်ခု(၅)တွင် ဧရာဝတီ မြစ်ဝှမ်းဒေသတွင်းရှိ မြေအောက်ရေပမာဏသည် ၂၀ဝ၀ ကုဗကီလိုမီတာအထက်ရှိသည်ဟု ဖော်ပြထားရာ ယင်း သည် ဇယား(၄)ပါ ပမာဏ ၃၀၄ (၅၈ + ၉၃ + ၁၅၃) ကုဗကီလိုမီတာအပြင် ပြန်လည်မပြည့်တင်းနိုင်သော အနက်ပိုင်း မြေအောက်ရေများကို ထည့်သွင်းတွက်ချက် ထားသည်ဟု ယူဆသည်။
ကန်ရေ
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ဖွင့်ဆိုချက်အရ ရေ သံသရာလည်ပတ်မှုအတွင်း ပါဝင်ရွေ့လျားနေသည့် ရေများသည် ပြန်လည်ပြည့်တင်းနိုင်သောရေများ ဖြစ်ရာ မြန်မာနိုင်ငံတွင်းရှိ သဘာဝရေကန်အများစုတွင် စီးဝင် တည်ရှိနေသည့် ရေထုထည်အများစုသည် စီးဝင်လာလိုက်၊ အငွေ့ပြန်ခြင်း သုံးစွဲခြင်း စိမ့်ဝင်ခြင်း စီးထွက်ခြင်းတို့ဖြင့် လျော့နည်းလိုက် ပြန်ပြည့်လိုက် ဖြစ်နေကြသောကြောင့် ပြန်လည်ပြည့်တင်းနိုင်သောရေများ ဖြစ်ကြသည်။ ထို့ပြင် ရေသံသရာလည်ပတ်မှုအတွင်း မပါဝင်ဘဲ သဘာဝရေကန်များ၏ အနက်ပိုင်းတွင် ပုံသေတည်ရှိနေသော ရေများလည်း ရှိသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သဘာဝ ရေကန် အင်းလေးတွင် ပျမ်းမျှရေထုထည်သည် ၁ ဒသမ ၁၃၂ ကုဗ ကီလိုမီတာခန့် ရှိသည် (၆) (၇)။ ယင်းကိန်း ဂဏန်းကို ထောက်၍ မြန်မာနိုင်ငံ၏ အကြီးဆုံးသဘာဝ ရေကန် အင်းတော်ကြီးတွင် ၅ ကုဗကီလိုမီတာခန့် ရှိနိုင်ကြောင်း၊ အင်းတော်ကြီးနှင့် အင်းလေးအပါအဝင် မြန်မာနိုင်ငံ သဘာဝရေကန်များအားလုံးရှိ ရေထုထည်သည် ၁၀ ကုဗကီလိုမီတာထက်မပိုကြောင်း ခန့်မှန်းရသည်။
လူလုပ်ရေလှောင်တမံများတွင် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံရေးဦးစီးဌာနမှ ဆောက်လုပ်ထားသော ရေလှောင်တမံ ၂၃၅ ခု၏ ရေပြည့်ထုထည်စုစုပေါင်း သည် ၁၉ ဒသမ ၆ ကုဗကီလိုမီတာခန့် ရှိသည်(၈)။ ယင်းကိန်းဂဏန်းကို ထောက်လျှင် တစ်နိုင်ငံလုံးရှိ ဆည် မြောင်းတမံများ၊ ရေအားလျှပ်စစ်တမံများ၊ သောက်သုံးရေကန်များအားလုံး၏ ရေပြည့်ထုထည်စုစုပေါင်းသည် ၃၀ ကုဗကီလိုမီတာထက်မပိုဟု ဆိုနိုင်သည်။
သဘာဝရေကန်များရှိ ရေထုထည် ၁၀ ကုဗ ကီလိုမီတာနှင့် လူလုပ်ရေလှောင်တမံများတွင် အများဆုံး သိုလှောင်နိုင်သည့် ရေပမာဏ ၃၀ ကုဗကီလိုမီတာ၊ ပေါင်း ၄၀ ကုဗကီလိုမီတာအနက် ၆၅ ရာခိုင်နှုန်းနှင့် ညီမျှသောရေ ၂၆ ကုဗကီလိုမီတာသည် ရေသံသရာ လည်ပတ်မှုအတွင်းပါဝင်ရွေ့လျားနေသည့် ရေများသည် ပြန်လည်ပြည့်တင်းနိုင်သောရေများဖြစ်ပြီး ကျန် ၁၄ ကုဗကီလိုမီတာသည် ကန်အနက်ပိုင်းသို့ ရောက်နေသောကြောင့် ရေသံသရာလည်ပတ်မှုမှ ကင်းလွတ်ပြီး ပုံသေသိုလှောင်ထားသောရေများဟု ယူဆနိုင်သည်။ ယင်းရေများသည် ပုံမှန်အခြေအနေတွင် လူတို့အတွက် မည်သို့ မျှ အသုံးမဝင်ချေ။
ပုံသေသိုလှောင်ရေ
ရာသီဥတုပြောင်းလဲဖောက်ပြန်ကာ မိုးခေါင်သည့်ကာလ နှစ်အတန်ကြာလာသောအခါတွင်မူ ပုံသေသိုလှောင်ရေ(dead storage)များသည် ဒေသခံတို့အတွက် သေရေးရှင်ရေးတမျှ အရေးပါလာသည်။ ပုံမှန်မိုးရေမရတော့သောကြောင့် မြစ်ချောင်းများထဲတွင် တဖြည်းဖြည်း ရေနည်းလာသည်။ ခါတိုင်းနှစ်များက လျော့သွားလိုက်၊ ပြန်ပြည့်လိုက် ဖြစ်နေသော ကန်ရေများသည် ပြန်မပြည့်နိုင်တော့ဘဲ သိသာစွာ လျော့နည်းလာသည်။ တချိန်တည်း၌ ကန်ရေကို ထုတ်ယူသုံးစွဲသည့် ပမာဏက ပုံမှန်ထက် ထူးကဲစွာ မြင့်တက်လာသည်။ မြေအောက်ရေများသည်လည်း မိုးခေါင်မှု ဒဏ်ကြောင့် ကန်ရေများနည်းတူ လျော့နည်းသည်။ လက်တူးတွင်းတိမ်များ ခန်းခြောက်သွားပြီး စက်ရေတွင်း များ၏ ရေမျက်နှာပြင်ကျဆင်းသွားသည်။ ယခင်နှစ်များက မည်သို့ မျှ အသုံးချခြင်းမရှိခဲ့သော ကန်အနက်ပိုင်း ပုံသေသိုလှောင်ရေများကို ထုတ်ယူသုံးစွဲကာ အသက်ဆက်ကြရသည်။ ရေတွင်းများကိုလည်း ပို၍နက်နက်တူးဖော်ကာ မြေအောက်ပုံသေသိုလှောင်ရေများကို သုံးစွဲကြရသည်။
သုံးစွဲသည့်ပမာဏ
မြန်မာနိုင်ငံ၌ ရေသုံးစွဲမှုကို ကဏ္ဍအလိုက် ခွဲခြားကြည့်ပါက ၈၉ ရာခိုင်နှုန်းကို စိုက်ပျိုးရေးလုပ်ငန်းများ၊ ၁၀ ရာခိုင်နှုန်းကို သောက်သုံးရေနှင့် ၁ ရာခိုင်နှုန်းကို စက်မှုလုပ်ငန်းများတွင် အသုံးပြုကြသည်။ နေရာဒေသ အလိုက် ခွဲခြားလေ့လာလျှင် စိုက်ပျိုးရေး လုပ်ငန်း အများဆုံးတည်ရှိရာ ဧရာဝတီမြစ်ဝှမ်းဒေသတွင် အများ ဆုံးသုံးစွဲကြပြီး စိုက်ပျိုးရေးလုပ်ငန်းနည်းပါးသည့်အပြင် လူဦးရေလည်း နည်းပါးသည့် တနင်္သာရီတိုင်းတွင် ရေ အသုံးပြုမှု အနည်းဆုံးဖြစ်ကြောင်း အောက်ပါဇယားအရ သိနိုင်သည်။
(ဇယား-၅) မြစ်ဝှမ်းဒေသအလိုက်ရေသုံးစွဲမှု(ကုဗကီလိုမီတာ)
| မြစ်အမည် | ၁၉၈၀-၁၉၉၃ ပျမ်းမျှ | ၂၀ဝ၅ ခန့်မှန်း |
| ချင်းတွင်း | ၂ . ၁၀၈ | ၂ . ၇၇၄ |
| ဧရာဝတီ(အထက်) | ၈ . ၉၀၅ | ၁၀ . ၆၉၆ |
| ဧရာဝတီ(အောက်) | ၁၃ . ၂၄၁ | ၁၆ . ၃၉၇ |
| စစ်တောင်း | ၂ . ၇၃၉ | ၃ . ၆၀၂ |
| သံလွင် | ၂ . ၆၀ဝ | ၃ . ၄၁၄ |
| ရခိုင်မြစ်များ | ဝ . ၉၅၃ | ၁ . ၂၄၅ |
| တနင်္သာရီမြစ်များ | ဝ . ၄၂၆ | ဝ . ၅၆၁ |
| မဲခေါင် | ဝ . ၁၀၇ | ဝ . ၁၄၁ |
| စုစုပေါင်း | ၃၁ . ဝ၇၉ | ၃၈ . ၈၃၀ |
အသုံးချနိုင်သောရေပမာဏ (၃၈ ဒသမ ၈၃၀ ကုဗကီလိုမီတာ)သည် မြန်မာနိုင်ငံတွင်း၌ ဖြစ်ပေါ်နေ သည့် တစ်နှစ်အတွင်း ပြန်လည်ပြည့်တင်းနိုင်သော ရေစုစုပေါင်းပမာဏ ၁၀ဝ၃ ကုဗကီလိုမီတာခန့်၏ လေးရာခိုင်နှုန်းနီးနီးသာ ရှိကြောင်း သိရသည်။ ထိုသို့ အသုံးချနိုင်မှုနည်းနေရခြင်း အကြောင်းများမှာ ပြန်လည် ပြည့်တင်းနိုင်သောရေများ၏ ဇာစ်မြစ်ဖြစ်သည့် မိုးရွာသွန်းမှုသည် နေရာဒေသအလိုက်ရော၊ အချိန်ကာလအားဖြင့်ပါ မညီမျှခြင်းနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှု အားနည်းခြင်း တို့ကြောင့် ဖြစ်သည်။
မိုးရွာသွန်းမှုမညီမျှခြင်း
မြန်မာနိုင်ငံအတွက် မိုးရေများအဓိက ဆောင်ကြဉ်းပေးနေသည့် မုတ်သုန်မိုးသည် နိုင်ငံ့အောက်ပိုင်းဒေသများသို့ မေလတတိယပတ်တွင် စတင်ဝင်ရောက်လေ့ရှိပြီး စက်တင်ဘာလကုန်ခန့်တွင် နိုင်ငံမှ စတင် ဆုတ်ခွာလေ့ရှိသည်။ မိုးရာသီအတွင်း၌ ဒေသအလိုက် ပျမ်းမျှရရှိတတ်သော မိုးရေချိန်များမှာ ကမ်းရိုးတန်း ဒေသများတွင် ၅၀၈၀ မီလီမီတာ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ၂၅၄၀ မီလီမီတာနှင့်နိုင်ငံအလယ်ပိုင်းတွင် ၆၃၅ မီလီမီတာတို့ ဖြစ်ကြသည်(၁၂)။ မြန်မာနိုင်ငံ မြို့အချို့၌ ၁၉၈၁ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ နှင့်ဇူလိုင်လများအတွင်း ပျမ်းမျှ ရွာသွန်းခဲ့သည့် မိုးရေချိန် (မီလီမီတာ) ဇယားကို ကြည့်လျှင် နေရာဒေသနှင့် အချိန်ကာလများကိုလိုက်၍ မိုးရရှိမှုကွာခြားပုံကိုပို၍ထင်ရှားစွာမြင်နိုင်သည်။
(ဇယား-၆) ၁၉၈၁ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များကြား နှစ်စဉ်ဇန်နဝါရီနှင့်ဇူလိုင်လများအတွင်း ပျမ်းမျှ ရွာသွန်းခဲ့သည့် မိုးရေချိန် (မီလီမီတာ)
| မြို့ | ဇန်နဝါရီ | ဇူလိုင် |
| စစ်တွေ | ဝ . ၉ | ၁၂၈၀ . ၅ |
| ထားဝယ် | ၅ . ၈ | ၁၂၀၁ . ၄ |
| မော်လမြိုင် | ၂ . ၂ | ၁၁၈၃ . ၅ |
| ရန်ကုန်(ကမ္ဘာအေး) | ဝ . ၄ | ၆၀၅ . ၈ |
| ပုသိမ် | ၁ . ၈ | ၆၄၆ . ၉ |
| မြစ်ကြီးနား | ၉ . ၉ | ၅၄၃ . ဝ |
| တောင်ကြီး | ၁ . ဝ | ၁၁၃ . ၁ |
| ကျိုင်းတုံ | ၃ . ၂ | ၁၅၈ . ၁ |
| ဟားခါး | ၁၀ . ဝ | ၃၂၀ . ၈ |
| လွိုင်ကော် | ၅ . ၁ | ၁၄၆ . ၅ |
| ပျဉ်းမနား | ၂ . ၂ | ၂၂၇ . ၇ |
| ပြည် | ၁ . ၅ | ၁၉၈ . ဝ |
| မန္တလေး | ဝ . ၉ | ၇၄ . ၇ |
| မြင်းခြံ | ၁ . ၂ | ၅၇ . ၂ |
| ညောင်ဦး | ၁ . ၁ | ၃၄ . ၇ |
ဇူလိုင်ပျမ်းမျှမိုးရေချိန်အများဆုံး စစ်တွေ၌ ၁၂၈၀ ဒသမ ၅ မီလီမီတာရွာသွန်းပြီး ဇူလိုင်ပျမ်းမျှမိုးရေချိန် အနည်းဆုံး ညောင်ဦး၌ ၃၄ ဒသမ ၇ မီလီမီတာ ရွာသွန်းသဖြင့် ၃၇ ဆမျှ ကွာခြားသည်။ အလားတူ ဇူလိုင်ပျမ်းမျှ မိုးရေချိန်ဒုတိယအများဆုံး ထားဝယ်၌ ၁၂၀၁ ဒသမ ၄ မီလီမီတာရွာသွန်းပြီး ဇူလိုင်ပျမ်းမျှမိုးရေချိန် ဒုတိယအနည်းဆုံး မြင်းခြံ၌ ၅၇ ဒသမ ၂ မီလီမီတာ ရွာသွန်းသဖြင့် ၂၁ ဆမျှ ကွာခြားသည်။ အချိန်ကာလအလိုက် မိုးရမှုကို နှိုင်းယှဉ်လျှင် စစ်တွေ၌ ဇူလိုင်မိုးသည် ဇန်နဝါရီမိုးထက် အဆ ၁၄၀ဝ ကျော်၊ ထားဝယ်၌ ဇူလိုင်မိုးသည် ဇန်နဝါရီမိုးထက် ၂၀၇ ဆ၊ ညောင်ဦး၌ ဇူလိုင်မိုးသည် ဇန်နဝါရီမိုးထက် ၃၂ ဆ၊ မြင်းခြံ၌ ဇူလိုင်မိုးသည် ဇန်နဝါရီမိုးထက် ၄၈ ဆခန့် ပိုမိုများပြားကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် နေရာဒေသအလိုက်ရော၊ အချိန်ကာလအရပါ မိုးရရှိမှု ကွာခြားချက် များခြင်းသည် ဒေသအနှံ့ရေဖူလုံစွာရရှိရေးကို လုပ်ဆောင်ရန် အခက်အခဲရှိခြင်း၏ အကြောင်းများ ဖြစ်ကြသည်။ အဆိုပါ အကြောင်းများသည် ပြုပြင်ပြောင်းလဲ၍ မရနိုင်သည့် သဘာဝတရား၏ ပေးထားချက်များ ဖြစ်ကြသည်။
ယခုအခါ တစ်ကမ္ဘာလုံးပြောင်းလဲလာနေသော ရာသီဥတုကြောင့် သဘာဝတရားသည် ပိုမိုဖောက်ပြန်ကာ မြန်မာနိုင်ငံ၏မိုးရွာသွန်းမှုပုံစံသည် အခြားဒေသများနည်းတူ ပုံမှန်မှ ပို၍သွေဖည်လာနေသည်။ တစ်နှစ် တာ ပျမ်းမျှမိုးရွာသွန်းမှုပမာဏ သိသိသာသာ တိုးလာခြင်း၊ လျော့နည်းသွားခြင်းမျိုးမရှိသော်လည်း အချိန်အခါ မဟုတ် ရွာသွန်းခြင်း၊ မိုးရာသီတွင် အချိန်တိုအတွင်း ပြင်းထန်စွာရွာသွန်းခြင်း အစရှိသည့် မူမမှန်သော မိုးရွာသွန်းမှုပုံစံများကို နှစ်စဉ် ကြုံတွေ့လာနေသည်(၁၃)။ ယင်းဖြစ်စဉ်ကြောင့် ပုံမှန်ရေရရှိရေးကို ထိခိုက်သည့် အပြင် ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေသည်။ ရေလွှမ်းမိုးမှုကြောင့် ရေအရင်းအမြစ်အချို့ ပျက်စီးသည်။
ကိုးကား –
၁။ https://www.fao.org/aquastat/en/overview/methodology/water-use
၂။ FAO AQUASTAT Reports. Country Profile – Myanmar. Version 2011 (https://openknowledge.fao.org/server/api/core/bitstreams/5a392e2e-2714-4957-9f62-f50804c332d2/content)
၃။ FAO AQUASTAT Reports. Country Profile – Lao People’s Democratic Republic. Version 2011 (https://openknowledge.fao.org/server/api/core/bitstreams/69c51998-a870-4b74-886f-6d60c3b4a424/content)
၄။ https://waterwaymap.org/river/region/MM-Myanmar/
၅။ Ayeyarwady SOBA 2017: Synthesis Report, Page 96
၆။ https://wepa-db.net/wp-content/uploads/2025/03/WEPA_Outlook2024_Myanmar.pdf
၇။ https://www.academia.edu/86837537/
၈။ https://www.adaptation-undp.org/sites/default/files/uploaded-images/session_6_-country_case_study-_myanmar.pdf




Leave a comment