တရုတ်ပြည်မှာရွာသည့်မိုး

တရုတ်နိုင်ငံ ဝူဟန်မြို့သည် အကြောင်း သုံးခုကြောင့် ကျော်ကြားခဲ့သည်။ ၁၉၁၁ ခုနှစ်က ဝူဟန်ဒေသတွင် စတင်ခဲ့သောတော်လှန်ရေးကြောင့် တရုတ်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့သဖြင့် ဝူဟန်ကို ခေတ်သစ်တရုတ်နိုင်ငံ မွေးဖွားရာဒေသဟု သတ်မှတ်ကြသည်။ ဒုတိယအကြောင်းမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင် မြို့ကြီး သုံးမြို့စလုံးနှင့်တူညီသောအကွာအဝေးတွင်ရှိ၍ တရုတ်အစိုးရအဆက်ဆက်သည် ဝူဟန်ကို နယူးယောက်၊ လန်ဒန်စသည်တို့ကဲ့သို့ ကမ္ဘာ့မြို့တော်ကြီးတစ်ခုဖြစ်လာအောင် ရည်ရွယ်သည်။ တတိယအချက်မှာ မြို့တွင်းနှင့် မြို့ဝန်းကျင်တွင် သာယာလှပသောရေကန်ပေါင်း ၁၂၇ ကန်မျှ ရှိခဲ့သဖြင့် ကန်တစ်ရာမြို့ဟု ထင်ရှားခဲ့သည်။

၂၀၁၉ မှစ၍မူ ဝူဟန်သည် ကိုဗစ်-၁၉ ဗိုင်းရပ်စတင်ပြန့်ပွားရာအဖြစ် ထင်ရှားလာသည်။

ဝူဟန်သည် ယခုအခါ ကန်တစ်ရာမြို့မဟုတ်တော့ပြီ။ ကန်တစ်ရာကျော်အနက် ကန်တစ်ရာနီးပါး ပျောက်ကွယ်သွားသဖြင့် ကန် ၃၀ သာရှိတော့သည်။ ထိုသို့ ဖြစ်ရသည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်မှ စ၍ ရေကန်များကို မြေဖို့ကာ အဆောက်အအုံများ ဆောက်လိုက်သောကြောင့် ဖြစ်သည်။ တိုးတက် များပြားလာသော မြို့နေလူတို့အတွက်မြေနေရာကို စဉ်းစားရှာဖွေကြသောအခါ ကန်များကို မြေဖို့၍ဖြေရှင်း ခဲ့ကြသည်။ ကန်ရေပြင်များပျောက်ကာ တိုက်တာများ ထိုးထိုးထောင်ထောင်နှင့် ဟိုမှသည်မှ ထွက်လာသည်။ မပျောက်ဘဲကျန်သောရေကန်များတွင်လည်း ကန်စပ်ကို ကျော်ကာ မြေဖို့၍ အဆောက်အအုံ ဆောက်ကြခြင်းကြောင့် ကန်ဧရိယာများ သေးငယ်ကျုံ့ဝင်လာခဲ့သည်။ ကန်များကိုမြေဖို့၍ လုပ်ငန်းမချဲ့ရ ဟူသောအမိန့်ထုတ်ခဲ့သည့်တိုင် အချို့နေရာများတွင် ခိုး၍ မြေဖို့ခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သောသုံးလေးနှစ်အတွင်းကမူ ပျောက်ကွယ်သွားသောကန်ရေပြင်များအစား ဝူဟန်မြို့တွင်းမြို့ပြင်၌ ရေပြင်ကျယ်ကြီးများ ပြန်ပေါ်လာသည်။ ဝူဟန်သည် ကုန်းတွင်းတွင် ရှိသော်လည်း ပင်လယ်မြင်ရသည့် အရသာကို ခံစားလိုသူများ ဝူဟန်သို့သွားကြပါဟုပင် ပြောလာကြသည်။ အချို့က အရှေ့ဗင်းနစ်ဟုလည်း ခေါ်ကြသည်။ ထိုသို့ ရေပြင်များကိုပြန်မြင်လာရခြင်းမှာ ပျောက်ကွယ်သွားသောရေကန်များကို ပြန်တူးဖော်၍ မဟုတ်။ ဝူဟန်ဝန်းကျင်တွင် ပေါ်ပေါက်လာသော ရေဖုံးလွှမ်းမှုများကြောင့် ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးပိုရွာလာသောဝူဟန်တွင် ရေများကိုနိုင်အောင် မထုတ်နိုင်တော့ချေ။ ကန်များ ရှိစဉ်က မိုးရေအတော်များများသည် ကန်များထဲစီးဝင်ကြသဖြင့် ရေမလျှံခဲ့သော်လည်း ကန်များမရှိတော့သော အခါ လမ်းပေါ်အထိသာမက အဆောက်အအုံများထဲသို့ပါ တိုးဝင်ကြသည်။ ဝူဟန်တွင် ရေထုတ်စနစ်ကို ယွမ်ငွေ ၁၃ ဘီလျံကျော်မျှ အကုန်အကျခံတည်ဆောက်ခဲ့သော်လည်း ရေများလွန်း၍ မနိုင်မနင်း ဖြစ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ရက်သတ္တတစ်ပတ်အတွင်း လက်မ ၂၀ ကျော်ရွာသောမိုးကြောင့် ဝူဟန်တစ်မြို့လုံးနီးပါး အသွားအလာရပ်ဆိုင်းသွားသည်။ ဆုံးရှုံးမှုအမေရိကန်ဒေါ်လာသန်း ၂၀ ကျော်မျှရှိသည်ဟု ခန့်မှန်းကြသည်။ အဆင်အခြင်မဲ့ မြို့တိုးချဲ့ခဲ့ခြင်းအတွက် ဝူဟန်မြို့သားတို့သည် တန်ဖိုးကြီးကြီးပေးဆပ်နေကြရသည်။

ရေကြီးရေလျှံမှုကို ရင်ဆိုင်နေရသည်မှာ တရုတ်နိုင်ငံတွင် ဝူဟန်တစ်မြို့တည်းမဟုတ်။

၂၀၀၇ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်ကြား ရေကြီး၍ လမ်းပန်းအဆက်အသွယ်ပြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ထိခိုက်၍ စီးပွားကုန်သွယ်လုပ်ငန်းများ ရပ်တန့်ခြင်းတို့ကို ထည့်တွက်လျှင် တရုတ်နိုင်ငံ၏ဆုံးရှုံးမှုပမာဏသည် အမေရိကန် ဒေါ်လာ ၃၆ ဘီလျံမျှရှိသည်။

ရေကြီးရေလျှံမှု၏ အကြောင်းရင်းများစွာတွင် မြို့ပြများကို စနစ်တကျ မတည်ဆောက်ခဲ့ခြင်းကလည်းတစ်ခု ဖြစ်သည်။ ဝူဟန်တွင်ကဲ့သို့ တရုတ်မြို့ကြီးပြကြီးများကို အလွန်လျင်မြန်လှသောနှုန်းဖြင့်ချဲ့ထွင်ခဲ့ကြသည်။ ရေကန် မြစ်ချောင်း ရေတိမ်ဒေသများကိုမြေဖို့၍ လမ်းများ အဆောက်အအုံများ တည်ဆောက်ခဲ့ကြသည်။ လွန်ခဲ့သော ၃၅ နှစ်အတွင်း မြို့ပြအကျယ်အဝန်းစတုရန်းမိုင် ၁၅၀၀၀ ခန့် တိုးပွားလာသည်။ မြို့ကြီး အရေအတွက် ၂၀၀ နီးပါးခန့်မှ ၆၅၀ ကျော်အထိများပြားလာသည်။ မိုးရေကို စုပ်ယူသိုလှောင် ထိန်းသိမ်း နိုင်သော ရေပြင် မြေပြင်များသည် ကွန်ကရစ်ပြင် ကတ္တရာပြင်များအဖြစ် ပြောင်းသွားသည်။ ရွာကျလာသော မိုးရေများ မြေအောက်စိမ့်မဝင်နိုင်တော့ဘဲ မြေပေါ်ရေစီး များလာသည်။ ရေကြီးရေလျှံမှု ပိုဖြစ်ပွားလာသည်။ မိုးအနည်းငယ်ရွာသည်နှင့် ရေလျှံတော့သည်။

တရုတ်နိုင်ငံ၏ရေနုတ်မြောင်းစနစ်ကို ၁၉၈၁ ခုနှစ်နောက်ပိုင်းတွင် အဆ ၂၀ ခန့်တိုးချဲ့သည့်တိုင် ရေများ နုတ်ယူ၍မနိုင်လောက်အောင်စီးဆင်းလာသည်။ ၂၀၁၃ ခုနှစ် တစ်နှစ်တည်း၌ မြို့ကြီး ၂၃၀ ခန့်တွင် ရေဘေး အန္တရာယ်ကြုံတွေ့ခဲ့ရသည်။ အနာဂတ်တွင် ရေလွှမ်းမိုးမှုဖြစ်လာနိုင်သည့်မြို့ပေါင်း ၆၄၀ ခန့် ရှိနေသည်။

ရေမြှုပ်မြို့တော်

တရုတ်နိုင်ငံရေလွှမ်းမိုးမှုအန္တရာယ်ကို တရုတ်ခေါင်းဆောင်များ အလေးထားကိုင်တွယ်ရသည့် အခြေအနေသို့ ရောက်လာသည်။ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သော တရုတ်ဗဟိုအစိုးရမြို့ပြဖွံ့ဖြိုးရေးကွန်ဖရင့်၌ တရုတ်သမ္မတ စီကျင်းပင်က တရုတ်မြို့ကြီး ၃၆ မြို့၏ရေထုတ်စနစ်ကို ပြုပြင်တိုးချဲ့ရန်လမ်းညွှန်ချက်ပေးရာ မြို့ပြများကို ရေမြှုပ်များသဖွယ် ဖြစ်အောင်လုပ်ဆောင်ကြဖို့ ပြောကြားသွားခဲ့သည်။

တရုတ်နိုင်ငံ မြို့ပြဖွံ့ဖြိုးရေးလမ်းညွှန်ချက်တွင် မြို့ကြီးအချို့ရှိ ပလက်ဖောင်းများ လမ်းများ ကားပါကင်များကို မိုးရေစုပ်ယူနိုင်သည့် ရေမြှုပ်နှင့်အလားတူသောပစ္စည်းများဖြင့် တည်ဆောက်ရန်၊ မိုးရေထိန်းသိမ်းနိုင်သော ဥယျာဉ်များ၊ ရေတိမ်ဒေသများ ထားရှိရန် စသည်တို့ကိုထည့်သွင်းလိုက်သည်။

ပိုမိုစီးကျလာသောမိုးရေကိုနိုင်အောင်ထုတ်ဖို့ ရေမြောင်းစနစ်ကို ထပ်မံချဲ့မည်ဆိုလျှင် ငွေကုန်ကြေးကျ အလွန်များမည်။ ငွေအကုန်ခံနိုင်လျှင်သော်မှ ရှိပြီးရေမြောင်း၊ ရေထုတ်ပိုက်စနစ်ကို ပြန်ဖော်၍ အသစ် ပြန်လဲလျှင် လမ်းများပိတ်ဆို့နှောင့်နှေးကာ စီးပွားရေး လူမှုရေးပြဿနာများကို ကြုံကြရမည်။
ယင်းအခြေအနေကို ပြေလျော့စေရန် ရေမြှုပ်မြို့တော်စီမံချက်ဖြင့် ကြိုးပမ်းခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရသည် မြို့ကြီး ၁၆ မြို့ကို စမ်းသပ်မြို့တော်များအဖြစ် ရွေးချယ်ကာ မြို့တွင်း၌ ရေမြှုပ်မျက်နှာပြင်များတည်ဆောက်သည်။ ၂၀၁၆ ခုနှစ်တွင် ၁၄ မြို့ထပ်တိုးသည်။ ပေကျင်း၊ ချင်ဒူး၊ ရှန်ဟိုင်း၊ ဝူဟန်စသည်မြို့ကြီးများ ပါဝင်သည်။ အမေရိကန်ဒေါ်လာသန်း ၆၀ မှ ၉၀ အထိ ကုန်ကျရန် ရှိသည်။ မိုးရေကို မြေကြီးထဲတတ်နိုင်သမျှစိမ့်ဝင်စေကာ မြေအောက်ရေပြင်ကို မြှင့်တင်ပေးပြီး စိုက်ပျိုးရေး၊ သန့်ရှင်းရေးအတွက်သာမက သောက်သုံးရေအဖြစ်ရောက်အောင်လုပ်ဆောင်ရင်း တစ်ဖက်မှ ရေကြီးရေလျှံ အန္တရာယ်လျော့ပါးလာအောင် ရည်ရွယ်ခြင်း ဖြစ်သည်။

ထိန်းချုပ်နိုင်

ဆောက်လုပ်ပြီးစီးသည့် ရေမြှုပ်မျက်နှာပြင်များပေါ် မိုးရွာလျှင် တင်ကျန်မနေဘဲ မြေအောက်စိမ့်ဝင် သွားသည်။ ပလက်ဖောင်းများ၊ ကားပါကင်များ၏မျက်နှာပြင်သာ ရေကိုချက်ချင်း စုပ်ယူနိုင်စွမ်း ရှိသည်မဟုတ်၊ ကားပါကင်များတွင် ကားတစ်စီးနှင့်တစ်စီးကြား ခြားထားသော နေရာများ၌ အခြားကားပါကင်များတွင်ကဲ့သို့ မျဉ်းနီလိုင်းတားမထားဘဲ သစ်ပင်နိမ့်များ၊ ချုံပုတ်များနှင့် ခြားထားသည်။ မိုးရေများ မျက်နှာပြင်ပေါ် ချက်ချင်းစီးမသွားဘဲ မြေအောက်သု့ိ စိမ့်ဝင်သွားနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ နေရာအတော်များများ၌ တူးမြောင်းများ၊ ရေကန်များ၊ ရေတိမ်နေရာများ ဖန်တီးပေးထားခြင်းဖြင့် ရေစီးရေလာကောင်းအောင် လုပ်ဆောင်ထားသည်။ ရေကြီးရေလျှံမှုကို လျော့ပါးစေသည့်အပြင် မိုးရေများ မြေအောက်စိမ့်ဝင်ခြင်းကြောင့် မြေအောက်ရေပြင်မြင့်တက်လာကာ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ခြင်း အကျိုးကိုလည်း ရသည်။

တရုတ်နိုင်ငံ၏ ရေမြှုပ်မြို့တော်ရှေ့ပြေးစမ်းသပ်ချက်ကို ကနဦးဆန်းစစ် သုံးသပ်ခဲ့ရာ မြို့အတော်များများ၌ ရွာကျလာသော မိုးရေ၏ ၈၅ ရာခိုင်နှုန်းကို ရေကြီးရေလျှံမှုမဖြစ်အောင် ထိန်းချုပ်နိုင်ကြောင်း တွေ့ရသည်။

မြေအောက်သို့ စိမ့်ဝင်သောရေများကြောင့် အပေါ်ယံမြေလွှာ စိုစွတ်နေသဖြင့် မြို့လေထု၏အပူချိန်သည် ဖြစ်မြဲထက် နှစ်ဒီဂရီမှသုံးဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားသည်။ မြို့ ၁၉ မြို့တွင်မူ ရေဝပ်သော ပြဿနာရှိနေရာ ယင်းကိုဖြေရှင်းနိုင်အောင် ကြိုးစားနေသည်။

တရုတ်ရေမြှုပ်မြို့တော်များအကြောင်းသရုပ်ဖော်ဗီဒီယို ရှုစားရန်

တရုတ်ပြည်၏ ရေမြုပ်မြို့တော်များကို ရေမြှုပ်မြို့တော်များအဖြစ်သို့ ပြောင်းလဲရေးကြိုးပမ်းချက်သည် အောင်မြင်ရေးလမ်းစပေါ်သို့ ရောက်နေသည်။

ဥပမာတစ်ခုအဖြစ် နန်နင်းမြို့ကို ကြည့်နိုင်သည်။ ၂၀၁၅ ခုနှစ်တွင် ရေစိမ့်နိုင်သောကတ္တရာလမ်း ၈ . ၁၇ ကီလိုမီတာကို စတင်ခင်းကျင်းခြင်းဖြင့် ရေမြှုပ်မြို့တော်စီမံချက်ကို စတင်ခဲ့သည်။ အမေရိကန်ဒေါ်လာ ၁ . ၆၂ ဘီလျံကုန်ကျသော ယင်းစီမံချက်ကြောင့် မြို့ဧရိယာ၏ ၂၀ ရာခိုင်နှုန်းသည် ရေစိမ့်ဝင်နိုင်သော မျက်နှာပြင်များဖြစ်သွားပြီ။ ရေကြီးရေလျှံဖြစ်သည့် ဧရိယာသည်လည်း သိသာစွာ လျော့ကျသွားသည်။

စမ်းသပ်မြို့တော်များတွင် ၂၀၃၀ ခုနှစ်၌ မြို့ဧရိယာ၏ ၈၀ ရာခိုင်နှုန်းကိုလည်းကောင်း ရေမြှုပ်မျက်နှာပြင်များအဖြစ် ပြောင်းလဲရန် စီစဉ်နေသည်။


အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၁၀ ဖြစ်ပါသည်၊ ကျန်အခန်းများကို အောက်ပါလင့်ခ်များ၌ ဖတ်ရှုနိုင်ကြပါသည်။

အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆိုင်ရာနိုဘယ်ဆုရှင်

အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး

အခန်း-၅ မြေလျှိုးမိုးရေ

အခန်း-၆ မိုးကျရေချို

အခန်း-၇ အထက်ဆန်သည့်ရေ

အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

အခန်း-၉ စင်ကာပူမှာရွာသည့်မိုး

အခန်း-၁၁ မြန်မာပြည်မှာရွာသည့်မိုး