
လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်းကို စနစ်တကျနှင့် စဉ်ဆက်မပြတ် ပြုလုပ်ခဲ့နိုင်သည်မှာ ၁၉၅၈ ခုနှစ်ကတည်းက ဖြစ်သည်။ ၁၉၅၇-၅၈ ခုနှစ်ကို နိုင်ငံတကာ ဘူမိရူပနှစ်အဖြစ် ကြေညာလုပ်ဆောင်ခဲ့ရာ သိပ္ပံပညာရှင် ဒေါက်တာဒေးဗစ်ကီးလင်းက နိုင်ငံတကာဘူမိရူပနှစ်၏ လှုပ်ရှားမှုတစ်ခုအနေဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ တိုင်းတာခြင်းကို ဆောင်ရွက်ရန် အဆိုပြု အကောင်အထည်ဖော်ခဲ့သည်။ ကီးလင်းသည် တိုင်းတာချက်များကို ဦးစွာ တောင်ဝင်ရိုးစွန်းဝန်းကျင်တွင် ပြုလုပ်ခဲ့သော်လည်း ငွေကြေးမလုံလောက်မှုကြောင့် နောက်ပိုင်းတွင် ပစိဖိတ်သမုဒ္ဒရာ ဟာဝိုင်အီကျွန်း မော်နာလိုအာ(Mauna Loa)လေ့လာရေးစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။
မော်နာလိုအာစခန်းကို ကာဘွန်ဒိုင်အောက်ဆိုက်တိုင်းတာရေးစခန်းအဖြစ် ရွေးချယ်ရခြင်းမှာ ယင်းနေရာသည် ပစိဖိတ်သမုဒ္ဒရာအလယ်ကောင်တွင် ရှိပြီး လူ့ပယောဂကြောင့်ထွက်သော အခြားဓာတ်ငွေ့များ အလွန် နည်းပါးသောကြောင့် ဖြစ်သည်။ ယခုအခါ မော်နာလိုအာတွင်သာမက အခြားကမ္ဘာ့နေရာ ၂၀၀ ကျော်တို့တွင်လည်း ကာဘွန်ဒိုင်အောက်ဆိုက်တိုင်းတာရေးစခန်းများ ထားရှိသည်။ သို့သော် မော်နာလိုအာသည် နှစ်ပေါင်း ၅၀ ကျော် စဉ်ဆက်မပြတ်တိုင်းတာနိုင်သည့် တစ်ခုတည်းသောစခန်းအဖြစ် ထင်ရှားသည်။
ယခုအခါ လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ကို ဂြိုဟ်တုများဖြင့်လည်း အာကာသထဲမှ လှမ်း၍တိုင်းတာလျက် ရှိသည်။
ဒေါက်တာကီးလင်းသည် တိုင်းတာရရှိချက်များကို ဂရပ်မျဉ်းဖြင့် ရေးဆွဲထုတ်ပြန်ခဲ့သည်။ ယင်းဂရပ်မျဉ်းများသည် ဒေါက်တာကီးလင်းကို အစွဲပြု၍ ‘ကီးလင်းမျဉ်းကွေး'(Keeling Curve) ဟု ကျော်ကြားသည်။ တိုင်းတာရေးစခန်း တည်နေရာကို စွဲ၍ ‘မော်နာလိုအာမျဉ်းကွေး'(Mauna Loa Curve)ဟုလည်း ခေါ်ကြသည်။ ဒေါက်တာကီးလင်း စတင်တိုင်းတာချိန်တွင် လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏသည် ၃၁၅ ပီပီအမ်အထိ ရောက်နေခဲ့သည်။
တိုင်းတာရရှိသော ကီးလင်းမျဉ်းကွေး (ဝါ) မော်နာလိုအာမျဉ်းကွေး၏ ထူးခြားချက်မှာ တညီတည်း တောက်လျှောက်တက်နေခြင်း မဟုတ်ဘဲ တစ်နှစ်တာအတွင်း နွေအခါတွင် တက်လိုက် ဆောင်းတွင် နည်းနည်း ကျလိုက်၊ နောက်တစ်နှစ် နွေတွင် ပိုတက်လိုက် ဆောင်းတွင် နည်းနည်းကျလိုက် ဖြစ်နေ၍ ဂရပ်မျဉ်းသည် လွှသွားပုံမျိုး ပေါ်နေသည်။
ထိုသို့ ဖြစ်နေခြင်းသည် ကမ္ဘာပေါ်ရှိ သစ်ပင်ပေါက်ရောက်ပုံ မညီမျှမှုနှင့် သက်ဆိုင်သည်။ ကုန်းပေါ်တွင် ပေါက်သော အပင်အများစုသည် ကမ္ဘာ့တောင်ဘက်ခြမ်းနှင့်စာလျှင် မြောက်ဘက်ခြမ်းတွင် ပိုများသည်။ ကမ္ဘာ့မြောက်ခြမ်းတွင် ဆောင်းဦးရာသီရောက်၍ အပင်များ စိမ်းစိုပွင့်လန်းကြသောအခါ ကာဘွန်ဒိုင်အောက်ဆိုက်ကို ပိုမိုစုပ်ယူကြ၍ လေထုတွင်း ယင်းဓာတ်ငွေ့ပမာဏကျဆင်းသည်။ ကမ္ဘာ့မြောက်ခြမ်း နွေဦးရာသီတွင် သစ်ပင်ပန်းမန်များ ညှိုးလျော်၍ ရွက်ကြွေကြသောအခါ ကာဘွန် ဒိုင်အောက်ဆိုက် စုပ်ယူနိုင်မှုကျဆင်း၍ လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ အနည်းငယ် ပြန်တက်သည်။
ထို့ကြောင့် ဂရပ်မျဉ်းသည် လွှသွားပုံဖြစ်နေသည်။
One thought on “လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်း”