ဖန်လုံအိမ်အာနိသင်နှင့်ဖန်လုံအိမ်ဓာတ်ငွေ့

ကမ္ဘာအပါအဝင် ဂြိုဟ်များတွင် နွေ မိုး ဆောင်း ရာသီဥတုများဖြစ်ပေါ်ရန် အခြေခံအားဖြင့် လေထုရှိနေရန် လိုအပ်သည်။ လေထုရှိနေခြင်းကြောင့် ဖြစ်ပေါ်သော ရာသီဥတုအပြောင်းအလဲကို ထိန်းချုပ်နေသော အကြောင်းခြင်းရာများအနက် တစ်ခုမှာ နေရောင်ဖြစ်သည်။

ကမ္ဘာ့လေထုလွှာများကို ရောက်ရှိရိုက်ခတ်သော နေရောင်များအနက် ၃ ပုံ ၁ ပုံသည် အာကာသထဲသို့ ပြန်ထွက်သွားပြီး ကျန် ၃ ပုံ ၂ ပုံသည် လေထုကို ဖြတ်သန်းကာ ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ကျရောက်သည်။ ယင်းသို့ ကျရောက်လာသောနေရောင်ခြည်အချို့ကို မြေထု၊ ရေထု၊ သစ်ပင်များနှင့် အခြားအရာဝတ္ထုတို့က စုပ်ယူသဖြင့် ယင်းတို့သည် နွေးထွေးလာကြသည်။ အပူဓာတ်ကြောင့် ယင်းတို့ထဲရှိ စွမ်းအင်သည် မြင့်မားလာကာ အနီအောက်ရောင်ခြည်အသွင်ဖြင့် လွတ်ထွက်လာသည်။ ထိုသို့ လွတ်ထွက်လာသော အနီအောက်ရောင်ခြည်ကို လူ့မျက်စိဖြင့်မမြင်ရသော်လည်း အပူဓာတ်အနေဖြင့်မူ ခံစားသိရှိကြရသည်။

ကမ္ဘာ့မြေပြင်၊ ရေပြင်စသည်တို့မှ ကောင်းကင်ယံသို့ ပြန်ကန်ထွက်လာသော အနီအောက်ရောင်ခြည် သို့မဟုတ် အပူဓာတ်များကို လေထုတွင်းရှိ ဓာတ်ငွေ့အချို့က စုပ်ယူထိန်းသိမ်းထားခြင်းဖြင့် ကမ္ဘာကို ပူနွေးစေသည်။ အကယ်၍သာ အဆိုပါဓာတ်ငွေ့များမရှိခဲ့လျှင် ကမ္ဘာ၏ပျမ်းမျှအပူချိန်သည် ရေခဲမှတ်အောက်အထိရောက်လျက် ကမ္ဘာသည်လည်း ရေခဲကမ္ဘာ ဖြစ်နေမည်။ လူသားများအပါအဝင် သက်ရှိများသည်လည်း ကမ္ဘာပေါ်တွင် ရှင်သန်နိုင်ကြမည် မဟုတ်ချေ။

ဖန်လုံအိမ်အာနိသင်

ယင်းနွေးထွေးစေခြင်းဖြစ်စဉ်သည် အအေးပိုင်းဒေသစိုက်ခင်းများ၌ ဖန်လုံအိမ်ကိုသုံးကာ သစ်ပင်များကို ရှင်သန်စေခြင်းနှင့်ပမာတူသည်။ ယင်းဒေသတို့တွင် အအေးကဲသောဥတုကြောင့် ဟင်းလင်းဖွင့်စိုက်ပျိုးလျှင် အပင်တို့ မရှင်သန်နိုင်ကြချေ။ ဖန်လုံအိမ်၊ ပလတ်စတစ်အိမ်များဖြင့် စိုက်ခင်းများကို အုပ်မိုးကာ စိုက်ခင်းမှ ထွက်လာသောအပူဓာတ်ကို ပြင်ပမထွက်စေရန် ထိန်းချုပ်ထားလိုက်မှ အပင်တို့ ရှင်သန်နိုင်ကြသည်။ ဖန်လုံအိမ်ကိုသုံး၍ အပူအာနိသင်ရယူခြင်း ဖြစ်၍ ယင်းကို ‘ဖန်လုံအိမ်အာနိသင်’ဟု ခေါ်သည်။

ကားထဲတွင် မှန်အလုံပိတ်၍ ထိုင်နေသောအခါ ပူပြင်းလာခြင်းသည်လည်း ဖန်လုံအိမ်အာနိသင်၏ အခြား ဥပမာ ဖြစ်သည်။ ကားမှန်ကိုဖြတ်၍ ဝင်လာသော နေရောင်သည် ကားထိုင်ခုံစသည်တို့ကို ရိုက်ခတ်၍ အနီအောက်ရောင်ခြည် သို့မဟုတ် အပူဓာတ်အဖြစ် ကန်ထွက်လာရာ အလုံပိတ်ထားသော ကားမှန်က ကာဆီးလှောင်အုပ်ထားသဖြင့် ကားတွင်း၌ ပူနွေးလာခြင်းဖြစ်သည်။

ကမ္ဘာကို ဖန်လုံအိမ်အာနိသင်ဖြင့်နွေးထွေးစေလျက်ရှိသော လေထုတွင်းရှိဓာတ်ငွေ့တို့ကို ဖန်လုံအိမ် ဓာတ်ငွေ့များ ဟုခေါ်သည်။ လေထုတွင်း၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော ဖန်လုံအိမ် ဓာတ်ငွေ့များမှာ ရေငွေ့၊ ကာဘွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုဒ်တို့ ဖြစ်ကြသည်။

ကာဘွန်ဒိုင်အောက်ဆိုက်

ယင်းဓာတ်ငွေ့များထဲတွင် ပမာဏအများဆုံးမှာ ရေငွေ့ ဖြစ်သည်။ သို့သော် ရေငွေ့သည် လေထုတွင်း၌ ရက်အနည်းငယ်မျှသာတည်နေနိုင်သောကြောင့် ရေငွေ့၏ ကမ္ဘာကိုပူနွေးစေမှုသည် မများလှချေ။ ထို့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့အကြောင်းပြောလျှင် ရေငွေ့ကို ထည့်သွင်းပြောဆိုလေ့မရှိပေ။ ရေငွေ့ကဲ့သို့ ပမာဏ မများသော်လည်း လေထုထဲတွင်အများဆုံးပါဝင်၍ ကမ္ဘာကို နွေးထွေးစေလျက်ရှိသည့် ဓာတ်ငွေ့မှာ ကာဘွန်ဒိုင်အောက်ဆိုက် ဖြစ်သည်။

လေထုထဲရှိ ယင်းဓာတ်ငွေ့၏ပမာဏသည် အခြားဖန်လုံအိမ်ဓာတ်ငွေ့များနှင့်စာလျှင် များပြားလှသဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ဟုဆိုလျှင် ကာဘွန်ဒိုင်အောက်ဆိုက်ကို ရည်ညွှန်းသည်ဟု နားလည်ရသည်။

ကမ္ဘာဦးအချိန်က လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏသည် လက်ရှိထက်ဆယ်ဆမှ အဆ ရာထောင်အထိများပြားခဲ့သည်။ ကမ္ဘာ့အပူချိန်သည်လည်း လက်ရှိထက်များစွာမြင့်မားခဲ့သည်။ နောက်ပိုင်းတွင် အလင်းရောင်နှင့်ကာဘွန်ဒိုင်အောက်ဆိုက်ကို သုံး၍ အစာချက်ရှင်သန်ကြသည့် ကမ္ဘာဦးသက်ရှိရုပ်ငယ်များ ပေါ်လာကာ ယင်းတို့က ရှူသွင်းအသုံးချမှုကြောင့် ကာဘွန်ဒိုင်အောက်ဆိုက်များ လေထုတွင်းမှ တဖြည်းဖြည်း လျော့ပါးသွားကာ အလောတော်ပမာဏသို့ ရောက်ရှိခဲ့သည်။

အမျိုးမျိုးသော သဘာဝအကြောင်းများကြောင့် ညီမျှခြေပျက်ကာ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် အလွန်အမင်း နည်းသွားလိုက်၊ ရံခါတွင် မတန်တဆ များလာလိုက်စသည့်အဖြစ်မျိုး ကမ္ဘာမြေ၏ သမိုင်းတစ်လျှောက်တွင် အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပုံမှန်ထက် များလာသောအခါ ကမ္ဘာ့အပူချိန် မြင့်တက်လာသည်။ မြင့်တက်လာသောအပူချိန်ကြောင့် ရေခဲပြင်များ အရည်ပျော်သဖြင့် ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်ခဲ့သည်။ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ ပုံမှန်ထက်လျော့နည်းသောအခါ အအေးလွန်ကဲ၍ ကမ္ဘာ့မျက်နှာပြင်၏ အစိတ်အပိုင်း အတော်များများကို ရေခဲပြင်များက ဖုံးအုပ်သွားပြီး ရေခဲခေတ်များ ဖြစ်ပေါ်ခဲ့သည်။

လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏကို တိုင်းတာရာ၌ ပီပီအမ်(parts per million – ppm)ယူနစ်ကို သုံးသည်။ ပီပီအမ်သည် လေထု ထုထည် အပုံ ၁ သန်းတွင် ပါဝင်သော ကာဘွန်ဒိုင်အောက်ဆိုက်အပုံကို ဖော်ပြသော ယူနစ် ဖြစ်သည်။

လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏဆက်တိုက်မြင့်မားလာပုံ

တိုင်းတာချက်များအရ စက်မှုတော်လှန်ရေးစတင်သည့် ၁၇၆၀ ပြည့်နှစ်အထိ ၂၈၀ ပီပီအမ် ရှိသည်။

၂၀၀၀ ပြည့်နှစ်တွင် ၃၇၀ ပီပီအမ်မျှ ရှိသည်။

၂၀၀၅ ခုနှစ်၌ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် ၃၈၀ ပီပီအမ် အထိ မြင့်တက်လာခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ၄၁၃ ပီပီအမ် ဖြစ်လာသည်။

6 thoughts on “ဖန်လုံအိမ်အာနိသင်နှင့်ဖန်လုံအိမ်ဓာတ်ငွေ့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s