ကမ္ဘာ့မျက်နှာပြင်မှ ၁၅ ကီလိုမီတာနှင့် ကီလိုမီတာ ၅၀ ကြားရှိ စထရာတိုစဖီးယားဟု ခေါ်သောအလွှာ၌ အောက်ဆီဂျင် အက်တမ်သုံးလုံး ပါသည့် အိုဇုန်းတို့သည် သဘာဝအလျောက် ဖွဲ့စည်းပါဝင်နေသည်။ ယင်းအိုဇုန်းတို့သည် အာကာသတွင်းမှ ခရမ်းလွန်ရောင်ခြည်တို့ကို ကမ္ဘာ့မျက်နှာပြင်ပေါ် ရောက်မလာအောင် ပိုက်ကွန်သဖွယ် တားဆီးပေးထားသည်။ ကမ္ဘာ့မျက်နှာပြင်ပေါ်ရောက်သော ခရမ်းလွန်ရောင်ခြည်တို့သည် ပမာဏ များပြားပါက လူတို့၌ နေလောင်ခြင်း၊ အရေပြားကင်ဆာ ဖြစ်စေခြင်း၊ ကိုယ်ခံစွမ်းအား လျော့နည်းစေခြင်း၊ မျက်စိအတွင်းတိမ် ဖြစ်စေခြင်း၊ သီးနှံပင်တို့ကို ပျက်စီးစေခြင်းတို့ ဖြစ်ပေါ်စေသည်။ ထို့ပြင် ခရမ်းလွန်ရောင်ခြည်သည် ပင်လယ်သမုဒ္ဒရာများတွင်းရှိ အပင်နှင့်အကောင်ငယ်များကို သေစေကာ ရေသတ္တဝါကြီးများ၏ အစာကို လျော့ပါးပြုန်းတီးစေခြင်းဖြင့် ရေနေသတ္တဝါတို့ ပေါက်ပွားရှင်သန်မှုကို ထိခိုက်စေသည်။
လေထု အမြင့်ပိုင်းရှိ အိုဇုန်းတို့သည် သက်ရှိလောကကို အကျိုးပြုသော်လည်း မြေပြင်မှ ရှစ်ကီလိုမီတာနှင့် ၁၅ ကီလိုမီတာကြား ထရိုပိုစဖီးယားအလွှာ၌ ဖြစ်ပေါ်တည်ရှိလျှင်မူ လူနှင့်အပင်တို့အတွက် ဆိုးကျိုး ဖန်တီးသည်။ မော်တော်ကားအိပ်ဇောနှင့် စက်ရုံများမှ ထွက်သော ဟိုက်ဒရိုကာဘွန်နှင့် နိုက်ထရိုဂျင်အောက်ဆိုက်တို့ နေရောင်နှင့် တွေ့ထိဓာတ်ပြုသောအခါ အိုဇုန်းဓာတ်ငွေ့ထွက်ပေါ်လာသည်။ လေထုညစ်ညမ်းသော မြို့ကြီးပြကြီးများ၌ တွေ့ရသည့် မီးခိုးမြူများတွင် အိုဇုန်းဓာတ်ငွေ့များ ပါဝင်သည်။ အိုဇုန်းကြောင့် အသက်ရှူလမ်းကြောင်းရောဂါများ ရတတ်သည်။ ယခုအခါ မြင့်တက်လာသော ကမ္ဘာ့အပူချိန်ကြောင့် ထရိုပိုစဖီးယားအလွှာ၌ အိုဇုန်း ပိုမိုဖြစ်ပေါ်လျက် ရှိသည်။
အိုဇုန်းအပေါက်
ထရိုပိုစဖီးယားအလွှာ၌ အိုဇုန်း ပိုမိုဖြစ်ပေါ်နေသော်လည်း စထရာတိုစဖီးယားဟု ခေါ်သောအလွှာ၌မူ အိုဇုန်း လျော့နည်းလာနေသည်။ ရေခဲသေတ္တာ၊ လေအေးစက်စသော အအေးပေးကိရိယာများ၊ ဆေးဖျန်းဘူးများမှ ထွက်လာကာ ကာဘွန်၊ ကလိုရင်းနှင့် ဖလူအိုရင်းတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် စီအက်ဖ်စီ ဓာတ်ငွေ့ (ကလိုရိုဖလူရိုကာဘွန်)သည် စထရာတိုစဖီးယားအိုဇုန်းများကို ဓာတ်ပြုဖျက်ဆီးသဖြင့် အိုဇုန်းများ ပါးလွှာ လျော့နည်းလာနေခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ခရမ်းလွန်ရောင်ခြည်များ မြေပြင်ပေါ်သို့ ပုံမှန်ထက် ပိုကျရောက်လာကာ မျက်စိရောဂါ၊ အရေပြားကင်ဆာတို့ကို ဖြစ်စေသည်။
အိုဇုန်းပါးလွှာနေမှုကို ကမ္ဘာ့တောင်ခြမ်း အန္တာတိတ်ဒေသ၏ ကောင်းကင်ယံတွင် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်က ၁၉၈၅ ခုနှစ်က ဗြိတိသျှ သိပ္ပံပညာရှင် ဂျိုးဇက်ဖာမန်၊ ဘရိုင်ယန်ဂါဒီနာနှင့် ဂျိုနသန် ရှန်ကလင်တို့က စတင် သတိပြုမိခဲ့သည်။ အိုဇုန်းလွှာ ပျက်စီးမှုသည် အေးသော လတ္တီတွဒ်မျဉ်းများ တစ်လျှောက်တွင် ဖြစ်ပေါ်နေသော်လည်း အန္တာတိကတိုက်လေထုသည် အခြားအရပ်ရှိ လေထုနှင့် ဆက်စပ်မှု နည်းသဖြင့် အန္တာတိကလေထုထဲရောက်လာသော စီအက်ဖ်စီတို့သည် ပြင်ပသို့ လွင့်ထွက်သွားရန် မလွယ်ခြင်း၊ အန္တာတိကသည် အလွန်အေးသဖြင့် လေထုတွင်း ရေခဲမှုန်များ၌ စီအက်ဖ်စီတို့ အလွယ်တကူ ကပ်ငြိကာ အိုဇုန်းပျက်စီးမှုကို ပိုမို လျင်မြန်ဆိုးဝါးစေခြင်းတို့ကြောင့် ယင်းအရပ်တွင် အိုဇုန်းပျက်စီးမှုကို အလွယ်တကူ သိရှိနိုင်သည်။
အိုဇုန်းလွှာပျက်စီးမှုသည် ဆောင်းအခါ၌ ပိုမို ဆိုးဝါးသည်။ ဆောင်းအလယ်သို့ ရောက်သောအခါ ယင်းအရပ် စထရာတိုစဖီးယားရှိ အိုဇုန်းတို့သည် ၅၀ ရာနှုန်းမှ ၉၀ ရာနှုန်းအထိ လျော့ပါးသွားသည်ကို ‘အိုဇုန်းအပေါက်’ ဟု တင်စား ခေါ်ဝေါ်ကြသည်။ အိုဇုန်း လုံးဝကုန်ခန်းပြီး တကယ်အပေါက် ဖြစ်သွားခြင်း မဟုတ်ချေ။ တစ်ခါတစ်ရံ၌ ‘အိုဇုန်းအပေါက်’၏ အရွယ်သည် အမေရိကန်ပြည်ထောင်စု ဧရိယာတမျှ ကြီးမားသည်ကို တွေ့ရဖူးသည်။ နွေရောက်၍ တိမ်တိုက်ထဲတွင် ရေခဲများ အငွေ့ပျံသွားသောအခါ အိုဇုန်းဓာတ်ငွေ့များ ပြန်လည်ပေါ်ပေါက်လာ၍ ‘အိုဇုန်းအပေါက်’များလည်း တဖြည်းဖြည်း ကျုံ့ဝင်သွားသည်။

တွေ့ရှိချိန်မှစ၍ ယင်းဖြစ်စဉ်၏ ပြင်းထန်သောဆိုးကျိုးကို သိရှိကြပြီး စီအက်ဖ်စီထုတ်လုပ်မှုကို ကန့်သတ်ရန် ကြိုးပမ်းခဲ့ရာ ယခုအခါ အောင်မြင်မှု ရလာနေသည်။ စီအက်ဖ်စီ လျော့ကျလာ၍ အိုဇုန်းအပေါက်သည်လည်း သေးငယ်စပြုလာနေသည်။ အိုဇုန်းအပေါက်ကို ဖြတ်ဝင်လာကာ မြေပြင်အထိ ကျလာနေသော ခရမ်းလွန်ရောင်ခြည်များကြောင့် ဖြစ်သော အရေပြားကင်ဆာများလည်း လျော့ကျလာသည်။
ထိုသို့ လျော့နည်းခြင်းမှာ ၁၉၈၇ ခုနှစ်က ချုပ်ဆိုခဲ့သော မွန်ထရီယယ်စာချုပ်ကို အဖွဲ့ဝင် နိုင်ငံ ၁၉၇ နိုင်ငံတို့က အတည်ပြုခဲ့ပြီး စီအက်ဖ်စီဓာတ်ငွေ့ ထုတ်လွှတ်မှုကို တက်ညီလက်ညီ လျှော့ချ တားဆီးနိုင်ခဲ့သောကြောင့် ဖြစ်သည်။
အိုဇုန်းအပေါက်သေးငယ်လာနေပုံ သရုပ်ပြ ဗီဒီယို Click Here (ကြာချိန် ၁ မိနစ် ၅၅ စက္ကန့်)
အိုဇုန်းအပေါက်နှင့်ကမ္ဘာကြီးပူနွေးလာမှု
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် အိုဇုန်းအပေါက်ဖြစ်ခြင်း မဟုတ်သကဲ့သို့ အိုဇုန်းအပေါက်ဖြစ်ခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာခြင်းလည်း မဟုတ်ပါ။ သို့သော် ယင်းဖြစ်စဉ်နှစ်ခုအကြား၌ ဆက်စပ်မှုအချို့ ရှိသည်။
စီအက်ဖ်စီဓာတ်ငွေ့သည် အားကောင်းသော ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်သော်လည်း ပမာဏ လွန်စွာ နည်းပါးသည်။ အကြမ်းအားဖြင့် လေထုတွင်းရောက် စီအက်ဖ်စီပမာဏသည် လေထုတွင်းရောက် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ၏ တစ်သန်းပုံတစ်ပုံခန့်သာ ရှိသည်။ စီအက်ဖ်စီကြောင့် ကမ္ဘာ့လေထု အတွင်း၌ ပိုလာသော အပူဓာတ်ပမာဏသည် လူတို့ကြောင့် ထွက်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့် ပိုလာသော အပူဓာတ်ပမာဏ၏ ၁၃ ရာခိုင်နှုန်းမျှသာ ရှိသည်။
စထရာတိုစဖီးယားအိုဇုန်းသည် လေထုအောက်ပိုင်းမှ တက်လာသော အပူတို့ကို စုပ်ယူထိန်းသိမ်းထားနိုင်စွမ်း ရှိသည်။ အိုဇုန်းနည်းသွားခြင်းကြောင့် စထရာတိုစဖီးယား၏ အပူစုပ်အားနည်းကာ အပူများ အာကာသထဲသို့ ပို၍ လွင့်ထွက်သွားသည်။ ယင်းနည်းဖြင့် အပူလွင့်ထွက်သွားခြင်းကြောင့် လေထုအပူချိန် လျော့နည်းသော်လည်း လျော့နည်းသည့်ပမာဏမှာ နှစ်ရာခိုင်နှုန်းမျှသာ ဖြစ်သည်။ မပြောပလောက်ချေ။
ထို့အတူ ကမ္ဘာပူနွေးလာခြင်းသည် အန္တာတိတ်ဒေသ အိုဇုန်းအပေါက်အပေါ် သက်ရောက်မှု အသင့်အတင့်သာ ရှိသည်။




Leave a comment