(စာရေးသူ၏ မိတ်ဆွေအိမ်က စက်ရေတွင်းအခြေအနေကို မိတ်ဆွေ၏ ပြောပြချက်များပေါ် မူတည်ကာ ထပ်မံ ဆွေးနွေးမေးမြန်းပြီး နိုင်ငံတကာပညာရေး အင်တာနက်(အကယ်ဒမီကာ) စာမျက်နှာ၌ ၂၀၂၂ ခုနှစ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြခဲ့ပါသည်။ ဖရန့်တီယားမြန်မာ သတင်းထောက်ကလည်း ယင်းအကြောင်းကို စာရေးသူနှင့် ဆွေးနွေးမေးမြန်းပြီး ဆောင်းပါးရေးသားခဲ့သေးသည်။ ယခု မြန်မာပရိသတ် အတွက် လိုရင်းတိုရှင်း မြန်မာဘာသာဖြင့် ရေးသားတင်ပြပါသည်။)
ရန်ကုန်မြို့တည်နေရာ၊ လူဦးရေ၊ ဧရိယာနှင့် ရာသီဥတု
ရန်ကုန်မြို့သည် မုတ္တမပင်လယ်ကွေ့မှ ငါးမိုင်ခန့်ဝေး၏။ ရန်ကုန်မြစ်နှင့်ပဲခူးမြစ်အကြား၊ မြစ်ဆုံတွင် တည်ရှိ၍ ဒီရေအတက်အကျ ရှိသော လှိုင်မြစ်၊ ပန်းလှိုင်မြစ်တို့သည် အနောက်ဘက်ခြမ်းမှ ရန်ကုန်မြစ်ထဲသို့ စီးဝင်၏။၊ ပုဇွန်တောင်ချောင်း(ငမိုးရိပ်ချောင်း)သည် အရှေ့ဘက်ခြမ်းမှ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဆုံထဲသို့ စီးဝင်သည်။
၂၀၂၁-၂၂ ခုနှစ် ရန်ကုန်လူဦးရေမှာ ၆ သန်းခန့် ရှိ၏။ ဧရိယာအကျယ်အဝန်းမှာ ၁၉၅၃ ခုနှစ်က ၄၇ . ၅၇ စတုရန်းမိုင်မှသည် ယနေ့ ၃၀၆ စတုရန်းမိုင်ခန့်အထိ ကျယ်ပြန့်လာပြီး မြို့နယ်ပေါင်း ၃၄ ခု ပါဝင်သည်။
ရန်ကုန်မြို့၏ ရာသီဥတုသည် ပူအိုက်စွတ်စိုသော မုတ်သုန်ရာသီဥတု ဖြစ်သည်။ အပူဆုံးလမှာ ဧပြီဖြစ်ပြီး မိုးအများဆုံးလမှာ သြဂုတ်လဖြစ်သည်။ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံး အပူချိန် ၂၃ ဒီဂရီစင်တီဂရတ်ခန့် ဖြစ်သည်။ ပျမ်းမျှမိုးရေချိန် တစ်နှစ်လျှင် လက်မ ၁၀ဝ-၁၀၅ ခန့် ရွာသည်။ ရေငွေ့ပြန်နှုန်းမှာ တစ်နှစ် ဧကပေ ဝ . ၃၈ သန်းကျော်ရှိခဲ့၏။ ရာသီဥတု ပြောင်းလဲမှုကြောင့် ယခု ပိုမိုမည်သာ ဖြစ်သည်။
ရန်ကုန်မြေအောက်ရေအောင်းလွှာ
ရန်ကုန်တဝိုက်တွင် ရှိသည့် အောက်ခံကျောက်လွှာများမှာ ယေဘုယျအားဖြင့် နုန်းမြေနှင့် ချိုင့်ဝှမ်း ပို့ချ မြေလွှာ၊ ရွှံ့၊ သဲကျောက်နှင့် ပေါင်းစပ်ဖွဲ့စည်းထားသော ဧရာဝတီဖော်မေးရှင်း(ဖွဲ့စည်းမှု)နှင့် ပဲခူးအုပ်စုတို့ ဖြစ်ပါသည်။ ဧရာဝတီကျောက်လွှာအုပ်စုတွင် သက်တန်း ပိုရင့်သော သဲကျောက်၊ ရွှံ့ကျောက် ရွှံ့လွှာအပျော့နှင့် သဲများကို တွေ့ရသည်။ ပဲခူးအုပ်စုဝင် မာကျောကျစ်လစ်သော ယှေလကျောက်များကို လှော်ကားကန်အနောက်နှင့် အနောက်မြောက်ဘက်များ၌ တွေ့ရသည်။
ချိုင့်ဝှမ်းပို့ချမြေလွှာများကို ရွှေတိဂုံကုန်းတန်းအနောက်ဘက် (တောင်မြောက်တန်းလျက်)၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမှသည် ကြို့ကုန်း၊ တောင်ဘက်တလျှောက် တွေ့နိုင်သည်။ ဇလဘူမိဗေဒ အနေအထားအရ မြေအောက်ရေဆင်းသဏ္ဍာန်သည် ပဲခူးရိုမတောင်စွယ်၊ ရွှေတိဂုံကုန်းတန်းတလျှောက် အနောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက် အရပ်ဒေသများသို့ စီးဆင်းစိမ့်ဝင်သည်။ အနည်ကျ နုန်းမြေများ၊ ချိုင့်ဝန်းပို့ချနုန်းမြေများတွင် ရွှံ့မြေ၊ သဲဆန်မြေ၊ ဂဝံမြေနှင့် ကျောက်စရစ်အရွယ်စုံကို တွေ့ရပြီး ယင်းအလွှာများမှ မြေအောက်ရေ ထုတ်ယူနေကြသည်။
ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင် အနေအထားအရ ပဲခူးရိုးမတောင်ကျောကုန်းတန်းသည် မြောက်မှတောင်သို့ တန်းလျက်၊ မင်္ဂလာဒုံကုန်းတန်းမှသည် ရွှေတိဂုံကုန်းတော်အထိ တန်းနေပြီး တောင်ဘက်သို့ နိမ့်ဆင်းသွားပါသည်။ သိသာထင်ရှားသော ဘူမိဗေဒကျောက်လွှာ အနေအထားများမှာ မင်္ဂလာဒုံ၊ ရွှေတိဂုံ ကုန်းတန်း(လွှာတွန့်ကုန်း)တလျှောက် မြောက်၊ အနောက်မြောက်နှင့် တောင်၊ အရှေ့တောင်တန်းလျက် တည်ရှိသည်။ အဓိက ပြတ်ရွေ့လိုင်း (စစ်ကိုင်းပြတ်ရွေ့)သည် ရွှေတိဂုံကုန်းတန်း၏ အရှေ့ဘက်မိုင် ၄၀ ခန့်အကွာတွင် တောင်မြောက် တန်းလျက် ရှိသည်။ အဆိုပါကုန်းတန်း (လွှာတွန့်ကုန်းတန်း)တလျှောက်၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းတို့သည် မြေပြန့်လွင်ပြင်များ ဖြစ်ကြသည်။

ထိုမြေပြန့်လွင်ပြင်များသည် ဘူမိဗေဒသဘောတရားအရ တိုက်စား ပို့ချထားသော နုန်းမြေများဖြင့် ပြည့်နေသည့် လွှာတွန့်ချိုင့်ဝှမ်းများ ဖြစ်သည်။ မဟာရန်ကုန်နှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ အောက်ခံ မြေသား၊ ကျောက်လွှာများသည် ကွာတန်နာရီနှင့်တာရှာရီဘူမိသက်တန်းကာလ ပို့ချအနည်များ ဖြစ်သည်။
နုန်းမြေနုရေအောင်းလွှာ (alluvial aquifer)၏ ရေစိမ့်တာနှုန်းမှာ ၂၆၃ ဂါလန်/နေ့/ပေ မှ ၅၅၀ ဂါလန်/နေ့/ပေ ဖြစ်ပါသည်။ ချိုင့်ဝှမ်းပို့ချရေအောင်းလွှာ၏ ရေစိမ့်တာနှုန်းမှာ ၇၃၃ ဂါလန်/နေ့/ပေ မှ ၁၆၅၀ ဂါလန်/နေ့/ပေ နှင့် ဧရာဝတီ ရေအောင်းလွှာ၏ ရေစိမ့်တာနှုန်းမှာ ၃၉၃ ဂါလန်/နေ့/ပေ မှ ၄၈၈၄ ဂါလန်/နေ့/ပေ)စသည်ဖြင့် အနိမ့်အမြင့် အနေအထားနှင့် ရေထွက်နှုန်းပေါ် မူတည်သည်။ ၁၉၇၀ ခု လွန်နှစ်များက မိုးရေစိမ့်ဝင်ရာ ရပ်ဝန်းဒေသ၏ မိုးရေစိမ့်ဝင်မူမှာ တစ်နှစ်ပျမ်းမျှ ၁၆ . ၇ လက်မရှိခဲ့သည် (ထွန်းလွင်-၁၉၇၇)။ ယခုထိုနေရာများသည် မြို့သစ်အိမ်ယာအဆောက်အဦများဖြင့် ဖုံးလွှမ်းနေပါသည်။ မြေအောက်ရေစီးဆင်းနှုန်းမှာ ပျမ်းမျှအားဖြင့် တစ်နှစ် ၁၅ . ၂၄ မီတာ (၄၉ . ၉၈ ပေ) ခန့်ဖြစ်ပါသည်။
(ကြော်ငြာ)
ဦးမြင့်သိန်း (မောင်ကျေးရေ)၏ အခြေခံမြေအောက်ရေနည်းပညာစာအုပ်
ရောင်းဈေး ၅၀ဝ၀ ကျပ်ပါရမီစာပေ၊ ၂၃၀၊ ၂၉ လမ်း(အထက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်နှင့်
ကမ္ဘာအေးစေတီတော်မုခ်ဦးစောင်းတန်းတို့တွင် ရနိုင်ပါသည်။အွန်လိုင်းမှ မှာယူလိုလျှင် အောက်ပါလင့်ခ်ကို နှိပ်ပါ။
https://www.myanmaronlinesales.com/MyanmarBooks/BookDetails/54155
ရန်ကုန် ရေပေးဝေရေး
ရန်ကုန်မြို့ရေပေးဝေရေးကို မြို့တော်စည်ပင်က အဓိက ဆောင်ရွက်သည်။ လှော်ကား၊ ချိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ်ကန်များနှင့် စက်ရေတွင်းပေါင်း ၆၄၅ တွင်းမှ တစ်နေ့ ရေဂါလံသန်း ၂၀ဝ ကျော် ပေးဝေနေသည်။ရန်ကုန်မြို့တွင် အင်္ဂလိပ်ကိုလိုနီခေတ်ကစ၍ ယနေ့အထိ မြေအောက်ရေကို စက်ရေတွင်းများတူး၍ ထုတ်ယူ သုံးစွဲခဲ့ကြရာ မြို့နေ ပြည်သူအားလုံး၏ ၆၀-၆၅ ရာခိုင်နှုန်းသည် မြေအောက်ရေကို သောက်သုံးရေအဖြစ် မှီတင်းနေကြရသည်။ စက်ရေတွင်းအရေအတွက်ကို မည်သူမျှ(မည်သည့်ဌာနကမျှ) တွက်ချက်ထားမှု မရှိသဖြင့် တွင်းအရေအတွက်နှင့် ရေထုတ်ပမာဏကို မှန်းဆရုံသာရှိသည်။ စာရေးသူ ခန့်မှန်းသည်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် စက်ရေတွင်းအရေအတွက် နှစ်သိန်းမက များပြားလာသည်။ နေ့စဉ်ထုတ်ယူသော မြေအောက်ရေ ဂါလန်သန်းပေါင်း ၁၈၀-၂၀ဝ မက ရှိနိုင်သည်။

(ကြော်ငြာ)
ဦးမြင့်သိန်း (မောင်ကျေးရေ)၏ အခြေခံစက်ရေတွင်းတူးနည်းပညာစာအုပ်
ရောင်းဈေး ၁၂၅၀ဝ ကျပ်ပါရမီစာပေ၊ ၂၃၀၊ ၂၉ လမ်း(အထက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်နှင့်
ကမ္ဘာအေးစေတီတော်မုခ်ဦးစောင်းတန်းတို့တွင် ရနိုင်ပါသည်။အွန်လိုင်းမှ မှာယူလိုလျှင် အောက်ပါလင့်ခ်ကို နှိပ်ပါ။
https://www.myanmaronlinesales.com/MyanmarBooks/BookDetails/55048
တွင်းအရေအတွက် များလာသည်နှင့်အတူ သဘာဝအရင်းအမြစ်ကို ထိခိုက်စေသော မြေအောက်ရေ သိုလှောင်မှု လျော့ကျလာခြင်း၊ မြေအောက်ရေမျက်နှာပြင်နိမ့်ကျလာခြင်း၊ မိုးလေဝသ မမှန်ကန်သဖြင့် မြေအောက်ရေ ဖြည့်တင်းမှု နည်းလာခြင်းနှင့် ရေတွင်းအနီးပတ်ဝန်းကျင်တွင် မြေပြင်နိမ့်ကျမူများ ဖြစ်လာသည်။ ငလျင်ကြောင့် တွင်းပျက်စီးခြင်းများလည်း ဖြစ်လာနိုင်သည်။
မြေအောက်ရေမျက်နှာပြင်နှင့် စက်ရေတွင်းပတ်ဝန်းကျင် မြေပြင်နိမ့်ကျခြင်း
စက်ရေတွင်း မြေအောက်ရေနေ လေ့လာမူများအရ မြို့နယ်အချို့တွင် ၁၉၉၂-၉၃ မှ ၂၀၂၀ အတွင်း မြေအောက်ရေမျက်နှာပြင်နိမ့်ကျလာမှုကို အထက်ပါ ပုံပြဂရပ်ဖြင့် သုံးသပ်နိုင်သည်။
မြေအောက်ရေမျက်နှာပြင် နိမ့်ကျခြင်းနှင့် စက်ရေတွင်းအနီးပတ်ဝန်းကျင် မြေပြင်နိမ့်ကျခြင်းကို အောက်တွင် လက်တွေ့လေ့လာ သုတေသနပြု ရေးသားထားသည်။ နိမ့်ကျသည့်နေရာမှာ မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ မိတ်ဆွေတစ်ယောက်အိမ်၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်က ဖြစ်ခဲ့သည်။ မရမ်းကုန်းမြို့နယ်တွင် လူဦးရေ ၁၅၀ဝဝဝ ကျော်ရှိပြီး ၈၀ ရာခိုင်နှုန်းသည် စက်ရေတွင်းရေကို မှီခိုနေရသည်။ အဆိုပါ မြေကျွံ တံခါးဘောင် နိမ့်ကျသွားသည့် အိမ်သည် မရမ်းကုန်းမြို့နယ်၊ သမိုင်းရပ်ကွက် လှိုင်မြစ် အရှေ့ဘက်ကမ်းမှ မီတာ ၁၃၀ဝ (ပေ ၄၀ဝ၀ ကျော်)ခန့် အကွာတွင် ရှိသည်။

ယင်းအိမ်၌ လွန်ခဲ့သော ၂၅ နှစ်ကျော်က ၂ လက်မ စက်ရေတွင်း တူးထားပြီး နေ့စဉ် ရေထုတ်ယူ သုံးစွဲလျက် ရှိသည်။ ပေ ၁၀ဝ အနက်ပေရှိ တွင်းတိမ် အမျိုးအစားဖြစ်ပြီး တစ်နာရီ ၄၅၀ဝ ဂါလန် ထွက်သည်။ အနီးပတ်ဝန်းကျင်တွင်လည်း တစ်အိမ် ရေတွင်း တစ်တွင်းနှုန်းခန့် ရှိသည်။ ၂၀ဝ၀ ပြည့်နှစ်ခန့်အထိ ယင်းမြို့နယ်၌ မြေနှင့်အိမ်တံခါးဘောင် နိမ့်ကျသည့် အဖြစ်မျိုး မဖြစ်ခဲ့ဖူးဟု သိရသည်။

တွင်းတူးဖော်စဉ်က မြေအောက်ရေနေသည် ၁၀ ပေခန့်ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်အလယ်လောက်တွင် ပေ ၃၀ ကျသွားသည်ကို တိုင်းတာတွေ့ရှိရသည်။ စက်ရေတွင်းအနီးရှိ ရေချိုးခန်းတံခါးဘောင်သည်လည်း လက်မဝက် နိမ့်ကျသွားသည်ကို ဓာတ်ပုံများက ပြောပြနေသည်။

မြေအောက်ရေနေသည် ၂၀ဝ၀ ပြည့်နှစ်ခန့် ကစပြီး နိမ့်ကျလာသည့်သဘော ဖြစ်သည်။ ရေထွက်နှုန်းသည်လည်း နှစ်စဉ် တဖြည်းဖြည်း ကျလာသည်။

ယခုအခါ စက်ရေတွင်းတူးသူများသည် ယခင်က တူးဖော်ရရှိသည့်အနက် ပေ ၁၀ဝ ဝန်းကျင်ရှိ သဲကြောမှ ရေမထွက်တော့သဖြင့် အနက်ပေ ၃၀ဝ အထိ တူးရသည်ဟု သိရသည်။ ထိုရပ်ကွက်၌ ရေအောင်းလွှာ နှစ်လွှာမှ တပြိုင်တည်း ရေထုတ်နေကြသောကြောင့် မြေအောက်ရေနေ ဆက်တိုက်နိမ့်ကျနေခြင်း ဖြစ်သည်။
ယင်းသို့ ဖြစ်နေသော်လည်း စက်ရေတွင်းအရေအတွက်သည် နှစ်စဉ်တိုးမြဲပင်။ စည်မျဉ်းစည်းကမ်း ဥပဒေကလည်း မရှိသဖြင့် တူးချင်သလောက်တူး၊ သုံးချင်သလောက်သုံး လွတ်လပ်နေသည်။ စာရေးသူသည် မြေမျက်နှာပြင်နိမ့်ကျမူကို ဂူဂဲလ်မြေပုံကို ကိုးကား၍ လေ့လာကြည့်သောအခါ ၂၁ နှစ်အ တွင်း ၂ . ၇၁ ပေ နိမ့်ကျသွားသည်ကို လေ့လာသိရသည်။ မြေမျက်နှာပြင် နိမ့်ကျမူနှုန်းသည် တနှစ်လျှင် ဝ . ၁၃ ပေ (တစ်လက်မခွဲ) ရှိသည်။
နိဂုံး
မဟာရန်ကုန်မြို့ ၃၃ မြို့နယ်တွင် မြို့တော်စည်ပင်အစီအစဉ်ဖြင့် ရာနှုန်းပြည့်ရေပေးဝေမှု မရှိသေးသဖြင့် မြို့နေလူဦးရေ ၆၀ ရာခိုင်နှုန်းကျော်သည် မိမိအစီအစဉ်ဖြင့် စက်ရေတွင်းတူးဖော်၍ သောက်သုံးရေ ရယူနေရသည်မှာ ၁၉၈၈ ခုနှစ်အလွန်မှစ၍ ယနေ့အထိဖြစ်သည်။ ယခုအခါ ရန်ကုန်မြို့တော်အတွင်း အိမ်သုံး ကျောင်းသုံး စက်ရုံအလုပ်ရုံသုံး စက်ရေတွင်းပေါင်း ၃-၄ သိန်းကျော် ရှိနေလောက်ပြီဟု စာရေးသူ ခန့်မှန်းပါသည်။ တွင်းအရေအတွက် တစ်နှစ်ထက်တစ်နှစ် တိုး၍တိုး၍သာ လာနေသည်။
(ကြော်ငြာ)
ဦးမြင့်သိန်း (မောင်ကျေးရေ)၏ စက်ရေတွင်းပိုင်ရှင်များအခြေခံနည်းပညာလမ်းညွှန်စာအုပ်
ရောင်းဈေး ၅၀ဝ၀ ကျပ်ပါရမီစာပေ၊ ၂၃၀၊ ၂၉ လမ်း(အထက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်နှင့်
ကမ္ဘာအေးစေတီတော်မုခ်ဦးစောင်းတန်းတို့တွင် ရနိုင်ပါသည်။အွန်လိုင်းမှ မှာယူလိုလျှင် အောက်ပါလင့်ခ်ကို နှိပ်ပါ။
https://www.myanmaronlinesales.com/MyanmarBooks/BookDetails/56237
ကိုယ့်အားကိုယ်ကိုး ကိုယ့်ရေတွင်းကိုယ်တူးဖြင့် နှစ်ကာလကြာမြင့်လာပါက ရန်ကုန်မြို့ မြေအောက်ရေ အခြေအနေသည် ပိုမိုဆိုးရွားလာဖွယ်ရာသာ ရှိသည်။ ယခုအခါ ရန်ကုန်မြို့တွင်းနှင့် လှိုင်မြစ်တလျှောက် မြို့နယ်များရှိ စက်ရေတွင်းအများအပြားသည် ရေငန်တိုးဝင်သဖြင့် သောက်သုံး၍မရတော့ပေ။ တခြား တဖက်ကကြည့်လျှင် ငလျင်အန္တရာယ်က ရှိသေးသည်။ မြေအောက်ရေဥပဒေသည် ရွှေပြည်တော် မျှော်တိုင်းဝေးနေသည်။ ယခုအဖြစ်အပျက်မျိုး ထပ်မံဖြစ်လာနိုင်စရာများ ရှိနေနိုင်သည်။ ချင့်ချင့်ချိန်ချိန် ညှိညှိနှိုင်းနှိုင်း စုစုဝေးဝေး တိုင်ပင်ဆောင်ရွက်ကြဖို့ အချိန်ရောက်နေပြီ။ တကယ်တော့ လုပ်သင့်ချိန်က ကျော်လွန်၍ပင် နေပါပြီ။