ရေဖူလုံရေးတွင် အရေးပါသည့် ရေသိုလှောင်နိုင်မှု

ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်

နိုင်ငံတစ်နိုင်ငံ၌ ရေဖူလုံလောက်ငမှု ရှိမရှိ သိလိုလျှင် ယင်းနိုင်ငံ၏ ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် (renewable water resources) ပမာဏကို ဦးစွာ ကြည့်ကြသည်။ ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်များတွင် မြစ်များ၏ ပျမ်းမျှနှစ်စဉ် ရေစီး၊ ပြည်တွင်း၌ ရွာကျသော မိုးရေများကြောင့် ပြန်ပြည့်သော မြေအောက်ရေ၊ ပြည်ပနိုင်ငံများမှ စီးဝင်လာသော မြေပေါ် မြေအောက်ရေ၊ နယ်စပ် ရေကန်နှင့် မြစ်များအနက် မိမိနိုင်ငံ ပိုင်နက်အတွင်း ကျရောက်သော အပိုင်းရှိ ရေများ ပါဝင်သည်။ မဆိုစလောက်မျှသာ ပြန်ပြည့်သည့် အနက်ပိုင်း ရေအောင်းလွှာရှိ ရေများကို ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်ဟု မသတ်မှတ်ချေ။

မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ဖြစ်ပေါ်သည့် ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်သည် တစ်နှစ်လျှင် ၁၁၆၈ ကုဗကီလိုမီတာ ရှိပြီး ပြည်ပမှ ဝင်လာသည့် ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်က တစ်နှစ်လျှင် ၁၆၅ ကုဗကီလိုမီတာ ရှိသည်။ ပြည်ပရေအပေါ် မှီခိုရမှု ၁၄ . ၁၃ ရာခိုင်နှုန်း ရှိသော်လည်း ပြည်တွင်း၌ ဖြစ်ပေါ်သည့် ပြန်ပြည့်နိုင်သော ရေများကို တစ်နိုင်ငံလုံး အညီအမျှ ဖြန့်ထားလျှင် ရေအနက် ၁ . ၇၂၆ ပေ ရှိမည်ဖြစ်၍ မြန်မာသည် ရေအရင်းအမြစ် ပေါကြွယ်သည့်နိုင်ငံများ စာရင်းတွင်ပါသည်။

နိုင်ငံသား တစ်ဦးချင်း ပိုင်ဆိုင်သည့် ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်ချင်း နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသား တစ်ဦးလျှင် ၂၀၁၈ ခုနှစ်က ၁၈၆၇၁ ကုဗမီတာ ပိုင်ဆိုင်ပြီး ဘူတန်၌ ၂၀၁၈ ခုနှစ်က ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် တစ်ဦးလျှင် ၁၀၃၃၉၄ ကုဗမီတာ၊ ဩစတေးလျ၌ ၂၀၁၇ ခုနှစ်က ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် တစ်ဦးလျှင် ၂၀၀၁၃ ကုဗမီတာနှုန်း၊ အမေရိကန်တွင် ၉၄၄၁၊ တရုတ်က ၁၉၉၅ အသီးသီးဖြစ်ကြသည်။

တဖြည်းဖြည်း လျော့နည်းလာလျက် ရှိ

လူဦးရေ များလာခြင်း၊ တစ်ဦးချင်း ရေအသုံးများလာခြင်း၊ ရာသီဥတု ပြောင်းလဲလာခြင်းတို့ကြောင့် ကမ္ဘာ့အခြားနိုင်ငံများနည်းတူ မြန်မာ၏ တစ်ဦးချင်း နှစ်အလိုက် ပြန်ပြည့်နိုင်သော ပြည်တွင်း ရေအရင်းအမြစ်သည် တဖြည်းဖြည်း လျော့နည်းလာလျက် ရှိကြောင်း အောက်ပါဇယားအရ သိနိုင်သည်။

နှစ်အလိုက် ပြန်ပြည့်နိုင်သော ပြည်တွင်း ရေအရင်းအမြစ် (တစ်ဦးလျှင်)

ခုနှစ်၁၉၉၂၁၉၉၇၂၀၀၂၂၀၁၂၂၀၁၈
ကုဗမီတာ၂၃၆၅၀၂၂၂၇၁၂၁၀၂၂၁၉၅၀၅၁၈၆၇၁
ကိုးကား – worldbank

ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော အထက်ပါ ကိန်းဂဏန်းများအပြင် ရေအရင်းအမြစ်များကို တိုက်ရိုက် တိုင်းတာနိုင်သည့် ပထမဆုံး ဂြိုဟ်တုများ ဖြစ်ကြသော ဂရေ့စ် ဂြိုဟ်တုများမှ ရသည့် အချက်အလက်များကလည်း ကမ္ဘာ့ မြေပေါ် မြေအောက်ရေ ပမာဏသည် ၂၀၀၂ ခုနှင့် ၂၀၂၁ ခုနှစ် အကြားကာလ၌ တစ်နှစ်လျှင် တစ်စင်တီမီတာနှုန်းဖြင့် လျော့ကျခဲ့ကြောင်း ညွှန်ပြသည်။

မြန်မာ့ရေအခြေအနေကို သီးသန့်လေ့လာချက်အား မတွေ့ရသော်လည်း အိန္ဒိယအရှေ့ပိုင်း ဘင်္ဂလားဒက်ရှ် တရုတ်တောင်ပိုင်းနှင့် မြန်မာ၊ အိန္ဒိယ ဘင်္ဂလားဒက်ရှ် မလေး ကျွန်းဆွယ်နှင့် မြန်မာ စသဖြင့် ဒေသတွင်း စုပေါင်းလေ့လာချက် စာတမ်းလေးစောင်ကို လေ့လာရာ လေးစောင်စလုံးက မြန်မာ့ မြေပေါ် မြေအောက် ရေပမာဏသည် ၂၀၀၂ ခုနှစ်မှစ၍ ယုတ်လျော့လာနေကြောင်း တူညီစွာ ပြဆိုနေသည်။ အခြား လေ့လာချက် တစ်ခုအရ အပူချိန် တစ်ဒီဂရီ စင်တီဂရိတ် တက်တိုင်း ဧရာ၀တီမြစ်ဝှမ်း၏ ရေအရင်းအမြစ် ပြန်လည်ပြည့်တင်းမှု ၃၉ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း တွက်ချက်ရရှိရာ ရာသီဥတု ပြောင်းလဲမှုသည် ဧရာ၀တီမြစ်အပေါ် သက်ရောက် လွှမ်းမိုးနေကြောင်း သိရသည်။

ရေအရင်းအမြစ် လျော့နည်းလာသည့် အခြေအနေတွင်ပင် မြန်မာတစ်ဦးချင်း ပိုင်ဆိုင်သော ရေပမာဏသည် အမေရိကန်၊ တရုတ်စသည်တို့ထက် များပြားနေသေးရာ မြန်မာသည် ရေအတော်ပေါသောနိုင်ငံ ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် ရေပေါသည်ဆိုခြင်းမှာ တစ်နိုင်ငံလုံးပျမ်းမျှ ခြုံငုံကြည့်လျှင်သာ မှန်ကန်ပြီး လက်တွေ့တွင် အချို့နေရာများ၌ နွေရောက်တိုင်း ရေအခက်အခဲ ဖြစ်ပေါ်နေသည်။

ရေအခက်အခဲဖြစ်ရခြင်းအကြောင်းများ

ယင်းသို့ ဖြစ်နေရခြင်းမှာ အဓိကအားဖြင့် အချိန်ကာလအားဖြင့်ရော၊ နေရာအားဖြင့်ပါ မိုးရွာသွန်းမှု မညီမျှခြင်း၊ ရေသိုလှောင်မှု နည်းလွန်းခြင်း၊ ရေအရင်းအမြစ်ရေးရာ ပေါင်းစည်းစီမံမှု (Integrated Water Resources Management) အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။ တစ်နှစ်တွင် သုံးလကျော် လေးလခန့်သာ မိုးရွာပြီး ကျန်လများတွင် ခြောက်သွေ့နေခြင်းသည် အချိန် ကာလအားဖြင့် မညီမျှခြင်းပင် ဖြစ်သည်၊ မိုးရွာသည့်လထက် မိုးပြတ်သောလက များနေသည်။ နေရာအားဖြင့် မိုးမညီမျှခြင်းမှာ ကမ်းရိုးတန်း ဒေသများတွင် မိုးများကာ ကျန်ဒေသများ၌ မိုးနည်းခြင်းကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် မိုးအများဆုံးဒေသ နှင့် အနည်းဆုံးဒေသတို့အကြား မိုးရရှိမှုသည် ဆယ်ဆ နီးပါး ကွာခြားသည်။ အချိန်ကာလအားဖြင့်ရော၊ နေရာအားဖြင့်ပါ မိုးရွာသွန်းမှု မညီမျှခြင်းသည် သဘာ၀က ပေးထားသည့်အတိုင်း ဖြစ်၍ လူတို့က ပြုပြင်ပြောင်းလဲ၍ မရနိုင်ပေ။ ရေအခက်အခဲ ဖြစ်ရခြင်း နောက်အကြောင်း နှစ်ခုဖြစ်သည့် ရေသိုလှောင်မှု နည်းလွန်းခြင်းနှင့် ရေအရင်းအမြစ်ရေးရာ ပေါင်းစည်းစီမံမှု အားနည်းခြင်းတို့ကိုမူ ပြုပြင်နိုင်သည်။ ဤဆောင်းပါး၌ ရေသိုလှောင်မှု အခြေအနေကို ဆွေးနွေးမည် ဖြစ်ပါသည်။

ရေပိုမိုသိုလှောင်ရန်လိုအပ်

ရေဖူလုံလောက်ငရေး၌ ရေသိုလှောင်ခြင်းက မရှိမဖြစ် အရေးပါသည်။ ရေတွန်းစက် ရေစင်မြင့်တို့နှင့် နီးကပ်စွာ တည်ရှိသည့် အိမ်အချို့က လွဲ၍ စက်မသုံးရဘဲ ၂၄ နာရီ စဉ်ဆက်မပြတ် ရေရနေသူ မြန်မာနိုင်ငံ၌ အတော်ရှားလိမ့်မည်။ အပြတ်ခံ၍ မရသောရေကို လိုသည့်အခါ အဆင်သင့် သုံးနိုင်အောင် အများစုက တစ်နည်းနည်းနှင့် စီမံကြရသည်။ ပုံး ခွက်နှင့် ခံထားတာက အစ၊ စည်ပိုင်းနှင့် လှောင်သူက လှောင်၊ တတ်နိုင်သူများက ဂါလန်ထောင်နှင့် ချီသော တိုင်ကီများကို သုံးကြသည်။

အိမ်ထောင်စု တစ်စုချင်းအတွက် ရေသိုလှောင်နိုင်ခြင်းသည် အရေးပါသကဲ့သို့ နိုင်ငံနှင့် ချီ၍လည်း အလေးထား လုပ်ဆောင်ကြရသည်။ မိုးကုန်သည့်အခါ၊ ပိုက်ထဲတွင် ရေမလာတော့သည့်အခါ အိမ်တွင် သောက်သုံးရေ မရတော့သကဲ့သို့ မိုးခေါင်သည့်အခါ၊ မြစ်ထဲတွင် ရေမစီးတော့သည့်အခါနှင့် ရေသိသာစွာ လျော့နည်းသည့်အခါ ရေသိုလှောင်မှု နည်းပါးသော မြို့ရွာများ ရေအခက်တွေ့ကြသည်။

ယင်းအဖြစ်မျိုးကို ရှောင်ရှားရန် ရေအရင်းအမြစ် ပေါကြွယ်၀သောနိုင်ငံများက အနိမ့်ပိုင်း ချိုင့်ခွက်များ ရှိရာတွင် လည်းကောင်း၊ မြစ်ချောင်းများကို ပိတ်၍ လည်းကောင်း ရေလှောင်ကန်များ တည်ထားကြသည်။ ဥပမာ ရေအပေါဆုံးနိုင်ငံထဲတွင် ပါသော ကနေဒါတွင် ရှိသည့် ရေလှောင်ကန်များ၏ စုစုပေါင်း ပမာဏသည် နိုင်ငံ့လူဦးရေနှင့် အချိုးချပါက လူတစ်ဦးလျှင် ကုဗမီတာ ၂၅၀၀၀ ကျော်နှုန်း ရှိသည်အထိ များပြားသည်။ ရေအရင်းအမြစ် ချို့တဲ့ပြီး မြေအနေအထား မျက်နှာသာမပေးသော နိုင်ငံများတွင်မူ ဧရာမ သံကူ ကွန်ကရစ်ကန်ကြီးများကို ဆောက်၍ ရေသိုလှောင်ကြသည်။ ဥပမာ အမြဲစီးမြစ် မရှိသော ကာတာနိုင်ငံ၌ ရေဖူလုံရေးအတွက် ဂါလန် သန်း ၁၀၀ ခန့် သိုလှောင်ထားသော ကမ္ဘာ့အကြီးဆုံး သောက်ရေကန်ကြီး ရှိသည်။

မြစ်ချောင်း ပေါများလှပြီး ရေလှောင်ကန်ဆောက်ရန် ပထဝီအနေအထား အားသာချက်လည်း များပြားသည့် မြန်မာနိုင်ငံတွင်မူ ရေသိုလှောင်မှု များစွာနိမ့်ကျနေသည်။ မြန်မာနိုင်ငံရှိ ရေလှောင်ကန်များထဲ၌ ရေအများဆုံး ၂၁ . ၄၆ ကုဗကီလိုမီတာရှိရာ လူဦးရေနှင့် အချိုးချပါက လူတစ်ဦးလျှင် ကုဗမီတာ ၄၀၀ ခန့်သာ ရှိသည်။ ထိုင်းနိုင်ငံ၏ ရေလှောင်နိုင်မှု ပမာဏ (လူတစ်ဦးလျှင် ကုဗမီတာ ၁၀၀၀ ကျော်)ထက် နည်းသည်။

မြန်မာနိုင်ငံ၏ ရေသုံးစွဲမှုသည် တစ်နှစ်လျှင် ၃၃ . ၂ ကုဗကီလိုမီတာခန့်ရှိသဖြင့် ရေလှောင်နိုင်မှုသည် တစ်နှစ်သုံးစွဲမှု၏ သုံးပုံနှစ်ပုံခန့်သာ ရှိသည်ဟု အဖြေ ထွက်သည်။ ရေလှောင်နိုင်မှုတွင် မြန်မာသည် နိုင်ငံအများအပြားထက် နည်းပါးနေရုံတင်မက တစ်နှစ်သုံးရန်အတွက်ပင် လုံလောက်မှု မရှိပေ။ မိုးခေါင်သည့်နှစ်များ ဆက်လာပါက ရေဒုက္ခ အလွန်ကြီးမားမည်။

အောက်ပါပုံကို ကြည့်လျှင်လည်း မြန်မာသည် ရေလှောင်နိုင်မှု နည်းသောနိုင်ငံများထဲတွင် ပါနေကြောင်း မြင်နိုင်သည်။

အခြားသောနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လည်းကောင်း၊ သုံးစွဲပမာဏကို ထောက်၍ လည်းကောင်း မြန်မာနိုင်ငံတွင် ရေကို တိုးမြှင့်သိုလှောင်အသုံးချရေးကို လုပ်ဆောင်ဖို့ လိုနေကြောင်း ပေါ်လွင်သည်။

သိုလှောင်ပမာဏ မြင့်တက်လာစေရန် မိုးရေကို တိုက်ရိုက်ခံယူသိုလှောင်သုံးစွဲသော အလေ့အကျင့်ကို ယခုထက် ပို၍ ပျိုးထောင်ပေးရမည်။ မိုးရေကို တိုက်ရိုက်ခံယူခြင်းအပြင် ရေပမာဏ အမြောက်အမြားကို သိုလှောင်နိုင်အောင် မြစ်ရေများကို ပိုမိုသိုလှောင်သုံးစွဲရမည်။

ရေလှောင်တမံ

မြစ်ရေကို သုံးစွဲရာတွင် မြစ်ဆိပ်သို့ ဆင်း၍ ရေချိုး ရေခပ်သည်မှ အစ၊ ရေစုပ်စက်ဖြင့် လိုရာပို့ခြင်း အလယ်၊ ရေလှောင်တမံ ဆောက်ကာ မြစ်ရေကို သိုလှောင် အသုံးချခြင်း အထိ ပါဝင်သည်။ ယနေ့ ကမ္ဘာတွင် (၁၅ မီတာထက် မြင့်သော) အကြီးစား ရေလှောင်တမံပေါင်း ၅၈၀၀၀ ခန့်ရှိပြီး ယင်းတို့၏ နောက်တွင် ရေ ကုဗကီလိုမီတာ ၈၀၀၀ ခန့် သိုလှောင်ထားသည်၊ ကမ္ဘာ့မြစ်များ အားလုံးထဲတွင် တစ်နှစ် အတွင်း စီးသည့် ရေပမာဏ၏ ခြောက်ပုံတစ်ပုံခန့်နှင့် ညီမျှသည်။ မြန်မာနိုင်ငံတွင် သိုလှောင်ထားနိုင်သော ရေပမာဏ ၂၁ . ၄၆ ကုဗကီလိုမီတာသည် မြန်မာ့မြစ်အားလုံးထဲတွင် တစ်နှစ်စီးသော ရေပမာဏ၏ ၂ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ကမ္ဘာ့ပျမ်းမျှထက် များစွာ လျော့နည်းနေသည်။ ထို့ကြောင့် နိုင်ငံတွင်း ရေဖူလုံရန် သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုစီးပွား ထိခိုက်မှု နည်းသော မြစ်များတွင် ရေလှောင်တမံများ ဆောက်၍ ရေသိုလှောင်ရမည်။

မြန်မာ့မြစ်အားလုံးလိုလိုသည် မိုးရေကြောင့် စီးနေသောမြစ်များ ဖြစ်သည်။ မိုးရွာသောလက တစ်နှစ်လျှင် ငါးလခွဲ အများဆုံး ဖြစ်ပြီး ကျန်ခြောက်လခွဲက ခြောက်သွေ့သည်။ ထို့ကြောင့် ရေစီး မပြတ်သော မြစ်များတွင်ပင် ရာသီကိုလိုက်၍ ရေစီး မညီမျှချေ။ အများအားဖြင့် တစ်နှစ်လုံးရေစီး၏ ၇၀ ရာခိုင်နှုန်းသည် မိုးတွင်း၌ စီးဆင်းသည်၊ အချို့မြစ်များသည် မိုးတွင်း၌ တစ်နှစ်လုံးရေစီး၏ ၈၀ ရာခိုင်နှုန်းခန့် စီးဆင်းသည်။ ရေလှောင်တမံများဖြင့် ရေမလှောင်နိုင်ပါက မိုးတွင်း စီးသောရေ အများစုသည် မည်သို့မျှ အသုံးမချရဘဲ ပင်လယ်ထဲသို့ အလဟသ စီးဆင်းသွားမည် ဖြစ်သည်။

ရေလှောင်တမံများကြောင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ ဒေသခံများ နေရာပြောင်းရွှေ့ရခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်သကဲ့သို့ ရေအားလျှပ်စစ်၊ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်တို့ကို ပေးစွမ်းနိုင်သော အားသာချက်များလည်း ရှိသည်။ ယနေ့ကမ္ဘာတွင် ရေအားလျှပ်စစ်၊ စိုက်ပျိုးရေ၊ သောက်သုံးရေတို့ကို တိုး၍သာ လိုအပ်နေသဖြင့် ဆိုးကျိုးနှင့် အားသာချက်များကို ချိန်ထိုး ဆန်းစစ်ကာ အကျိုးက ပိုသည်ဟု ယူဆရသော နေရာများတွင် ရေလှောင်တမံများကို တိုး၍သာ ဆက်လက် ဆောက်လုပ်နေကြသည်။ ရေလှောင်တမံ အများအပြား ဆောက်လုပ်နေသည့် ပါကစ္စတန်နိုင်ငံတွင် သဘာ၀ပတ်ဝန်းကျင် ပျက်စီးမည်ကို စိုးရိမ်သူအချို့က ဘာ့ကြောင့် ရေလှောင်တမံတွေ များများ ဆောက်နေရသလဲ ဟု ပါကစ္စတန် ရေအရင်းအမြစ်ရေးရာ ဝန်ကြီးကို မေးသည်။ ဝန်ကြီး Moonis Elahi က “ပါကစ္စတန်ရဲ့ ရေအခြေအနေ တိုးတက် ကောင်းမွန်လာအောင် လုပ်ဖို့ အဲဒီနည်းပဲ ရှိလို့ ” ဟု ဖြေသည်။

ရေလှောင်တမံ ဆောက်သင့်သည်ဟု တင်ပြချက်ကို ရေလှောင်တမံ ဆန့်ကျင်ရေးသမား၊ မြစ်များကို လွတ်လပ်စွာ စီးခွင့်ပေးလိုသူများက ကြိုက်ကြမည် မဟုတ်ပါ။ ထိုထိုသောသူများအားလုံးကို အောက်ပါစာပုဒ်ကို ဖတ်ကြည့်ကြစေလိုသည်။ ပညာရှင်ကိုးဦးက ရေးသားကာ ၂၀၂၂ ဧပြီလ ၁၂ ရက်နေ့တွင် ထုတ်ဝေခဲ့သော ဆောင်းပါး Water security determines social attitudes about dams and reservoirs in South Europe မှ ကောက်နုတ် ပြန်ဆိုထားသော စာဖြစ်ပါသည်။

“မြစ်များ၏ အကျယ်အဝန်းသည် ကမ္ဘာမြေပြင်ဧရိယာ၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သော်လည်း လူတို့၏ ရှင်သန်မှုနှင့် စီးပွားရေးအတွက် အရေးပါသည်။ လူ့ယဉ်ကျေးမှုကြီးများ ထွန်းကားရာတွင် မြစ်များ၏ ကဏ္ဍလည်း ပါဝင်သည်။ သို့သော် မြစ်များသည် နိုင်ငံရေးနှင့် အင်ဂျင်နီယာရေးရာ စိန်ခေါ်မှု၏ စီမံမှုအောက်သို့ မကြာခဏ ရောက်လေ့ရှိသည်။

စွမ်းအင်နှင့် ရေရရှိရန် အကြီးစားရေလှောင်တမံများ ဆောက်လုပ်ခဲ့ကြရာတွင် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှု ကြီးမားသည်။ မြစ်ရေတွင်ပါသည့် အနည်နှင့် အာဟာရဓာတ်တို့၏ စီးဆင်းမှုကို ဟန့်တားသည်။ ရေလှောင်တမံများကြောင့် မြစ်များ၏ ရုပ်ပိုင်းနှင့် ဓာတု အရည်အသွေးကို ထိခိုက်သည်၊ သဘာ၀အတိုင်း စီးဆင်းမှုကို ပြောင်းလဲစေသည်၊ အနည်ပို့ချမှုနှင့် ရေ၏ အပူချိန်အပေါ် သက်ရောက်သည်။ ရေလှောင်တမံများသည် ဇလဗေဒဆိုင်ရာ ပြောင်းလဲခြင်းအပြင် မြစ်ရေစီးဆင်းမှု၊ ငါးများက အဓိက ဖြစ်သော ရေသတ္တဝါတို့၏ သွားလာမှု ပေါက်ပွားမှုတို့အပေါ် ပြန်ပြင်၍ မရနိုင်တော့သော သက်ရောက်မှုများ ရှိသည်။ ဒေသပြင်ပမှ ရေသတ္တဝါမျိုးစိတ်များ ဝင်ရောက်လွှမ်းမိုးတတ်သည်။

သို့သော် စွမ်းအင်နှင့် ရေရရှိမှု၊ အပန်းဖြေနိုင်သော ရေပြင်များ ပေါ်ပေါက်လာမှုတို့ကို အထက်ပါ ဆိုးကျိုးများက အဟန့်အတား မဖြစ်သင့်ပါ။ ရေလှောင်တမံများကြောင့် ဖြစ်ထွန်းလာသော စွမ်းအင်၊ ရေတို့သာ မရရှိခဲ့လျှင် လက်ရှိလူနေမှုစနစ်မျိုး ပေါ်လာစရာ အကြောင်း မရှိပါ။ ရေလှောင်တမံ ကဲ့သို့သော ရေဘက် ဆိုင်ရာ အခြေခံ အဆောက်အအုံများသည် ရေဖူလုံမှုအတွက် အာမခံချက်ရှိသဖြင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှု ရည်မှန်းချက် အောင်မြင်ရန် ယင်းတို့ကို လိုအပ်ပါသည်။”

အထက်ပါ ပညာရှင်များကပင် ဥရောပတောင်ပိုင်း ဒေသခံအချို့၏ ရေလှောင်တမံအပေါ် သဘောထား အမြင်များကို စစ်တမ်းကောက်ယူခဲ့သည်။ ရရှိသောအဖြေ အနှစ်ချုပ်မှာ “မိုးကောင်း၍ ရေဖူလုံသော ဒေသခံများက ရေလှောင်တမံတည်ဆောက်ရေးကို ဆန့်ကျင်ကြပြီး ရေရှားသော ဒေသခံများက ရေလှောင်တမံကို လိုလားကြသည်”ဟု ဖြစ်သည်။ သဘာ၀ကျသော အဖြေမျိုး၊ ကမ္ဘာ့ဘယ်နေရာ သွားမေးမေး (ပြင်ပ ပယောဂသာ မပါလျှင်) ထပ်တူရရှိမည့် အဖြေမျိုး ဖြစ်သည်။

ရေလှောင်တမံ ဆန့်ကျင်သူများသည် နိုင်ငံတိုင်းလိုလိုတွင် ရှိကြသည်၊ မြန်မာတွင်လည်း ရှိသည်။ ရေလှောင်တမံနှင့် ပတ်သက်ပြီး ရိုးသားစွာ အထင်အမြင် လွဲနေသူများ ရှိသကဲ့သို့ ရေလှောင်တမံ ဆန့်ကျင်သူ ပေါများလာစေရန် ရေလှောင်တမံ၏ အကျိုးကို ထိန်ချန်ကာ အားနည်းချက်များကိုသာ ထောက်ပြ စည်းရုံးမှုကို နားယောင်ကာ ဆန့်ကျင်နေသူများလည်း ရှိသည်။ ယင်းတို့တွင် ပြည်တွင်း၌ ရုံးခွဲဖွင့်ကာ လာရောက် လှုပ်ရှားနေသော ပြည်ပ ပယောဂများလည်း ပါသည်။

နိုင်ငံတွင်း ရေဖူလုံရန် ရေလှောင်တမံများကြောင့် သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုစီးပွား ထိခိုက်မှု အနည်းဆုံး နေရာများကို အစဉ်လိုက် ဦးစားပေး ရွေးချယ်တည်ဆောက်၍ ရေလှောင်ပမာဏကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ဤဆောင်းပါးတွင် အချက်အလက် အထောက်အထား ကိန်းဂဏန်း အပြည့်အစုံဖြင့် တင်ပြထားပါသည်။ အကယ်၍ မြစ်များ လွတ်လပ်စွာ စီးနေအောင် ရေလှောင်တမံ မဆောက်ရ ဆိုပါက အခြားမည်သည့်နည်းဖြင့် ရေလောက်ငဖူလုံစေနိုင်ကြောင်း ကြောင်းကျိုးဆီလျော်စွာဖြင့် အကြံပြုကြပါရန် ဖိတ်ခေါ်ပါသည်။

Keywords: ရေအရင်းအမြစ်၊ ရေသိုလှောင်ခြင်း၊ ရေလှောင်တမံ

ကိုးကား –

https://www.statista.com/statistics/269361/worldwide-renewable-water-resources/

မြန်မာ့ရေအရင်းအမြစ်များ(kyawoo.com)

2 thoughts on “ရေဖူလုံရေးတွင် အရေးပါသည့် ရေသိုလှောင်နိုင်မှု

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s