စက်ရေတွင်း ရေအထွက် နည်းလာလျှင် (ဦးမြင့်သိန်း – မောင်ကျေးရေ)

စက်ရေတွင်း ရေထွက်နှုန်း ကျဆင်းလာရသည့် အကြောင်းရင်းများအနက် တစ်ခုမှာ တွင်းတူးဖော်စဉ်က ရေတွင်း ဖွံ့ဖြိုးတိုးတက်အောင် (well developing) စနစ်တကျ မဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည်၊ အချို့သည် အဆိုပါ လုပ်ငန်းစဉ်ကို အချိန်ပေး လုပ်ဆောင်ခြင်း မရှိဘဲ အလျင်စလို လုပ်ငန်း အပြီးသတ်လိုက်ခြင်းကြောင့် ရေထွက်သင့်သလောက် မထွက်ရုံမျှမက အချိန်မတိုင်မီ တွင်းရေ အထွက်ကျဆင်းလာခြင်းနှင့် ကြုံကြရသည်။

ရေတွင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း ဆိုသည်မှာ တွင်းတူးခြင်း၊ တွင်းချဲ့ ပိုက်ချခြင်း လုပ်ငန်းများ ပြီးပါက ပိုက်သားနှင့် ရေဝင်ဆန်ခါပိုက်တို့၌ ရွှံ့ အနည်အနှစ်နှင့် သဲများ ကင်းစင်၍ ရေထွက်ကောင်းအောင် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။ ယင်းသို့ လုပ်ကိုင်မှ စက်ရေတွင်း၏ အဓိကနေရာ ဖြစ်သော ရေဝင် ဆန်ခါပိုက်၏ ရေဝင်ပေါက်များ ပွင့်လာသည်၊ ရေအောင်းလွှာ၏ ရေစိမ့်နှုန်း၊ ရေထွက်နှုန်း ကောင်းစွာဖြင့် သန့်စင်သည့်ရေများ ရရှိသည်။

တွင်း ရေအထွက် နည်းလာခြင်း၏ အခြားအကြောင်း ဖြစ်သော ရေတင်စက်ချို့ယွင်းလျှင် စက်ဆရာများနှင့် တိုင်ပင် ပြင်ဆင်နိုင်ပါသည်။

ရေအောင်းလွှာ ပြန်လည်ဖြည့်တင်းမှုနှင့် ထုတ်ယူသုံးစွဲမှု မမျှမတ ဖြစ်လာခြင်းကြောင့်လည်း ရေအထွက် နည်းလာတတ်သည်၊ ယင်းပြဿနာကို မိုးရေဖြင့် စနစ်တကျ ပြန်လည်ဖြည့်တင်းခြင်း၊ ရေထုတ်ယူမှု ထိန်းချုပ်ခြင်းတို့ဖြင့် ဖြေရှင်းနိုင်သည်။

စက်ရေတွင်း၏ အောက်ခြေတွင် တပ်ဆင်ထားသည့် ရေဝင် ဆန်ခါပေါက်များသည် စက်ရေတွင်း၏ အသက် ဖြစ်သည်။ ရေအောင်းလွှာ အထူ၊ ပါဝင်သော သဲနှင့် ကျောက်စရစ်တို့၏ အရွယ်အစား စသည်တို့ကို တိုင်းတာ၍ ဆန်ခါပိုက် အရှည်၊ ဆန်ခါပေါက် အရွယ် စသည်တို့ကို တွက်ချက် ရွေးချယ်ရသည်။ ဆန်ခါပိုက် အမျိုးအစားထဲ၌ Johnson Screen ဟု ခေါ်သော ပိုက်သည် သုံးရန် အသင့်တော်ဆုံး ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အများအားဖြင့် ပီဗီစီပိုက် ဂျီအိုင်ပိုက်များအား ဆန်ခါစိတ်၍ အသုံးပြုကြသည်။

Johnson Screen

ဆန်ခါပေါက်များသည် ကာလကြာလျှင် အကြောင်း အမျိုးမျိုးကြောင့် ပိတ်ဆို့တတ်၊ ပျက်စီးတတ်သည်၊ ထိုအခါ ရေထွက်နှုန်း ကျဆင်းလာသည်၊ သဲလိုက်လာသည်၊ ရေအရည်အသွေး ကျဆင်းလာသည်။ မူလရေထွက်နှုန်းသို့ သို့မဟုတ် မူလ ရေထွက်နှုန်းနီးပါး ပြန်ရောက်စေရန်၊ သဲလိုက်ခြင်း လျော့ပါးလာစေရန် စက်ရေတွင်းကို ပြန်လည် ပြုပြင် ထိန်းသိမ်းရသည်။

ဆန်ခါပိုက် ပျက်စီးခြင်းသည် ပိုက်သား အရည်အသွေး မကောင်း၍ ဖြစ်နိုင်ပါသည်။ ရေစုပ်အား များလွန်းသဖြင့် သဲပွင့်နှင့် အရွယ်သေး ကျောက်စရစ်များ ဆန်ခါပေါက်များကို တိုက်စား ပွန်းပဲ့စေခြင်းကြောင့် ပျက်စီးနိုင်သည်။ ရေတွင် ပါဝင်သော ဓာတ်ပေါင်းများက ဆန်ခါပိုက်ကို တိုက်စားခြင်းများလည်း ရှိသည်။

ပိတ်ဆို့နေသော ဆန်ခါပိုက်

ဆန်ခါပေါက် ပိတ်ဆို့ရခြင်းတွင် ရေစုပ်အား များလွန်းသဖြင့် ရေအောင်းလွှာထဲမှ အလွန်သေးငယ်သော သဲပွင့်များ ဆန်ခါပေါက်၀များ၌ စုပြုံ ရောက်ရှိ ပိတ်ဆို့တတ်သည်။၊ အချို့ဓာတ်ပေါင်းများနှင့် အိုင်ယွန်း ဘက်တီးရီးယားများ ထုတ်လွှတ်သည့် အကျိအချွဲများကလည်း ဆန်ခါပေါက်တွင် ပိတ်ဆို့တတ်သည်။

ဆန်ခါပိုက်ကြောင့် စက်ရေတွင်း ရေအထွက်နည်းသည်ကို ပြုပြင်ရန် ပိတ်ဆို့ခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသည်။ အကြောင်းရင်းကို သိရန် ရေအရည်အသွေးကို စစ်ဆေးဖို့ လိုသည်။ ဖွံ့ဖြိုးသော နိုင်ငံများ၌ တွင်းထဲသို့ ဗီဒီယို ကင်မရာချ၍ စစ်ဆေးသည်။ လူ့ခန္ဓာကိုယ်၌ ရောဂါရှာဖွေသောအခါ သွေးစစ်၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းတို့နှင့် အလားတူသည်။

စက်ရေတွင်း စစ်ဆေးသော ကင်မရာစနစ်

သဲမှုန်များကြောင့် ပိတ်လျှင် ဝက်မှင်ဘီး၊ သားရေ သို့မဟုတ် ရာဘာပွတ်တိုက်တံ စသည်တို့ဖြင့် ဆေးကြောရသည်။ ဓာတ်ပေါင်းများနှင့် အိုင်ယွန်း ဘက်တီးရီးယားများမှ ထွက်သည့် အကျိအချွဲများကြောင့် ပိတ်လျှင် ဆိုင်ရာ ဓာတုဆေးများနှင့် ဆေးကြောရသည်။ တတ်ကျွမ်း နားလည်သူများနှင့် တိုင်ပင် လုပ်ဆောင်သင့်သည်။

တွင်းမတူးမီကတည်းက ဆိုင်ရာ ပညာရှင်များထံ အပ်နှံ၍ စနစ်တကျ လုပ်ဆောင်လျှင် ကုန်ကျစရိတ် ပိုမည် ဖြစ်သော်လည်း ရေရှည်တွင် တွင်းရေထွက်နှုန်း ကောင်းခြင်း၊ ထိန်းသိမ်းစရိတ် နည်းခြင်း၊ တာရှည် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။

(အခြေခံ စက်ရေတွင်းတူး နည်းပညာ စာအုပ်၊ အခန်း-၆၊ အခန်း ၈ နှင့် အခန်း ၁၆ ပါ အချက်အလက်အချို့ကို အကျဉ်းချုံး ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။)

မြေအောက်ရေနှင့် စက်ရေတွင်းများ အတွဲ-၁
အခြေခံ မြေအောက်ရေ နည်းပညာ စာအုပ် မှာယူရန် 
Click here

မြေအောက်ရေနှင့် စက်ရေတွင်းများ အတွဲ-၂
အခြေခံ စက်ရေတွင်းတူး နည်းပညာစာအုပ် စာအုပ် မှာယူရန် 
Click here

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s