ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်

ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ –

၁ – လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း
၂ – မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း
၃ – ပင်လယ်ရေပြင် မြင့်တက်ခြင်း
၄ – သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း
၅ – သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း
၆ – ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်
၇ – အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။

အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊ ပင်လယ်ရေပြင် မြင့်တက်မှု၊ သမုဒ္ဒရာ ရေထုတွင်း အက်စစ် ပါဝင်မှုနှင့် သမုဒ္ဒရာ ရေထုတွင်း အပူဓာတ်တို့သည် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် စံချိန်တင် တိုးတက်ခဲ့သည်။

ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု

ကိုဗစ်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းများ၊ ခရီးသွားလာမှုများ တစ်ကမ္ဘာလုံး နှေးကွေး တုံ့ဆိုင်းခဲ့သော်လည်း အဓိက ဖန်လုံအိမ် ဓာတ်ငွေ့ သုံးမျိုးသည် ပိုမိုများပြားလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် တိုင်းတာချက်များ အရ ကာဘွန်ဒိုင်အောက်ဆိုက်သည် ၄၁၃ ပီပီအမ်၊ အခြား ဖန်လုံအိမ် ဓာတ်ငွေ့များ ဖြစ်ကြသော မီသိန်းသည် ၁၈၈၉ ပီပီဘီ၊ နိုက်ထရပ်စ်အောက်ဆိုက်သည် ၃၃၃ ပီပီဘီအထိ အသီးသီး ရောက်လာခဲ့သည်။ စက်မှုတော်လှန်ရေး မတိုင်မီကာလ (၁၇၅၀) ကနှင့် စာလျှင် ကာဘွန် ဒိုင်အောက်ဆိုက်သည် ၁၄၉ ရာခိုင်နှုန်း၊ မီသိန်းသည် ၂၆၂ ရာခိုင်နှုန်း၊ နိုက်ထရပ်စ် အောက်ဆိုက်သည် ၁၂၃ ရာခိုင်နှုန်း အသီးသီး တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။ (မှတ်ချက်။ ပီပီအမ် (ppm) သည် လေထု အပုံ တစ်သန်းလျှင် ဆိုင်ရာ ဓာတ်ငွေ့ ပါဝင်သော အပုံကို ဖော်ပြပြီး ပီပီဘီ(ppb)သည် လေထု အပုံ သန်းတစ်ထောင်လျှင် ဆိုင်ရာ ဓာတ်ငွေ့ ပါဝင်သော အပုံကို ဆိုလိုသည်။)

ကမ္ဘာ့ အပူချိန်

ဖန်လုံအိမ် ဓာတ်ငွေ့ များပြားလာခြင်းကြောင့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ အပူချိန်သည် စက်မှုတော်လှန်ရေး မတိုင်မီကထက် ၁ . ၁ ဒီဂရီ စင်တီဂရိတ်မျှ ပိုမိုလာခဲ့သည်။ အပူချိန် မှတ်တမ်းများ ထားရှိချိန်မှစ၍ ၂၀၁၆ ခုနှစ်သည် အပူဆုံးနှစ် အဖြစ် လည်းကောင်း၊ ၂၀၁၅ မှ ၂၀၂၁ ခုနှစ် အထိသည် အပူဆုံးနှစ်များ အဖြစ် လည်းကောင်း စာရင်းဝင်ခဲ့သည်။ အပူချိန် မြင့်မားလာခြင်း၏ အကျိုးဆက်များအဖြစ် မုန်တိုင်းတိုက်ခတ်ခြင်း၊ တောမီးလောင်ခြင်း၊ အပူလှိုင်းများ၊ အချို့ ဒေသများတွင် ရေကြီး၊ အချို့တွင် မိုးခေါင်ခြင်းများ တိုးပွားလာသည်။

ပင်လယ်ရေပြင် မြင့်တက်

အပူချိန် တက်လာသဖြင့် ရေခဲပြင်များ အရည်ပျော်ခြင်း၊ သမုဒ္ဒရာနှင့် ပင်လယ်ရေထု ပွယောင်းလာခြင်းတို့ကြောင့် ရေပြင် မြင့်တက်လာသည်။ ပင်လယ်ရေပြင်သည် ၁၉၉၃ ခုနှစ်ကနှင့် စာလျှင် ၂၀၂၁ ခုနှစ်တွင် ပျမ်းမျှ ၁၀၀ မီလီမီတာ မြင့်တက်ခဲ့သည်၊ မြင့်တက်နှုန်းမှာ တစ်နှစ်လျှင် ၄ . ၅ မီလီမီတာနှုန်း ဖြစ်သည်၊ လွန်ခဲ့သည့် အနှစ် ၂၀ က တစ်နှစ် ၂ . ၁ မီလီမီတာနှုန်း တက်ခဲ့ရာ မြင့်တက်နှုန်း နှစ်ဆ ပိုလာသည်။

သမုဒ္ဒရာ ရေထုတွင်း အက်စစ်ဓာတ်

သမုဒ္ဒရာ ရေထုသည် လေထုတွင်း တိုးတက် ရောက်ရှိလာသော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ၏ ၂၃ ရာခိုင်နှုန်းကို လည်းကောင်း၊ လေထု အပူဓာတ်၏ ၉၀ ရာခိုင်နှုန်းကို လည်းကောင်း စုပ်ယူကာ လေထု ပူနွေးမှုကို တစ်ဖက် တစ်လမ်းက လျှော့ချပေးသည်၊ သို့သော် ယင်းသို့ စုပ်ယူခြင်းကြောင့် ရေထုတွင်း အက်စစ်ဓာတ် ပိုလာကာ ရေနေသတ္တဝါ အများအပြား၏ ကြီးထွားရှင်သန်မှုကို ထိခိုက်သည်။ ထို့ပြင် အက်စစ်ဓာတ် ပိုလာခြင်းကြောင့် ရေထု၏ ကာဘွန်ဒိုင်အောက်ဆိုက် စုပ်ယူနိုင်စွမ်းကို လျော့နည်းစေသည်။

သမုဒ္ဒရာ ရေထုတွင်း အပူဓာတ်

သမုဒ္ဒရာ၏ မျက်နှာပြင်သည် အနက်ပိုင်းထက် ပို၍ အပူချိန်တက်လာသည်၊ ယင်းဖြစ်စဉ်ကြောင့် အဏ္ဏဝါ အပူလှိုင်း (marine heatwave) များ ပိုမို ပေါ်ပေါက်လာသည်၊ သမုဒ္ဒရာ ရေထုသည် ဖြစ်မြဲ အပူချိန်ထက် ရက်အတန်ကြာ ပိုပူနေခြင်းကို အဏ္ဏဝါ အပူလှိုင်း ပေါ်ပေါက်သည်ဟု ဆိုသည်၊ ၂၀၂၀ ပြည့်နှစ်က သမုဒ္ဒရာရေပြင်၏ ၈၀ ရာခိုင်နှုန်းတွင် အဏ္ဏဝါ အပူလှိုင်း အနည်းဆုံး တစ်ကြိမ် ဖြစ်ပေါ်သည်။ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့သမုဒ္ဒရာ ရေထု အများစုတွင် အဏ္ဏဝါ အပူလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်လေ့လာရန် ၂၀၂၁ တစ်နှစ်တည်း အတွင်း၌ သမုဒ္ဒရာရေထုတွင်း ဝင်ရောက်ခဲ့သော အပူပမာဏ Click here

အထက်ပါ အခြင်းအရာများကဲ့သို့ စံချိန်တင်ပမာဏ မဟုတ်သော်လည်း ရေခဲထုသည်လည်း ယခင်ကာလများထက် ပို၍ လျော့နည်းလာလျက် ရှိသည်။

ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်း

(ဂရင်းလန်းကျွန်းနှင့် အန္တာတိကတိုက်မှအပ) ကမ္ဘာ့ရေခဲမြစ်များ၏ ဒြပ်ထုသည် ၂၀၀၀ နှင့် ၂၀၁၉ ခုနှစ် ကြားတွင် တစ်နှစ်လျှင် ၂၆၇ ဂိုင်ဂါတန်မျှ လျော့နည်း ဆုံးရှုံးခဲ့သည်၊ ၂၀၁၅ နှင့် ၂၀၁၉ ကြား လျော့နည်းမှုသည် တစ်နှစ် ၂၉၈ ဂိုင်ဂါတန်ခန့် ဖြစ်ရာ ရေခဲမြစ် လျော့နည်းပျောက်ကွယ်မှု မြန်ဆန်လာနေခြင်းကို ပြဆိုသည်။ ကမ္ဘာ့ရေခဲမြစ် မှတ်တမ်းတင်ရေး အဖွဲ့ (The World Glacier Monitoring Service) က ရေခဲမြစ် ၄၂ စင်းကို လေ့လာခဲ့ရာ ယင်းရေခဲမြစ်များ၏ အထူသည် ၁၉၅၀ ပြည့်နှစ်မှစ၍ ပျမ်းမျှ ၃၃ . ၅ မီတာခန့် လျော့နည်းသွားခဲ့ကြောင်း တွေ့ရှိသည်၊ အထူလျော့နည်းမှု၏ ၇၆ ရာခိုင်နှုန်း (၂၅ . ၅ မီတာ) သည် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည်။

အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ

အာတိတ် သမုဒ္ဒရာ ရေပြင်ပေါ်ရှိ ရေခဲပြင် အနည်းဆုံး အကျယ်သည် ၂၀၂၁ စက်တင်ဘာလ ၁၆ ရက်နေ့က ၄ . ၇၂ သန်းစတုရန်း ကီလိုမီတာ ဖြစ်ခဲ့ရာ ပျမ်းမျှကိန်း ၄ . ၉၂ သန်း စတုရန်း ကီလိုမီတာထက် လျော့နည်းသည်။

အန္တာတိတ် သမုဒ္ဒရာ ရေပြင်ပေါ်ရှိ ရေခဲပြင် အနည်းဆုံး အကျယ်သည် ၂၀၂၁ ဒီဇင်ဘာလ ၂၄ ရက်နေ့က ၆ . ၇၇ သန်း စတုရန်း ကီလိုမီတာ ဖြစ်ခဲ့ရာ ပျမ်းမျှကိန်း ၈ . ၅၉ သန်း စတုရန်း ကီလိုမီတာထက် လျော့နည်းသည်။

ရေပြင်ပေါ် ရေခဲပြင်များ လျော့နည်း ကျုံ့ဝင်လာသကဲ့သို့ ကုန်းပေါ်ရေခဲပြင်များ၏ အကျယ်အဝန်းသည်လည်း လျော့နည်းလာနေသည်။ ကုန်းပေါ် ရေခဲပြင်များတွင် အကျယ်ဝန်းဆုံးမှာ ဂရင်းလန်းကျွန်းနှင့် အန္တာတိက ကုန်းမြေပေါ်ရှိ ရေခဲပြင်များ ဖြစ်ကြသည်။

၂၀၂၁ နိုဝင်ဘာ တိုင်းတာချက်အရ ဂရင်းလန်းကျွန်းပေါ်ရှိ ရေခဲပြင်သည် တစ်နှစ်လျှင် ပျမ်းမျှ ရေခဲ ၂၇၆ ဂိုင်ဂါတန်မျှ လျော့နည်းလာနေသည်။ အန္တာတိကကုန်းမြေပေါ်ရှိ ရေခဲပြင်သည် ၂၀၂၀ နိုဝင်ဘာမှ ၂၀၂၁ နိုဝင်ဘာအတွင်း ၂၉၆ ဂိုင်ဂါတန် လျော့နည်းခဲ့ရာ ၂၀၀၂-၂၀၂၁ ကြား ပျမ်းမျှ ကိန်း၏ နှစ်ဆမျှ ဖြစ်သည်။

မည်သူမျှ မလွတ်နိုင်

ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ ဖြစ်ကြသော အပူလှိုင်း၊ တောမီး၊ သည်းထန်သောမိုး၊ ရေကြီးမှု၊ မိုးခေါင်မှု၊ အပူပိုင်း မုန်တိုင်းတို့၏ ကြိမ်ရေ များလာသကဲ့သို့ ပြင်းထန်မှုလည်း ပိုမိုလာလျက် ရှိသည်။ ယင်းသဘာ၀ ဘေးအန္တရာယ်များ၏ ဒဏ်မှ မည်သူမျှ မလွတ်နိုင်သော်လည်း စစ်ဘေး၊ ရေဘေး၊ အငတ်ဘေးစသည့် အကြောင်းအမျိုးမျိုးဖြင့် နေရင်းဒေသကို စွန့်ခွာလာကြသော ဒုက္ခသည်များက အများဆုံးခံကြရမည်။ ၂၀၁၀ မှ ၂၀၁၉ ကြား ဆယ်နှစ်အတွင်း ရာသီဥတုဘေးကြောင့် နေရင်းဒေသကို စွန့်ခွာလာကြသော ဒုက္ခသည် တစ်နှစ်လျှင် ၂၃ . ၁ သန်း ရှိခဲ့သည်၊ ၂၀၂၀ ပြည့်နှစ် ပထမ ခြောက်လတွင် ရေနှင့် ရာသီဥတုဘေးတို့ကြောင့် ထွက်ပြေးသူ ၉ . ၈ သန်းရှိခဲ့ရာ အများဆုံးမှာ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အာဖရိက ဦးချိုဒေသတို့မှ ဖြစ်သည်။

သဘာဝဘေး၊ ယင်းနှင့် ဆက်နွှယ် ပေါ်ပေါက်လာသော စားနပ်ရိက္ခာနှင့် ရေကောင်းရေသန့် ရှားပါးမှုတို့ကို အနည်းနှင့် အများသာ ကွာမည်၊ လူသားအားလုံး ကြုံတွေ့ ခံစားရဖို့ ရှိသည်။

Key words; ဖန်လုံအိမ် ဓာတ်ငွေ့၊ ကမ္ဘာ့အပူချိန်၊ ပင်လယ်ရေပြင် မြင့်တက်ခြင်း၊ သမုဒ္ဒရာ ရေထုတွင်း အက်စစ်ဓာတ်၊ အဏ္ဏဝါ အပူလှိုင်း၊ ရေခဲ အရည်ပျော်ခြင်း

ကိုးကား –
၁ – State of the Global Climate 2021 (World Meteorological Organization, 2022)
၂ – Global Climate Indicators (https://gcos.wmo.int/en/home)

ဆက်လက်လေ့လာရန် –
ဖန်လုံအိမ်အာနိသင်နှင့်ဖန်လုံအိမ်ဓာတ်ငွေ့
တောက်လျှောက်တက်လာနေသောကမ္ဘာ့အပူချိန်
ပင်လယ်ရေပြင်မြင့်တက်ခြင်း
အရည်ပျော်ရေခဲပြင်များ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s