(ဘီဘီစီ မြန်မာပိုင်းသည် ဆည်မြောင်း အင်ဂျင်နီယာ ဦးအေးမြင့်အား မေးမြန်း၍ သူ့ထံမှ အဓိက ရရှိသော အချက်အလက်များဖြင့် “ပါတော်မူချောင်း သို့မဟုတ် မြန်မာ့မြေပေါ်က ပျောက်ဆုံးသွားတော့မယ့် မြစ်တစ်စင်း” ဆောင်းပါးကို ၂၀၂၂ ဧပြီ ၁၀ ရက်နေ့က ဘီဘီစီ မြန်မာပိုင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်၊ ကျွန်တော်က ယင်းဆောင်းပါးပါ အချို့အကြောင်းအရာနှင့် အချက်အလက်များကို ပိုမို သိရှိလိုသဖြင့် ဦးအေးမြင့်နှင့် ဆက်သွယ် မေးမြန်း ဆွေးနွေးခဲ့ပါသည်၊ ယင်းသို့ ဆွေးနွေးရာမှ ဘီဘီစီ ဆောင်းပါးကို အဓိက အခြေခံ ကိုးကားပြီး ထပ်မံ ဖြည့်စွက်၊ ပိုမို တိကျအောင် ပြင်ဆင်၍ အသစ် ရေးသား တင်ပြသင့်ကြောင်း ဦးအေးမြင့်နှင့် ကျွန်တော် နှစ်ဦးစလုံး သဘောရကြသဖြင့် ယခုဆောင်းပါး ဖြစ်ပေါ်လာပါသည်။)
ပျောက်သွားတဲ့ ချောင်းတစ်ခု
ရန်ကုန်ကနေ မိုင် ၂၀ လောက် ဝေးတဲ့ ဝါးဘလောက်သောက်ရွာကို ဆည်မြောင်း အင်ဂျင်နီယာ ဘဝနဲ့ ဦးအေးမြင့် ပထမဆုံး စရောက်ခဲ့တဲ့ အချိန်ဟာ ၁၉၉၃ ခုနှစ် နွေဦးရာသီ ဖြစ်ပါတယ်၊ အဲဒီရွာကို မလာခင် ဦးအေးမြင့် အားခဲထားတာက ရွာဘေးက ဝါးဘလောက်သောက်ချောင်းလို့လည်း ခေါ်တဲ့ သခွတ်ချောင်းကို ကြည့်ဖို့ပါ။ ရန်ကုန်မြစ်အတိုင်း သန်လျင်ဘက်ကို သင်္ဘောမောင်းလာရင် သန်လျင်ဘက် မကွေ့ဘဲ ပင်လယ်ဝဘက် ဆက်သွားရင် ညာဘက်မှာ ရှိတဲ့ ချောင်းဟာ သခွတ်ချောင်း ဖြစ်တယ်။ ဦးအေးမြင့်က မြစ်ဝကျွန်းပေါ်မှာ တာဝန်ကျနေတဲ့ ဆည်မြောင်းအင်ဂျင်နီယာ ဆိုတော့ ၂၇ မိုင်ရှည်တဲ့ သခွတ်ချောင်းကို မြေပုံပေါ်မှာ တွေ့ခဲ့ဖူးပြီး စိတ်ဝင်စားနေတာကိုး။

ဒါပေမယ့် သူ့ဆန္ဒ မပြည့်ခဲ့ပါဘူး၊ ရွာဘေးမှာ ရေစပ်စပ် ကုန်းစပ်စပ် နေရာလေးတွေ၊ ချောင်းနှုတ်ခမ်းလို ကမ်းစပ်နေရာတွေမှာ ပေါက်လေ့ရှိတဲ့ သစ်ပင်အုပ်အုပ်တွေ တွေ့ရပေမယ့် ချောင်းကိုတော့ မတွေ့ရဘူး၊ ကောသွားခဲ့ပြီ။ ချောင်းရိုးကောရဲ့ နေရာတချို့မှာ လယ်တွေလုပ်၊ တချို့နေရာမှာ အိမ်တွေ ဆောက်ထားကြတယ်လို့ ဦးအေးမြင့်က ပြောပြပါတယ်။
အခုမတွေ့ရတော့တဲ့ သခွတ်ချောင်းဟာ တစ်ချိန်က အကျယ် ပေ ၃၀၀ ခန့် ရှိခဲ့တယ်၊ သခွတ်ချောင်းကို ဖြတ်ပြီး ဝါးဘလောက်သောက်ရွာက ရန်ကုန်ကို သင်္ဘောပြေးခဲ့တယ်၊ ရေလုပ်ငန်း ကောင်းမွန်ပြီး ရန်ကုန်ကို ငါး ပုစွန်တွေ တင်ပို့ခဲ့ရဖူးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ကောသွားတဲ့ သခွတ်ချောင်းကြီး စီးဆင်းခဲ့တဲ့ နေရာကို ကြည့်နေရင်း ရွာက လူတွေပြောတဲ့ စကား တစ်ခွန်းကို ကြားပြီး ဦးအေးမြင့် စိတ်လှုပ်ရှားခဲ့ရပါတယ်။ အဲဒါကတော့ သခွတ်ချောင်းကို ”ပါတော်မူချောင်း” လို့ လည်း သိမှတ် ခေါ်ဝေါ်ခဲ့ကြတယ် ဆိုတာပါ။ ၁၈၈၅ ခုနှစ်က မြန်မာဘုရင် သီပေါမင်းကို အင်္ဂလိပ်က နှစ်ထပ်သင်္ဘောနဲ့ ခေါ်လာစဉ် သခွတ်ချောင်း တလျှောက် မောင်းရင်း ဝါးဘလောက်သောက်ရွာဘေးက ဖြတ်သွားခဲ့တယ်၊ ဝါးဘလောက်သောက်ရွာဟာ မြန်မာဘုရင်က မြန်မာလူမျိုးတွေကို နောက်ဆုံး လက်ပြ နှုတ်ဆက်သွားခဲ့တဲ့ ရွာလို့ ရွာသားတွေက အဲဒီအချိန်က ယုံကြည်နေခဲ့ကြတယ်လို့ ဆိုပါတယ်၊ ရွာသားတွေ ပြောသလို ပါတော်မူချောင်းဆိုတာ ဖြစ်နိုင်ခြေရှိတယ်လို့ ဦးအေးမြင့် တေးမှတ်ထားလိုက်ပါတယ်။
မြေပုံပေါ်က သခွတ်ချောင်းကို အပြင်မှာ မြင်ရမယ် ထင်ခဲ့တာ မမြင်ရလို့ ဦးအေးမြင့် စိတ်ထဲမှာ ဘဝင်မကျ ဖြစ်ခဲ့ရပေမယ့် သခွတ်ချောင်းဟာ ပါတော်မူချောင်းဆိုတာ သိလိုက်ရတာတော့ သူ့အတွက် အမြတ်ပေါ့လေ။
မြေပုံပေါ်က သခွတ်ချောင်းနေရာကို ကြည့်ပြီး ချောင်းရှိရာ လာခဲ့သူဟာ ဦးအေးမြင့် တစ်ဦးတည်း မဟုတ်ပါဘူး။ ဆင်ကီချူးလို့ ခေါ်တဲ့ မြောက်ကိုးရီးယား ကွန်မန်ဒိုတစ်ယောက်ဟာ ဦးအေးမြင့်ထက် ဆယ်နှစ်လောက် စောတဲ့အချိန်တုန်းက သူ့မြေပုံပေါ်မှာ ပြထားတဲ့ သခွတ်ချောင်း ရှိရာကို လာခဲ့ဖူးတယ်၊ ချောင်းဝကနေ ချောင်းအတိုင်း တက်လာပြီးမှ တစ်နေရာမှာ ရေပျောက်သွားပြီး ချောင်းကောကိုသာ တွေ့ရလို့ ဘယ်လို ဆက်သွားရမှန်း မသိ၊ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ပါသေးတယ်။
ဆင်ကီချူးနဲ့ နောက်ကွန်မန်ဒိုနှစ်ဦးဟာ ၁၉၈၃ ခုနှစ် စက်တင်ဘာလမှာ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်၊ ၁၉၈၃ ခုနှစ် အောက်တိုဘာလမှာ ရန်ကုန်ကို ရောက်လာမယ့် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ်ကို လုပ်ကြံဖို့ ဖြစ်ပါတယ်၊ သူတို့ဟာ အောက်တိုဘာလ ၉ ရက်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဖောက်ခွဲမှုကြီးကို လုပ်ဆောင်ပါတယ်။ သမ္မတ ချန်ဒူးဝှမ်ဟာ အဲဒီနေ့က အာဇာနည်ကုန်းကို မိနစ်ပိုင်း နောက်ကျရောက်ခဲ့တဲ့အတွက် သေဘေးက လွတ်မြောက်ခဲ့ရပေမယ့် ဗုံးပေါက်ကွဲမှုကြောင့် သမ္မတနဲ့ အတူ ပါလာတဲ့ ဧည့်သည်တော် ကိုးရီးယား ၁၇ ဦး၊ မြန်မာဘက်က ၄ ဦး၊ စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ပါတယ်။
ဒီဖောက်ခွဲမှုကို လုပ်ခဲ့တဲ့ မြောက်ကိုးရီးယားသုံးဦးအနက် ဗိုလ်မှူး ဇင်မိုခေါ် ကင်ဂျင်ဆုဟာ မြန်မာ လုံခြုံရေးတွေက ဝိုင်းဝန်း ဖမ်းဆီးစဉ် သူခွဲလိုက်တဲ့ လက်ပစ်ဗုံးဒဏ်ကြောင့် ခြေတစ်ဖက်နဲ့ လက်နှစ်ဖက် ပြတ်၊ မျက်လုံးတစ်ဖက် ကွယ်ခဲ့ပါတယ်။ နောက်တစ်ဦး ဖြစ်တဲ့ ဗိုလ်ကြီးကင်မင်ချူးကို ဖမ်းဆီးစဉ်မှာ သူ့လက်ထဲက လက်ပစ်ဗုံး ပေါက်ကွဲလို့ လက်တစ်ဖက် ပြတ်ခဲ့ပါတယ်။
ကျန်တဲ့ မြောက်ကိုးရီးယား ကွန်မန်ဒို ဆင်ကီချူးဟာ မြောက်ကိုရီးယားက ယူလာတဲ့ မြေပုံကို ကြည့်ပြီး သခွတ်ချောင်းရှိရာကို ဦးတည်ပြီး လာခဲ့ပါတယ်၊ သခွတ်ချောင်းကတဆင့် တိုးမြစ်၊ အဲဒီကမှတဆင့် ပင်လယ်ဝကို ထွက်ဖို့ပါ။ ဒါပေမယ့် သခွတ်ချောင်းဝအတိုင်း ဝင်လာခဲ့တာမှာ မကြာခင် ရေတွေ ပျောက်သွားပြီး ချောင်းကောမြေပြင်ပေါ်ကို ရောက်သွားတယ်၊ အဲဒီမှာ ဆင်ကီချူး မျက်စိလည်သွားပြီး ဝါးဘလောက်သောက်ရွာအနီး ကော့မှူးအပိုင်ထဲမှာ ဖမ်းမိခဲ့ပုံရတယ်လို့ ဦးအေးမြင့်က မှတ်ချက်ချပါတယ်။
အခုတော့ သခွတ်ချောင်းဟာ ရန်ကုန်ဘက်ကအဝင်နဲ့ တိုးမြစ်ဘက်အထွက်နားမှာပဲ ကျန်ကာ အလယ်မှာ လုံးဝပျောက်သွားပါပြီ။ ကောသွားတဲ့ ချောင်းနေရာမှာ မြေသစ်တွေပေါ်လာလို့ ဒေသခံတွေက လယ်ကွက်ဖော် စပါးစိုက်ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခန့်အထိ တစ်ထပ်သင်္ဘော ဝင်နိုင်ခဲ့
ကောနေတဲ့ သခွတ်ချောင်းဟာ ဘယ်အချိန်အထိ တောက်လျှောက် သွားလာလို့ ရခဲ့သလဲ ဆိုတာကို သိသူတစ်ဦးက ဒေါ်ဥမ္မာလှိုင် ဖြစ်ပါတယ်၊ ရန်ကုန်မြို့က အသေးစား ငွေစုငွေချေး ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်ဥမ္မာလှိုင်က ဘီဘီစီ မြန်မာပိုင်းကို – ”ဖခင်ဇာတိ ဝါးဘလောက်သောက်ရွာကို လွန်ခဲ့တဲ့ နှစ် ၅၀ ခန့် (၁၉၇၀ ခန့်) က တစ်ထပ်သင်္ဘောနဲ့ သွားခဲ့တယ်၊ လှိုင်းလေကြီးလို့ သင်္ဘော ဟိုဘက် ဒီဘက် လူးတယ်၊ သင်္ဘောက ရွာဆိပ်ကမ်းအထိ ရောက်တယ်၊ ရွာမှာ ဆိပ်ခံမရှိလို့ ကုန်းဘောင်ထိုးပြီး ဆင်းခဲ့ရတယ်၊ ရွာမှာ စားရတဲ့ ကဏန်းနဲ့ ပုစွန်ကျော့လေးတွေ အရမ်းကောင်းတယ် ဆိုတာတွေ မှတ်မိနေသေးတယ်” လို့ ပြောပြခဲ့ပါတယ်။
ဒေသခံတွေကတော့ ၁၉၈၀ လောက်အထိ သခွတ်ချောင်းအတွင်းမှာ လှေငယ်တွေ သွားလာနိုင်သေးပေမယ့် ၁၉၉၀ နောက်ပိုင်းမှာတော့ လှေငယ်တွေတောင် ဝင်ထွက်လို့ မရတော့ဘဲ လုံး၀ ကောသွားခဲ့တယ်လို့ ပြောပြပါတယ်။ ဒါကြောင့် သခွတ်ချောင်းဟာ ၁၉၇၀ နောက်ပိုင်းက စပြီး သိသိသာသာ ကောလာခဲ့တယ်၊ ၁၉၉၀ နောက်ပိုင်းကျတော့ ချောင်းရဲ့အလယ်ပိုင်းတလျှောက် လုံးဝကောသွားခဲ့တယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်ပါတယ်။

(အောက်ပုံတွေမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း သခွတ်ချောင်း တိုဝင်သွားပြီး ဝါးဘလောက်သောက်ရွာနဲ့ ဝေးကွာသွားပုံကို တွေ့နိုင်ပါတယ်။) (ဓာတ်ပုံ – ဘီဘီစီ)


သခွတ်ချောင်း ကောသွားရတဲ့ အကြောင်း
သခွတ်ချောင်း ကောသွားရတဲ့ အကြောင်းက တစ်ခုမက ရှိပါတယ်၊ ပထမအကြောင်းက ဒီရေနဲ့ အတူ ပါလာတဲ့ နုန်းတွေ အနည်ထိုင်ကျန်ခဲ့ပြီး ချောင်းကြမ်းပြင် တိမ်လာတယ်၊ ကြာလာတော့ သွားလာလို့ မရတော့တဲ့ချောင်း ဖြစ်သွားတယ်လို့ ဦးအေးမြင့်က ယူဆပါတယ်။ စစ်တောင်းမြစ်ဝ အောက်ပိုင်းမှာ စစ်တောင်းမြစ်ကနေ ဆင်းလာတဲ့ နုန်းနှစ်တွေ နှစ်ပေါင်းများစွာ စီးဆင်း စုပုံတဲ့နေလို့ ပင်လယ်ရေငန်နုန်းတွေ ထူထပ်စွာ ရှိနေသလို စစ်တောင်းမြစ်ဝ အနောက်ဘက်ကမ်းနဲ့ အနီးကပ် ဆက်စပ်နေတဲ့ ရန်ကုန်မြစ်ဝမှာလည်း ပင်လယ်ရေမှာ ပါလာတဲ့ နုန်းတွေ ထုနဲ့ ထည်နဲ့ မြစ်ချောင်းတွေထဲ ဝင်လာနေကျ ဖြစ်ပါတယ်။
ဒါ့အပြင် သခွတ်ချောင်းရဲ့ ထွက်ပေါက်နှစ်ခု ဖြစ်တဲ့ ရန်ကုန်မြစ်နဲ့ တိုးမြစ်တို့မှာ ပင်လယ်ဒီရေ အတက်အကျ ရှိတဲ့အတွက် ချောင်းရဲ့ ထိပ်နှစ်ဖက်စလုံးမှာ ရေပြိုင်တက်ပြီး ပင်လယ်ရေထဲ ပါလာတဲ့ နုန်းတွေဟာ အလယ် ဒီဆိုင်နေရာမှာ ပိတ်မိကာ ထိုင်သွားတာ ဖြစ်ပါတယ်။ ချောင်းပိတ်ပြီး ငါးဖမ်းတာကလည်း ကောရတဲ့ အခြား အကြောင်းတစ်ခု ဖြစ်နိုင်ပါတယ်။
ပြီးတော့ တွံတေးတူးမြောင်းကြောင့်လည်း သခွတ်ချောင်း ကောရတယ်လို့ ဦးအေးမြင့်က ပြောပါတယ်။ ရန်ကုန်မြစ်နဲ့ တိုးမြစ်ကြား အရှေ့အနောက် စီးဆင်းနေတဲ့ သခွတ်ချောင်းဟာ တွံတေးတူးမြောင်း ပေါ်လာတော့ တွံတေးတူးမြောင်းထဲကို ရေအဝင်များသွားပြီး သခွတ်ချောင်းထဲကို စီးဝင်တဲ့ရေ ပမာဏရော၊ အမြန်နှုန်းပါ နည်းသွားနိုင်တယ်၊ နည်းသွားတော့ အနည်ပိုကျတယ်၊ အဲဒီနည်းနဲ့ ရန်ကုန်မြစ်နဲ့ တိုးမြစ်ကို ဆက်သွယ်တဲ့ သခွတ်ချောင်း ကောသွားခဲ့ပါတယ်။
ကောသွားတဲ့ သခွတ်ချောင်းဟာ ချောင်းတလျှောက်က လူနေမှု ဘဝတွေကို ရိုက်ခတ်ပြောင်းလဲစေခဲ့ပါတယ်။ ရေနေ သတ္တဝါတွေ မျိုးပွား ပေါက်ဖွားလို့ ကောင်းတဲ့ ရေချို ရေငန်စပ် ဖြစ်တဲ့ ဒီချောင်းမှာ ရေလုပ်ငန်းနဲ့ အသက်မွေးခဲ့ကြရာက ချောင်းနေရာမှာ မြေသစ်တွေ ပေါ်လာတဲ့အခါ လယ်ယာလုပ်ငန်းဘက်ကို ပြောင်းသွားကြတယ်။
အင်္ဂလိပ်ခေတ် စစ်သုံးမြေပုံထဲက သခွတ်ချောင်း
သခွတ်ချောင်းအကြောင်း မေ့မေ့ပျောက်ပျောက် ရှိနေခဲ့အပြီး နှစ်ပေါင်း ၃၀ လောက်အကြာ၊ ၂၀၂၁ မှာ စင်ကာပူကို ရောက်နေတဲ့ ဆည်မြောင်း အင်ဂျင်နီယာ ဦးအေးမြင့်ဟာ ၁၉၂၇ နဲ့ ၁၉၂၈ က တိုင်းထားတဲ့ အင်္ဂလိပ်ခေတ် မြန်မာနိုင်ငံ စစ်သုံးမြေပုံ တစ်ခုကို ပြန်တွေ့ခဲ့ရာက သခွတ်ချောင်းကို ပြန်လည်သတိရဖို့ အကြောင်း ဖန်လာပြန်ပါတယ်။ ”တစ်လက်မ တစ်မိုင်စကေးနဲ့ ရေးဆွဲထားတဲ့ အဲဒီ စစ်သုံးမြေပုံမှာ သခွတ်ချောင်းရဲ့ အောက်ဘက် အပိုင်းမှာ Bassein Creek (ပုသိမ်ချောင်း) လို့ ရေးထားသလို ၁၉၂၀ steamer route မီးသင်္ဘောတွေ ဖြတ်တဲ့ လမ်းကြောင်း ဆိုတာကိုလည်း တွေ့ရတယ်၊ ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီက မီးသင်္ဘောတွေ ပုသိမ်ကို စပါးပို့တဲ့ လမ်းကြောင်း ဖြစ်တယ်၊ မီးသင်္ဘောတွေ ဖြတ်နေကျ လမ်းဆိုတော့ သီပေါမင်းပါတဲ့ သင်္ဘောကလည်း ဒီလမ်းကပဲ ဖြတ်မှာပေါ့” လို့ ဦးအေးမြင့်က ယူဆပါတယ်။
အဲဒါအပြင် မြေပုံမှာ Thakhutpin (Bassein Creek) သခွတ်ပင် (ပုသိမ်ချောင်း) လို့လည်း ဖြည့်စွက် ဖော်ပြထားတာကို ထောက်ပြီး သခွတ်ချောင်းး၊ ပုသိမ်ချောင်း၊ (ဒေသခံတွေ အခေါ်) ပါတော်မူချောင်း၊ နောင်မှာ ဝါးဘလောက်သောက်ချောင်းတို့ဟာ တစ်ခုတည်း ဖြစ်ပြီး ၁၈၈၅ ခုနှစ် မြန်မာဘုရင် သီပေါမင်းကို ရန်ကုန်ကနေ သခွတ်ချောင်းကို ဖြတ်ပြီး ပုသိမ်ဘက်ကို ခေါ်သွားတယ်၊ အဲဒီကနေ အိန္ဒိယကို သွားတာ ဖြစ်မယ်လို့ ဦးအေးမြင့်က မြေပုံကို ကိုးကားရင်း သူ့အယူအဆကို ပြောပါတယ်။
သမိုင်းသုတေသီ တချို့က သီပေါမင်း ရန်ကုန်ကို ဖြတ်လာတာတော့ သေချာကြောင်း၊ သို့သော် သခွတ်ချောင်းထဲက ဖြတ်ပြီး ခေါ် မခေါ် အတည်မပြုနိင်ဘူးလို့ ပြောကြပေမယ့် ၁၉၂၇ နဲ့ ၁၉၂၈ က စစ်သုံး မြေပုံကို ကိုးကားပြီး သီပေါမင်း ပါတော်မူတဲ့သင်္ဘော သခွတ်ချောင်းထဲ ဖြတ်မောင်းခဲ့တယ် ဆိုတာကို ဦးအေးမြင့်က အခိုင်အမာ ပြောနိုင်ပါပြီ။
(အင်္ဂလိပ်ခေတ် စစ်သုံးမြေပုံထဲက သခွတ်ချောင်းနဲ့ အခုခေတ် မြေပုံထဲက သခွတ်ချောင်း (ရန်ကုန်က ပင်လယ်ဝသို့အထွက် ညာဘက်က ချောင်းဟာ သခွတ်ချောင်း ဖြစ်ပါတယ်။)


သခွတ်ချောင်းကောကို ပြန်တူးသင့်သလား
သခွတ်ချောင်း ကောပြီး ရေနက်ကွင်းတွေကြောင့် လယ်မြေတွေ ဆန်စပါးစိုက်ဖို့ အခက်အခဲ ရှိနေတာကြောင့် ချောင်းကောရဲ့ ခြောက်မိုင်ကျော်ခန့် အစိတ်အပိုင်းတစ်ခုကို ပြန်တူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချောင်းကော တလျှောက်လုံးကို ပြန်တူး သင့် မသင့်ကိုတော့ ချင့်ချိန်ကြစေလိုကြောင်း ဦးအေးမြင့်က သတိပေးပါတယ်။
စဉ်းစားရမှာက ချောင်းကောပေါ်မှာ ကျေးရွာများ၊ လယ်မြေများ၊ ဆက်သွယ်ရေး လမ်းများ၊ လူနေ အဆောက်အဦးများ ရှိနေပြီ ဖြစ်တဲ့အတွက် တူးဖော်ပါက အိမ်ခြေ အဆောက်အဦးများ၊ လယ်ယာမြေများကို ဖယ်ရှား ရှင်းလင်းရမှာ ဖြစ်တဲ့အပြင် ရန်ကုန်မြစ်က ရေငန်တွေ ဝင်လာနိုင်တဲ့အတွက် လက်ရှိ စိုက်ပျိုးနေတဲ့ လယ်ယာမြေများ ပျက်စီးမှု ဖြစ်ပေါ်နိုင်ပါတယ်။ ပြီးတော့ တလျှောက်လုံးပြန်တူးရင် တိုးမြစ်က ဒီရေရော၊ ရန်ကုန်မြစ်က ဒီရေပါ သခွတ်ချောင်းထဲကို တစ်ဖက် တစ်ချက်စီက ဝင်လာပြီး ချောင်းရဲ့အလယ်နား တစ်နေရာမှာ ဆိုင်မိတာကြောင့် အဲဒီနေရာမှာ နုန်းအနည်တွေ ထိုင်မှာဖြစ်တဲ့အတွက် နုန်းအနည်ကို ထိန်းမယ့် ရေထိန်းတံခါးမရှိဘဲ ထပ်တူးရင် ရေရှည်မှာ ပြန်ကောသွားနိုင်ပါတယ်။
မြစ်ချောင်းပေါများတဲ့ မြန်မာနိုင်ငံမှာ မြစ်တွေ ချောင်းတွေ ကောခဲ့တဲ့ အလားတူ ပြဿနာတွေ အများအပြား ရှိပါတယ်။ အနီးစပ်ဆုံး ဥပမာက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့အနီး ဧရာဝတီမြစ်မှ ခွဲထွက်လာကာ ၃၄ မိုင်မျှ စီးဆင်းလာပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်း အနီးမှာ လှိုင်မြစ်အတွင်းသို့ စီးဝင်တဲ့ ပန်းလှိုင်မြစ် ဖြစ်ပါတယ်။ ကောသွားတဲ့ ပန်းလှိုင်မြစ်ကို ပြန်တူးခဲ့ပေမယ့်လည်း နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့် နှစ်အနည်းငယ်အတွင်းမှာပဲ နုန်းတွေ ပြန်ဝင်လာခဲ့လို့ ပြန်ကောနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ (အဲဒီအကြောင်း အကျယ်တဝင့် ဖတ်လိုရင် ဒီနေရာကို နှိပ်ပါ။)
အဲဒီတော့ မေးစရာ ရှိတာက ”ကောသွားတဲ့ မြစ်ချောင်းတွေကို ဒီအတိုင်းပဲ ထားလိုက်ရမလား၊ အကျိုး တစ်စုံတစ်ရာ ရှိအောင် မလုပ်ဆောင်နိုင်ဘူးလား” ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အဖြေကတော့ “လုပ်နိုင်ပါတယ်”လို့ ပါပဲ၊ သခွတ်ချောင်းကိုပဲ ဥပမာဆောင်ရရင် ထိပ်နှစ်ဖက်မှာ ကျန်နေသေးတဲ့ ချောင်းတို နှစ်ခုကို ရေတံခါးတွေနဲ့ ရေချိုလှောင်ကန်တွေ ဖြစ်အောင် လုပ်နိုင်ပါတယ်။
ကောနေတဲ့ သခွတ်ချောင်းနဲ့ ဆက်စပ်နေတဲ့ဒေသတွေမှာ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ရေစီမံမှုမျိုးစုံကို အင်ဂျင်နီယာပညာရှင်တွေက ခေတ်အဆက်ဆက်မှာ လုပ်ဆောင်ခဲ့ကြပါတယ်။ လယ်မြေတွေ ရေမကြီးအောင်၊ ပင်လယ်ရေငန် မဝင်အောင် ရေငန်တားတမံတွေကို တည်ဆောက်ခဲ့ကြတယ်။ ချောင်းတွေ မြောင်းတွေထဲမှာ ရေချိုပါ ထိန်းသိမ်း သိုလှောင်ထားနိုင်အောင် ပင်လယ်ဒီရေအားကိုပဲ သုံး၊ ဒီဇယ်တွေ လျှပ်စစ်တွေ မသုံးရတဲ့ ဘက်စုံသုံး ရေတံခါးကြီးတွေကို တီထွင် ကြံဆ တည်ဆောက်ခဲ့ကြပါတယ်။ စပါးစိုက် လယ်မြေ ဧကပေါင်း နှစ်သိန်းခန့်အတွက် ယနေ့တိုင် အကျိုးပြုလျက်ရှိနေပါတယ်။
နည်းပညာနဲ့ အတွေ့အကြုံတွေ ရှိပြီးသားပါ၊ လိုတာက ငွေကြေးပါပဲ၊ နိုင်ငံ ချမ်းသာလာရင် မြစ်ချောင်းတွေ မကောအောင်၊ ကောနေတဲ့ မြစ်ချောင်းတွေကို ဒေသနဲ့ ကိုက်ညီ ဆီလျော်အောင် တစ်နည်းနည်းနဲ့ ပြန်လည် အသုံးချနိုင်ကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။
(ဆက်လက် လေ့လာလိုသူများအတွက် ဦးအေးမြင့် ကိုယ်တိုင်ရေးထားတဲ့ Lower Burma Paddy-land Development Projects in Ayeyarwady Delta of Myanmar အောက်မြန်မာပြည် စပါး စိုက် ပျိုးမှု ဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်းများ နှင့် အနာဂတ် ။ သခွတ်ချောင်းနှင့် ဆက်စပ်ဒေသများ အတွက် အနာဂတ် ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းများ အပါအဝင် ဆောင်းပါးများကို အောက်ပါလင့်ခ်များမှာ ဝင်ရောက်ကြည့်ရှုဖတ်မှတ်နိုင်ကြပါတယ်။)
ဆက်လက်လေ့လာရန် – ဦးအေးမြင့်၏ဝက်ဘ်ဆိုက် ဦးအေးမြင့်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ
Keyword – မြစ်ချောင်းများကောခြင်း
ကိုးကား – ပါတော်မူချောင်း သို့မဟုတ် မြန်မာ့မြေပေါ်က ပျောက်ဆုံးသွားတော့မယ့် မြစ်တစ်စင်း (ဘီဘီစီ မြန်မာပိုင်း)
ဆက်စပ်ဖတ်ရှုရန် – တရုတ်မြစ်ပေါင်း ၂၈၀၀၀ ပျောက်ဆုံးသွားသည့်ကိစ္စ Click here
6 thoughts on “မြန်မာ့ မြစ်ချောင်းအချို့ ပျောက်ကွယ်ခြင်းနှင့် ဆက်စပ်၍”