(Daily Eleven သတင်းစာ ၁၇ . ၁ . ၂၀၂၂ ပါ ဆောင်းပါး ဖြစ်ပါသည်။)
“ဒီနှစ်စပါး ရှူချက်ကတော့ ရက်စက်တယ်။ စပါး ၄၀၀ တောဟာ တစ်ရာလောက်ရ ကြတာပဲ။ စပါးအောင်ရေ မရတာပေါ့။ သီတင်းကျွတ် လပြည့်ကျော် ၁၂ ရက်ကနေ (နို ဝင်ဘာ ၁ ရက်) တန်ဆောင်မုန်းလဆန်း ၁၂ ရက် (နိုဝင်ဘာ ၁၅ ရက်) လောက် နေပူလိုက် တာ နွေရာသီလိုပဲ။ စပါးထွက်စဆိုတော့ စပါးတွေက မငိုက်ပတန်းလန်းလန်း ဖြစ်နေတာ။ ရှေးလူကြီးအခေါ်တော့ “ပင်သေ၊ ရေခန်း” လိုက်တယ်လို့ ဆိုကြတာပေါ့။ အခုနောက်ပိုင်း လေး၊ ငါးနှစ်ဝန်းကျင် မိုးက ဘယ်လိုပြောရမှန်း မသိပါဘူးဗျာ။ မရွာဘူးလားဆိုတော့ ရွာတယ်။ အချိန်မမှန်တာပေါ့။ ဒီနှစ်က ပျိုးပင်လည်း နယုန်လပြည့်ကျော် ၆ ရက် (ဇွန် ၃၀ ရက်) အထိ ပျိုးမကြဲရသေးဘူး။ တစ်သက်လုံး ဒါမျိုးတော့ ငါတို့နယ်မှာ မကြုံဖူးပါဘူး” ဟု တောင်သူလုပ်သက် နှစ် ၅၀ နီးပါးရှိသည့် အင်းတော်မြို့နယ်၊ အလယ်ဆိပ်အုပ်စု၊ ပင်သချေကျေးရွာက တောင်သူ ဦးမောင်ဦးက ဆိုသည်။
ဟုမ္မလင်း၊ မိုးညှင်း၊ ဗန်းမော်၊ မြစ်ကြီးနားတို့တွင် အောက်တိုဘာအတွင်း စံချိန်တင် အပူချိန်ရှိခဲ့သည်။ မိုးညှင်းမြို့တွင် တစ်နှစ်အတွင်း နှစ်ကြိမ်စံချိန်ချိုးခဲ့သည်။ ကချင်ပြည်နယ်က လယ်ယာလုပ်ငန်းခွင်အချို့နှင့် ကချင်တိုင်းရင်းသားတို့၏ တောင်ယာစိုက်ခင်းများပင် စပါးခင်းများ ပစ်ထားရသည့် အခြေအနေ ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြကြသည်။ စစ်ကိုင်းတိုင်း အထက်ပိုင်းက ဟုမ္မလင်း၊ ခန္တီးမြို့နယ်များတွင် ထိခိုက်မှုများ ရှိခဲ့သည်။
ကသာခရိုင်အတွင်း ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ ထီးချိုင့် မြို့နယ်များက မိုးရေခံလယ်အများစု ပျိုးထောင်ချိန်နောက်ကျကာ နောက်မိုးမလိုက်မှု က စပါးအောင်ရေမရဖြစ်ကာ တောင်သူတိုင်းနီးပါး စပါးအထွက်လျော့ခဲ့ခြင်းဖြစ်သည်။ မျိုး၊ ထယ်ခ၊ ထွန်ခ၊ ပျိုးထောင်ခ၊ စိုက်စရိတ်နှင့် ရိတ်သိမ်းစရိတ်ကြီးမြင့်မှုကြောင့် လုပ်အားတန်ဖိုးနှင့် တွက်ပါက တောင်သူတိုင်းနီးပါး အရှုံးပေါ်ခဲ့သည့် အခြေအနေဖြစ်ပါသည်။
၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များသည်လည်း မိုးရေချိန် ၄၀ လက်မအောက် လျော့နည်းခဲ့သည့်နှစ်ဖြစ်ရာ မိုးခေါင်လွန်းသည့် နှစ်အဖြစ် မှတ်ယူရမည်ဖြစ်ပါသည်။ကမ္ဘာ့ရာသီပြောင်းလဲခြင်း (Climate Change) ကြောင့် တောင်သူများ အထိနာကြ လေပြီ။
■Climate Change ကမ္ဘာ့ရာသီပြောင်းလဲခြင်းဆိုတာ
Climate Change ကမ္ဘာ့ရာသီပြောင်းလဲခြင်းဆိုသည်မှာ ကမ္ဘာ့လေထု အပူချိန်တိုးခြင်းဖြစ်သည်။ လေထုအပူချိန်ပြောင်းတော့ ရာသီဥတုများ နှစ်ပေါင်း ၁၀ နှစ်၊ နှစ် ၃၀၊ နှစ် ၅၀၊ နှစ် ၁၀၀ အတွင်း ပုံမှန်ဖြစ်မနေဘဲပြောင်း လဲကုန်သည်။ လေထုအပူချိန်တိုးရသည့် အကြောင်းရင်း များစွာရှိနေသော်လည်း အဓိကအချက်မှာ လူသားတို့ ထုတ်လုပ်လိုက်သည့် (ဥပမာ-စက်ရုံ၊ မော်တော်ကား စသည့် ရုပ် ကြွင်းလောင်စာ) ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များက နေရောင်ခြည်မှ အပူကို စုပ်ယူထားမှုကြောင့် ကမ္ဘာကိုလွှမ်းခြုံထားသည့် လေထုအတွင်း အပူချိန်တိုးလာခြင်းဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးလာခြင်း၊ စိုက်ပျိုး ရေး၊ မွေးမြူလုပ်ငန်းများ ချဲ့ထွင်လုပ်ဆောင်လာခြင်း၊ သစ်တောများ ပြုန်းတီးခြင်းကလည်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို တိုးထုတ်ပြန်ရာ ကမ္ဘာ့လေထုအပူချိန်မှာ အတိုးဘက်သို့သာ ဦးတည်နေဆဲဖြစ်သည်။
အပူကိုစုပ်ယူပြီး ကမ္ဘာ့အပူချိန်တိုးလာစေသည့် ဓာတ်ငွေ့များကို “ဖန်လုံအိမ် ဓာတ်ငွေ့” ဟု ခေါ်သည်။ အပူချိန်တိုးလာသည့် ဖြစ်စဉ်ကိုလည်း “ဖန်လုံအိမ်ဓာတ်ငွေ့အကျိုးသက်ရောက်မှု”ဟု ခေါ်ကြသည်။ နှစ်ပေါင်း ၁၀၀ အတွင်း သိသိသာသာ အကျိုးသက်ရောက်မှုများ (အများအားဖြင့် ဆိုးကျိုးများ) တဖြည်းဖြည်း ကြီးထွားလာမှုကြောင့် ကမ္ဘာ့နိုင်ငံအများစုက ကပ်ဘေးဆောင်ရာသီဥတု (Climate Crisis) ဟု ပြောင်းလဲခေါ်ဆိုနေကြပြီ ဖြစ်သည်။ မြန်မာတောင်သူများမှာ နည်းပညာနှင့် သတင်းအချက်အလက်အားနည်းချက်ကြောင့် ကမ္ဘာ့ရာသီအပြောင်းအလဲနှင့် အကျွမ်းတဝင် မသိသေးသည်မှာလည်း ရေရှည်စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဆင်ကန်းတောတိုးသည့်နှယ် ဖြစ်ကုန်သည်။
■ကသာခရိုင်အတွင်း မိုးရေချိန် ၄၀ လက်မအောက် ဒုတိယအကြိမ် ရောက်သည့်နှစ်
ကသာခရိုင်အတွင်း ပုံမှန်မိုးရေချိန်မှာ ၆၀ ဒသမ ၁၅ လက်မ ရရှိသည်။ ၂၀၂၁ ခုနှစ်သည် ကသာခရိုင်အတွင်း ၃၈ ဒသမ ၃၉ လက်မသာရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်ကား ထိုထက်နည်းကာ ၃၁ ဒသမ ၇၆ လက်မဖြင့် စံချိန်တင်ခဲ့သည်။ ယခင် အနည်းဆုံးနှစ်များ ၂၀၀၂ ခုနှစ်က ၄၂ ဒသမ ၇၈ လက်မ၊ ၁၉၉၈ ခုနှစ်မှာ ၄၁ ဒသမ ၄၃ လက်မ၊ ၁၉၉၉ ခုနှစ် မှာ ၄၁ ဒသမ ၉၄ လက်မဖြစ်သည်။ ကသာခရိုင် မိုးလေဝသဌာနမှ မှတ်တမ်းများနှင့် ပတ်သက်၍ ကသာခရိုင် မိုးလေဝသနှင့်ဇလဗေဒစခန်းမှ ဒုတိယဦးစီး ဦးဟန်ထက်အောင် က “မိုးရေချိန် လက်မ ၄ဝအောက်ကို ဆင်းတာ နှစ်နှစ်ရှိပြီပေါ့။ အရင်ကတော့ မြင်းခြံတို့၊ မုံရွာ၊ မန္တလေးတို့ပဲ ကြားဖူးတာ။ အခုကိုယ့်ဆီရောက်နေပြီ။ အဓိကတော့ Climate Change (ကမ္ဘာ့ရာသီပြောင်းခြင်း)ပဲဗျ။ မိုးရွာတာ နေရာမညီဘူး။ ရွာသွန်းတဲ့ပုံစံ မမှန်ဘူး။ ဒေသတွင်း သစ်တောကြီးတွေ ပြုန်းလာတာလည်း ပါမှာပေါ့။ ကျွန်တော်တို့ ဒေသက အကြီးဆုံး မိုးသစ်တောတွေက တဖြည်းဖြည်း ပျောက်လာပြီကိုး။ လာမယ့်နှစ်အတွက်တော့ မိုးလေဝသပညာရှင်များက လာနီညာဖြစ်စဉ်ကြောင့် မိုးကောင်းမယ်လို့ ပြောထားကြတယ်” ဟု ဆိုသည်။
ကသာခရိုင်၏ မိုးကာလလေးလ (ဇွန်လမှ စက်တင်ဘာလကုန်အထိ) ပျမ်းမျှ မိုးရေ ချိန်မှာ ၄၀ ဒသမ ၅၄ လက်မ ရွာသွန်းရမည် ဖြစ်သော်လည်း ၂၀၂၁ ခုနှစ် မိုးကာလ လေးလတွင် ၃၂ ဒသမ ၂၀ လက်မသာ ရွာသွန်းခဲ့သည်။ ဇွန်လတွင် ၅ ဒသမ ၇၁ လက်မနှင့် စက်တင်ဘာလတွင် ၅ ဒသမ ၇၁ လက်မ သာရှိသဖြင့် ပျိုးထောင်ချိန်နောက်ကျကာ စပါးအောင်ရေ အရနည်းခဲ့ကြရခြင်းဖြစ်သည်။
ဒေသခံတောင်သူများ၏ ရာသီဥတု ပြောင်းလဲသည့်အပေါ် ယူဆချက်တွေကလည်း စိတ်ဝင်စားစရာကောင်းသည်။အများစုက သစ်တောများ ပြုန်းတီးခြင်းကြောင့်ဆိုသည့် ယူဆချက်က ဘုံယူဆချက်ဖြစ်နေသည်။ အလယ်ဆိပ်အုပ်စုက တောင်သူ အသက် ၇၀ အရွယ် တောင်သူ ဦးအောင်သိန်းက “သစ်ပင်၊ ၀ါးပင်ကို တောတွေထဲမှာ ထူထူထပ်ထပ် မရှိဘူး။ ပြီးတော့ ဒီဒေသမှာက သံဃာတော်တွေနဲ့လူတွေ ပဋိပက္ခဖြစ်ကြတယ်။ အဓိကတော့ သစ်တော၊ သစ်ပင်တွေ ပြုန်းလို့ယူဆတယ်”ဟု ဆိုသည်။
ယခုနှစ်တွင် မဲဇာမြစ်ရိုးကြောအနောက်ဘက် ရေဝေတောင်ကြောတစ်ခုလုံးမှာ နေ့-ည သစ်ထုတ်ယူနေကြသည်မှာလည်း ဒေသခံများက ရေရှည်အတွက် စိုးရိမ်လာကြသည်။
အင်းတော်မြို့မှ ရွှေလုပ်ငန်းလုပ်ကိုင်နေ သူတစ်ဦးက “ရေဝေတောင်ကြောတစ်ခုလုံး ကျွန်းပင်ကြီးတာ မကျန်တော့ဘူး။ ဗန်းမောက်နယ်တစ်ကြောအားလုံး အုပ်စုနဲ့ကို အလုအယက် သစ်ထုတ်နေကြတာ။ တရုတ်ပို့ ဖို့ ပေတိုတွေလို့ပြောတယ်။ မိုးခေါင်တာလည်းမပြောနဲ့ တောင်တွေက သစ်ပင်ကြီးကို မကျန်သလောက် ဖြစ်နေတာ” ဟု ဆိုသည်။
■မြန်မာ့တောင်သူများအတွက် အကြီးဆုံးစိန်ခေါ်နေသည့် မုတ်သုံမိုး
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး စနစ်မှာ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ အတွင်းရွာသွန်းသည့် မုတ်သုံမိုးကို အခြေခံကြရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ဝန်းကျင်က မိုးဥတုတွင် မိုးရွာရက် ၁၄၄ ရက်ရှိခဲ့ သော်လည်း ဆယ်စုနှစ် သုံးခုအတွင်း ရက် ပေါင်း ၁၂၁ ရက်သို့ ကျဆင်းလာကြောင်း မိုးလေဝသနှင့် ဇလဗေဒမှတ်တမ်းများက ဆိုသည်။ မိုးရွာရက် ၂၃ ရက်တိုသွားခြင်းကလည်း စိုက်ပျိုးရေးလုပ်ငန်းကို အပြောင်းအလဲ ကြီးကြီးမားမားဖြစ်စေသည်။
မိုးလေဝသနှင့် ဇလဗေဒ ဒုတိယညွှန် ကြားရေးမှူး ဦးတင်ထိုက်က Climate Change ကြောင့် မုတ်သုံကာလ တိုတောင်း ခြင်းဖြစ်ပြီး မုတ်သုံမိုးကာလ ဆက်လက်တို မည်ဟု မိုးဇလအချက်အလက်များအရ သုံးသပ်သည်။
ဦးတင်ထိုက်က “ကချင်ပြည်နယ်တို့၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းတို့က မုတ်သုံနောက် ဆုံးမှဝင်ပြီး အရင်ဆုံးထွက်တာလေ။ နောက်ထပ်လည်း မုတ်သုံမိုးရွာချိန်က တိုသွားဖို့ပဲ ရှိတယ်။ မြန်မာနိုင်ငံအတွက် မုတ်သုံမိုးက အရေးကြီးတယ်။ ကမ္ဘာ့ပညာရှင်တွေကတော့ အနောက်တောင်မုတ်သုံလေဟာ ပျောက် သွားနိုင်တယ်လို့ သုံးသပ်ကြတာတွေရှိတယ်”ဟု ဆိုသည်။
ကသာခရိုင် အင်းတော်မြို့နယ် မန်လည် တိုက်နယ်မှ ဦးအုန်းမောင်က “မိုး ကမောက် ကမဖြစ်တာက ၁၀ နှစ်ဝန်းကျင်လောက် ရှိလာပြီ။ မိုးကို နည်းသွားတာ။ရွာရင်မကြာဘူး။ ရေပါတာလည်း နည်းတယ်။ တစ်နှစ်လုံးမှာ မိုးရေပါတာ သုံးကြိမ်ပဲ တွေ့တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က နှစ်တိုင်း မဲဇာချောင်း ရေလျှံ တယ်။ အခုရေမကြီးတာ ခုနစ်နှစ်ရှိပြီ။ အကျိုးဆက်က မဲဇာချောင်းဘေး အခင်းတွေ ကြွက် ပေါတာပဲ”ဟု ဆိုသည်။
■သောင်းကျန်းလွန်းသည့် ကြွက်
မဲဇာမြစ်သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မြစ်ဖျားခံသည့် ၈၃ မိုင်ခန့်ရှည်လျားသည့် မြစ်တစ်စင်းဖြစ်သည်။ မဲဇာမြစ်ကို ကျေးရွာပေါင်း ၁၀၀ ကျော်မှီခိုနေရပြီး မြစ်ကမ်းနံဘေးမှ စိုက်ခင်းများ အလွန်အကျိုးပြုသည့် မြစ်တစ်စင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် မဲဇာမြစ်ရိုးတွင် ကြွက််သောင်းကျန်းမှုကို ၂၀၁၇ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်မှစတင်ခံစားခဲ့ကြရခြင်းဖြစ်ပြီး အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။ ဒေသခံတောင်သူအများစု သုံးသပ်ချက်အရ မဲဇာမြစ်ရိုးတွင် ကြွက််များသောင်းကျန်းမှုမှာ မြစ်ရေကြီးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး မဲဇာမြစ်ရေ ကမ်းလျှံသည်အထိ ရေမကြီးသည်မှာ ခုနစ်နှစ်ရှိပြီဖြစ်ကြောင်း၊ ကြွက််များကို စားသုံးသည့် တောကြောင်များ၊ မြွေများရှားပါ ပြုန်းတီးလာခြင်းနှင့် သက်ဆိုင်ခြင်းများ ရှိနေသည်ဟု သုံးသပ်ကြသည်။
မဲဇာမြစ်ကမ်း ၊အလယ်ဆိပ်အုပ်စုတွင် လယ်နှင့်ယာခင်းကို ပူးတွဲလုပ်ကိုင်နေသည့် ဦးထွန်းထွန်းဝင်းက “ကြွက််များတာက အဓိက ရေမကြီးလို့ထင်တယ်။ ရေကြီးရင် မျောပါတာ။ သတ်စားခံရတာတွေ ရှိတယ်။ အရင် တုန်းက ဒီလို ကြွက်ဘေးမရှိဘူး။ ရေလည်း နှစ်တိုင်းလောက် ကြီးတယ်။ အခုက ရာသီဥတုပြောင်းပြီး မိုးခေါင်လာတာ နှစ်ဆက်လို ဖြစ်လာပြီ။ နောက်ပြီးတော့ ကြောင်တို့၊ မြွေတို့လည်း အဆိပ်တွေ စားမိပြီး သေတာတွေကို ဖြစ်ကုန်တာ။ ကြွက််စားမယ့်အကောင်မရှိတော့ မဲဇာရိုးတစ်ရိုးလုံး ရွာတွေ ဆယ်ချီပြီး တောင်သူတွေ ကြွက််ဆေးဖိုး သုံးသောင်းလောက်ကုန်တာ။ လပိုင်းဆိုရင် ပြန်ပွားပြန်တာပဲ။ ကြွက််တွေ အများစုကလည်း ရေနဲ့ နီးတဲ့မြစ်ကမ်းဘေး အခင်းတွေမှာ စုတာပဲ။ပိုက်တွေ ဝယ်တားရ၊ ကြွက််ဆေးဖိုးကုန်ရနှင့် ရမယ့်ဟာတွေထဲက ဖဲ့ပါကုန်တာ”ဟု ဆိုသည်။
ကြွက််ဆေးဖိုးပင် တောင်သူဦးရေ ငါးထောင်၏ တစ်ဦးလျှင် ကျပ်သုံးသောင်းနှင့်တွက်လျှင်ပင် နှစ်စဉ် ကျပ်သိန်းပေါင်း ၁၅၀၀ အထက်တွင် ရှိနေသည်။
စိုက်ပျိုးရေးအရာရှိ ဦးအောင်မျိုးဝင်းက ကြွက််ဘေးကို မြန်မာနိုင်ငံ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ဧရာဝတီ
မြစ်ဝကျွန်းပေါ်ဒေသများတွင် ကျရောက်ခဲ့ပြီး ကြွက်များမှာ အခြားအရပ်မှ အစာရှားပါးမှုကြောင့် ပြောင်းလာခြင်းနှင့် ဒေသတွင်း ကြွက််များအတွက် အစာရေစာ ပတ်ဝန်းကျင် ကောင်းခြင်းများကြောင့် ပေါက်ဖွားနှုန်းမြင့်တက်လာမှုကြောင့်ဖြစ်တတ်ကြောင်း သုံးသပ်သည်။
၎င်းက “စုပေါင်းပြီး မနှိမ်နင်းရင် မအောင်မြင်ဘူး။ ကြွက််သတ်ဆေးသုံးတာလည်း အကောင်းဆုံးနည်းမဟုတ်ပါဘူး။ စုပေါင်း ကြွက််ရှာတာ၊ ခွေးတွေနဲ့ရှာတာ၊ အသိုက်အမြုံဖျက်တာ၊ ကြွက်ထောင်ချောက်လုပ်တာ။ ကြွက််သတ်ဆေးက တကယ်တမ်း မထိရောက်ပါဘူး။ သဘာဝအစာရှိရင် ကြွက်သတ်ဆေးပါတာကို မစားတာမျိုးတွေရှိတယ်။ အစာကွင်းဆက်က အကောင်တွေ သေဆုံးတာမျိုး ဘေးထွက်ဆိုးကျိုးပါ ရောက်ကုန်တယ်။ ကြွက််က ၂၁ ရက်ပဲ ကိုယ်ဝန်ဆောင်တော့ အစာကောင်းရင် မျိုးပွားမှုက အရမ်းမြင့်တယ်။ အစာမရှိရင်လည်း မျိုးမပွားဘဲ အကြာကြီးနေကြတယ်။ နောက်ဆုံးနည်းကတော့ ကိုယ်ဝန်မဆောင်နိုင်တဲ့ဆေးတွေ ကျွေးတာပါ လုပ်ကြရတာမျိုးရှိပါတယ်” ဟုု ပြောကြားသည်။
သဘာဝတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးပညာရှင် ဦးနေမျိုးရွှေက ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း(Climate Change) နှင့် ဂေဟစနစ်ပျက်ယွင်းခြင်းကို တစ်ကမ္ဘာလုံးကြုံတွေ့နေရပြီး စိုက်ပျိုးရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုဖြစ်ကြောင်း သုံးသပ်သည်။ ၎င်းက “အဓိကတော့ တောင်သူတွေ အဆိပ်ကျွေးပြီးဖြေရှင်းတာမျိုးထက် စိုက်ပျိုးရေး ပညာရှင်တွေနဲ့ပူးပေါင်းပြီး ဖြေရှင်းစေချင်တယ်။ ဂေဟ စနစ်နဲ့ပြောမယ်ဆိုရင် ကြွက််ကို စားမယ့် ကြောင်၊ မြွေ၊ ငှက်တွေပါ လိုက်သေတာမျိုးတွေ ဖြစ်မယ်။ စားမယ့်ကောင်တွေမရှိတော့ ပိုမျိုးပွားမယ်ဒဒဟု ပြောကြားသည်။
မဲဇာမြစ်ရေ မကြီးသရွေ့ ကြွက််ကပ်ဘေးက တောင်သူတွေ လွှတ်ရန် လမ်းစမမြင်ရသေးပါ။
■ ခံကြရတဲ့ တောင်သူတွေ
“ဒီနှစ်မှာ တံစဉ်လွတ်တဲ့ အကွက်တွေ ရှိတယ်။ ကောက်လှိုင်း ၄၀၀ ဟာ စပါး ၆၀ ထွက်တဲ့လယ်တွေရှိ
တယ်။ ထယ်ခ၊ ထွန်ခ၊ ပျိုးနုတ်ခ၊ ကောက်စိုက်ခ၊ မြေဆီခ၊ ရိမ်းသိမ်းခ၊ ခြွေလှေ့ခ၊ တိုက်ခ နုတ်လိုက်ရင် ဝယ်စားတာက မြတ်သေးတယ်။ ဒါတောင် ကိုယ့်လုပ်အားခ မပါသေးဘူး ။အခုကျတော့ နိုင်ငံရေးအခြေအနေကြောင့် ကုန်သည်တွေက စပါးမလှောင်ရဲကြဘူး။ တရုတ်လမ်းတွေကလည်း မဖွင့်တော့ ဘယ်သူမှ စပါးဝယ်သူမရှိဘူး။ ရောင်းရရင်လည်း စျေးမကောင်းဘူး” ဟု တောင်သူကိုလှသိန်းက ဆိုသည်။
NPK ၁၅ ပတ်လည် မြေဆီတစ်အိတ်က လေးသောင်းဝန်းကျင်မှ ရှစ်သောင်းကျော်အထိ ဖြစ်သွားသည်။ အခြားဓာတ်မြေသြဇာစျေးနှုန်း တစ်ဝက်ကျော်တက်ကုန်သည်။ ကုန်သည်တွေဘက်ကလည်း အဆန်မပြည့်သည့် စပါးတွေက ၄၆ ပေါင် တစ်တင်းမဖြစ်တော့ဘဲ ၁၈ပြည်၊ ၁၉ ပြည်မှ ၄၆ ပေါင် ရတော့သည်ဟု ဆန်စက်ပိုင်ရှင် ဦးစံဦးက ဆိုသည်။
၎င်းက “နယ်စပ်ပိတ်တော့ စပါးရောင်းဝယ်ရေးက ဒေသသုံးအဖြစ်ပဲ ရှိနေတယ်။ အဆန်မအောင်တဲ့စပါးဝယ်ရင် တောင်သူဘက်က ပိုပေးရတယ်ထင်တယ်။ ကျွန်တော်တို့ဘက်ကကျတော့ စပါးဖျင်းများတော့ ရှုံးတယ်။ ဒီဒေသက တောင်သူတွေက လာမယ့်နှစ်မှာ ပိုမိုကျပ်တည်းကြမှာပဲ။ ထွက်သမျှ မရောင်းရ၊ စျေးကောင်းမရ။ ဝယ်စားရတဲ့ဟာတွေက စျေးတွေ အဆမတန် ကြီးနေကြတာ” ဟု သုံးသပ်သည်။
ပင်သချေ ဆရာတော် ဦးဇာဂရက “ရပ်ရွာရဲ့ အခြေအနေက စပါးမအောင်တာ တစ်ရွာလုံးနီးပါးအထိသွားတော့ ကထိန်ကို မလုပ်ဖြစ်ကြတော့ဘူး ။အင်းတော်မြို့ပေါ်က စေတနာရှင်တွေ လာပြီး ခင်းပေးရှာပါတယ်။ ဘုန်းကြီးတို့ဘက်တော့ တစ်နယ်လုံး ပါးပါးထိကြတာပေါ့။ ရေရတဲ့ သူတွေ၊ ရေတင်နိုင်တဲ့သူတွေ အောင်ကြတယ်။စပါးစျေးတွေတော့ မရှိကြဘူးတဲ့” ဟု မိန့် ကြားသည်။
၀ါကျွတ်သည့်သီတင်းကျွတ်လပြည့်နေ့က ရွာရှေ့အင်းကြီးခန်းသွားကြောင်းကိုလည်း မိန့်ကြားသည်။ “ငယ်ငယ်ကတော့ နွေရာသီတောင် လူတစ်ရပ်မြုပ်တဲ့အင်းက အခုမိုးကုန်တာနဲ့ ခန်းတော့ အံ့သြလို့မဆုံးဘူး။ အင်းဘေးလယ်တွေ ရေတင်ကြတာလေ” ဟု ဆက်လက်မိန့် ကြားသည်။
■ မျိုးတုန်းပျောက်ကွယ်နေတဲ့ စပါးမျိုးများ
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသ အင်း၊ အိုင်ချောင်း၊ မြောင်း ပေါများသည့် ဒေသဖြစ်သော်လည်း မိုးရာသီ တိုတောင်းလာမှုက တောင်သူများ၏ စိုက်ပျိုးရေး အလေ့အထကို တဖြည်းဖြည်းပြောင်းလဲစေခဲ့သည်။
“သက်ကြီးစပါးမျိုးများကို ၁၉၉၀ ကာလများမတိုင်ခင် စိုက်ပျိုးခဲ့သော်လည်း၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကာလတွင် သက်လတ်နှင့်သက်လျင်(သက်ငယ်)စပါးမျိုးများကိုသာ အဓိက စိုက်ပျိုးလာကြောင်း နှစ်ပေါင်းလေးဆယ်ကျော် တောင်သူလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။ လက်ရှိတွင် နာမည်ရနေသည့် လုံးသွယ်မွှေးစပါးမှာ သက်လက်စပါးမျိုးဖြစ်ပြီး ၁၉၈၅ ခုနှစ် အရှေ့ပိုင်းတွင် ခုနစ်ရာဗိုလ်၊ ပင်လည်ဘူး၊ ဆေးကျည်တောက်၊ စပါးနက်၊ မရွှေလီ စပါးမျိုးများကိုသာဘိုးဘွားစဉ်ဆက်စိုက်ပျိုးလာခဲ့ကြောင်း နှစ်ပေါင်း ၅၀ ကျော်လယ်လုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးမောင်ဦးက ဆိုသည်။
၎င်းက “အောင်ရေမရ၊ အထွက်နည်းခဲ့တာကြောင့် အခုဆိုရင် သက်ကြီးစပါးတွေက မျိုးတုန်းပါပြီ။
အဲဒီစပါးတွေက တန်ဆောင်မုန်းလပြည့်မှ ကျွဲခြေရာကွက်၊ နွားခြေရာကွက်က စပါးပင်တွေပါ အနှံထွက်တယ်လို့
ဆိုတယ်။ အခုခေတ်ကျတော့ “ဖုံးတုန်း၊ လုံးတုန်း တန်ဆောင်မုန်း” ဆိုတဲ့ စကားပျောက်ပြီလေ” ဟုဆိုသည်။
သက်ကြီးစပါးမှာ ငါးလကျော်၊ သက်လတ်မှာ လေးလကျော်၊ သက်ငယ်မှာ သုံးလကျော် သက်တမ်းရှိပြီး ကချင်ပြည်တစ်ခုလုံးတွင်လည်း လက်ရှိတွက် သက်လတ်နှင့်သက်လျင်(သက်ငယ်)စပါးမျိုးများကိုသာ စိုက်ပျိုးနေကြကြောင်း စိုက်ပျိုးရေးဌာနက ဆိုပါသည်။သက်ကြီးစပါးမျိုးမှာ ရာသီတစ်ခုတည်းသာစိုက်ပျိုးရနိုင်သည့် စပါးမျိုးဖြစ်ပြီး နှစ်စဉ်နိုဝင်ဘာလအအေးဓာတ်ရမှ အပွင့်ပွင့်သည့် စပါးမျိုးဖြစ်သည်။ မိုးကာလတိုတောင်းလာခြင်းကြောင့် အောင်ရေမရဖြစ်ကာ တောင်သူများက သက်ကြီးစပါးစိုက်ပျိုးခြင်း ပပျောက်လာခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနက အနာဂတ်ကာလတွင် ဆည်ရေသောက် လယ်ယာလုပ်ငန်း တိုးမြှင့်ရေးမူဝါဒများချမှတ်ခြင်း၊ ရာသီဒဏ်ခံနိုင်ပြီး အထွက်တိုးသည့် သက်ငယ်စပါးမျိုးများကို ထုတ်လုပ်နိုင်ရန် သုတေသနပြုနေကြောင်း သိရသည်။
■ကြိုပြင်မှ တော်ကာကျမည်
“ဒီနှစ်မိုးခေါင်လိုက်တော့ ဧရာမင်း၊ ပဒေသာ၊ မှော်ဘီ စပါးမျိုးတွေ ထိတယ်။ လုံးသွယ်မွှေး၊ တုတ်ဖွေး သက်တာတယ်။ အထိနာတဲ့ စပါးမျိုးပယ်၊ ရေငတ်ခံကို မျိုးယူရမှာပေါ့။ တချို့က လယ်ထိပ်၊ လယ်ဘေးမှာ ကန်တူးကြတော့ စပါးအောင်ရေထည့်နိုင်ကြတယ်။ လိုက်လည်း တူးကြတယ်။ လယ်ကျဉ်းတဲ့သူတွေ၊ တတ်နိုင်တဲ့သူတွေ ငါးပေါက်ကျင်း၊ ခြောက်ပေါက်ကျင်း ရိုက်ကြတာပေါ့” ဟု ပင်သချေရွာက တောင်သူ ဦးမောင်ဦးက ဆိုသည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ချုပ် ဒေါက်တာကျော်မိုးဦးက ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း(Climate Change) ကြောင့် မိုးရွာသွန်းမှု ပုံစံမမှန်တာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ မုတ်သုံကာလ ၁၄၄ ရက်ကနေ ၁၂၁ ရက်အထိ တိုတောင်းလာတာဖြစ်လာပြီး စိုက်ပျိုးရေးဌာနများနှင့်ပေါင်းပြီး ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေလိုအပ်ချက်နည်းသော ရာသီဒဏ်ခံ စျေးကွက်ဝင်သီးနှံများ အစားထိုးစိုက်ပျိုးရန် ပညာပေးခြင်းများ လုပ်နေသည်ဟု ဆိုပါသည်။
အင်းတော်မြို့နယ် စိုက်ပျိုးရေးဌာနက ဦးသိန်းထိုက်က “ဒီနယ်က တောင်သူတွေက Climate Change နဲ့ မရင်းနှီးသေးဘူး ပြောရမှာပေါ့။ ဒီဒေသက ချောင်း၊ မြောင်း၊ ရာသီဥတု ကောင်းမွန်ခဲ့တဲ့ဒေသဆိုတော့ ဒေသခံတောင်သူတွေက ရာသီအပြောင်းအလဲကို မလိုက်နိုင်ကြသေးဘူး။ ရာသီနှင့် ကိုက်ညီတာ၊ ဒေသနှင့် ကိုက်ညီတာ စိုက်ဖို့ ပညာပေးနေကြပါတယ်။ တချို့တောင်သူတွေက လျှိုလယ်(တောင်ကြားလယ်)တွေမှာ ရေကန်ငယ်လေးတွေ တူးကြတာလည်း မိုးခေါင်တဲ့အခါ၊ ရေလိုတဲ့အခါ အကျိုးဖြစ်ထွန်းကြပါတယ် ။ရေကိုတော့ ရတဲ့နည်းနဲ့ ဖန်တီးဖို့လိုပါတယ်ဒဒဟု ဆိုသည်။
ကမ္ဘာ့သိပ္ပံပညာရှင်များ တွေ့ရှိချက်ကတော့ ကမ္ဘာကြီးပူနွေးမှုသည် ကမ္ဘာပေါ်မှာ ဆယ်စုနှစ်၊ ရာစုနှစ်ချီ
ဆက်လက်ရှိနေဦးမည်။ မြန်မာတောင်သူတွေကတော့ အသိပညာ အပြာင်းအလဲ၊ နည်းပညာ
အပြောင်းလဲများဖြင့် လိုက်လျောညီထွေ နေနိုင်မှု၊ အရင်းအနှီး လိုအပ်သည်များကို ပြင်ဆင်ထားရန်လိုနေသည် ။စပါးစိုက်ပျိုးရေးတွင် မိရိုးဖလာအားကိုးခဲ့သည့် မုတ်သုံမိုးတစ်ခုတည်းဖြင့် ရေရှည် ရပ်တည်ရန်ခက်ပါလိမ့်မည်။ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း( Climate Change )ကြောင့် ဖြစ်ပါသည်။