၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ရက်သတ္တ နှစ်ပတ် ကြာ ပြုလုပ်ခဲ့သော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု အစည်းအဝေးတွင် အဓိက သဘောတူညီချက် သုံးခုကို ချမှတ်နိုင်ခဲ့သည်။
၁ – ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေး ခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင် ထိန်းထားနိုင်ရေး လာမည့်နှစ်တွင် ထပ်မံစည်းဝေးကြရန်
၂ – ကျောက်မီးသွေးအသုံးလျှော့ချရန်
၃ – ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးအကူအညီ ပိုပေးရန်တို့ ဖြစ်ကြသည်။
နေရာအနှံ့အပူချိန်တက်လာ၊ ရေခဲပြင် အရည်ပျော်၊ ပင်လယ်ရေပြင် မြင့်တက်၊ မုန်တိုင်းပိုတိုက်၊ တိုက် သော မုန်တိုင်း အားပိုကောင်းလာ၊ ရေကြီးရေလျှံ၊ အချို့ နေရာများတွင် မိုးခေါင်စသဖြင့် ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များကို ယခုကပင် သိသာစွာ ခံစားလာ နေရသည်။ ယင်းအန္တရာယ်များ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်မသွားစေရန် ကမ္ဘာ့အပူချိန်ကို စက်မှု တော်လှန်ရေးခေတ် မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင် ထိန်းထားနိုင်ရေးအတွက် တိကျသော ဆုံးဖြတ်ချက်ကို အစည်းအဝေးတွင် ချမှတ်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယင်းသို့ဖြစ်မလာပေ၊ နောက်တစ်ကြိမ် စည်းဝေးကြဦးမည်ဟုသာ ဆုံးဖြတ်နိုင်ခဲ့သည်။ ကျောက်မီးသွေးအသုံး လျှော့ချရန် ပထမဆုံးအကြိမ် သဘောတူကြခြင်းမှာမူ သိသာသော တိုးတက်မှု တစ်ခု ဖြစ်သည်။ သို့သော် ယင်းသဘောတူညီချက်များမှာ ကတိကဝတ်မျှသာ ဖြစ်၍ မလိုက်နာ မနေရ မဟုတ်ချေ။
သဘောတူညီချက်သုံးခုအနက် ပထမနှင့် ဒုတိယအချက်တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြသည်။ အပူချိန်ထပ်မတက်အောင် ကာဘွန်ဒိုင်အောက်ဆိုက် အဓိကဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရမည်၊ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်နေမှု၏ အဓိကအကြောင်းမှာ ကျောက်မီးသွေး ဖြစ်ရာ ကျောက်မီးသွေးသုံးစွဲခြင်းကို အမြန်ဆုံး လျှော့ချကာ မဝေးလှသောအချိန်၌ လုံးဝစွန့်လွှတ်ရန် အရေးကြီးလှသည်။
ကျောက်မီးသွေး၏ကဏ္ဍ
လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အဆောက်အအုံများကို အပူပေးရန်နှင့် အစားအစာ ချက်ပြုတ်ရန် ကျောက်မီးသွေးကို သုံးခဲ့ကြပြီး နောက်ပိုင်း ၌ စက်ကိရိယာများလည်ပတ်ရာတွင် လောင်စာအဖြစ် သုံးစွဲကြသည်။
ကျောက်မီးသွေးကို လောင်မြှိုက်ခြင်းမှ အပူစွမ်းအင်အပြင် ဆာလ်ဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် အောက်ဆိုက်နှင့် ကာဘွန်ဒိုင်အောက်ဆိုက်များ အဓိက ထွက်ပေါ်သည်။ ဆာလ်ဖာဒိုင်အောက်ဆိုက်သည် အက်စစ်မိုးနှင့် အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်ပွားစေသည်။ နိုက်ထရိုဂျင်အောက်ဆိုက်များကြောင့် မီးခိုးမြူများဖြစ်ပေါ်ပြီး အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်ပွား သည်။ ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ကမ္ဘာ့လေထုပူနွေးကာ ရာသီဥတုကို ပြောင်းလဲစေသည်။ လူတို့ ကြောင့် လေထုတွင်းရောက်သော ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းသည် ကျောက်မီးသွေးမှထွက်သည်။ ထို့ပြင် ကျောက်မီးသွေးစက်ရုံများမှ ထွက်သော အမှုန်များကြောင့် အသက်ရှူလမ်းကြောင်း ရောဂါနှင့် အဆုပ်ရောဂါများ ဖြစ်ပွားသည်။
ကမ္ဘာတွင် တွေ့ရှိပြီးကျောက်မီးသွေးပမာဏ တန်ချိန်သန်းပေါင်း ၈၉၁၀၀၀ ခန့် ရှိသည်။ လက်ရှိ သုံးစွဲနှုန်းနှင့် တွက်လျှင် နောက်ထပ် ပျမ်းမျှနှစ်ပေါင်း ၁၀၀ ကျော်သုံးနိုင်သည့် ယင်းကျောက်မီးသွေးသိုက်များ သည် အမေရိကန်၊ ရုရှား၊ တရုတ်၊ သြစတေးလျနှင့် အိန္ဒိယနိုင်ငံတို့တွင် အများဆုံးတည်ရှိသည်။ ယင်းနိုင်ငံ များအပြင် နိုင်ငံပေါင်း ၈၀ ခန့်၌ ကျောက်မီးသွေးသိုက် များရှိပြီး မြန်မာအပါအဝင် နိုင်ငံအချို့တွင်လည်း ကျောက် မီးသွေးအနည်းအကျဉ်းထွက်သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၌ ကျောက်မီးသွေး ၉၄၈၈၆ တန်ထုတ်လုပ်ခဲ့သည်။
ပြန်ပြည့်မြဲစွမ်းအင်ပြောင်းသုံးရန်မှာ
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတု ပြောင်းလဲမှုရှုထောင့်မှကြည့်လျှင် ကျောက်မီးသွေးအစား လေ၊ နေစသည့် ပြန်ပြည့်မြဲစွမ်းအင်များကိုသာ သုံးသင့်သည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် လက်တွေ့တွင် စွမ်းအင်ဇာစ်မြစ်ကို ရွေးချယ်ရာ၌ တည်ဆောက်စရိတ်နှင့် ထုတ်လုပ်စရိတ်၊ နိုင်ငံ့စီးပွားရေးအင်အား၊ ပြည်တွင်း အလုပ်အကိုင် ဖန် တီးနိုင်စွမ်းစသည်တို့ကိုလည်း ထည့်သွင်း စဉ်းစားကြသောအခါ လေစွမ်းအင် နေစွမ်းအင် အပါအဝင် ပြန်ပြည့်မြဲ စွမ်းအင်များ၏ ထုတ်လုပ်စရိတ် ကျဆင်းလာနေသော်လည်း တည်ဆောက်စရိတ် ကြီးမြင့်နေသေးသော အချက်က အရေးပါနေသည်။
၂၀၁၈ ခုနှစ် ဆန်းစစ်ချက်တစ်ခုအရ လေစွမ်း အင် တစ်ကီလိုဝပ်နာရီ ထုတ်လုပ်စရိတ်သည် အမေရိ ကန်ဒေါ်လာ ၀ . ၀၄၊ နေစွမ်းအင်(ဆိုလာပြား) တစ်ကီလိုဝပ်နာရီ ထုတ်လုပ်စရိတ်သည် အမေရိကန် ဒေါ်လာ ၀ . ၀၈ ရှိကာ ကျောက်မီးသွေးဖြင့် ထုတ်လုပ် လျှင် တစ်ကီလိုဝပ်နာရီအတွက် ၀ . ၀၄ နှင့် ၀ . ၁၄ ဒေါ်လာကြား၌ ကုန်ကျသည်။
ထုတ်လုပ်စရိတ်သက်သာသော်လည်း လေ စွမ်းအင်ထုတ်စက်တည်ဆောက်လျှင် စွမ်းအင် တစ်ကီလိုဝပ်လျှင် ဒေါ်လာ ၁၂၀၀ နှင့် ၅၀၀၀ ကြား၊ ဆိုလာ ပြားဖြင့်ဆိုလျှင် ဒေါ်လာ ၄၅၀၀ နှင့်အထက် ကုန်ကျသည်။ ကျောက်မီးသွေးစက်ရုံ တည်ဆောက်လျှင်မူ စွမ်းအင်တစ်ကီလိုဝပ်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ မှ ၁၀၀၀ ကြားသာလျှင် ကုန်ကျသည်။
ထို့ကြောင့် မိမိတို့နိုင်ငံအသီးသီးတွင် ကျောက်မီးသွေး ထွက်နေ၊ ကျောက်မီးသွေးသုံးစက်ရုံများကိုလည်း ဆောက်လုပ် လည်ပတ် အသုံးပြုလျက်ရှိသဖြင့် ရာသီဥတု အစည်းအဝေးတွင် မည်သို့သဘောတူထားစေ၊ ဘေးထွက်ဆိုးကျိုးများ ရှိနေစေကာမူ ကျောက်မီးသွေး စက်ရုံများကို အချိန်တိုအတွင်း ပိတ်သိမ်းကာ တည်ဆောက်စရိတ် များသော ပြန်ပြည့်မြဲစွမ်းအင်ကို အဆောတလျင် အသုံးပြုမည်မဟုတ်ချေ။ ယင်းစွမ်းအင်များကို အင်ပြည့်အားပြည့် အသုံးပြုရန် တရုတ်၊ အမေရိကန်နှင့် အိန္ဒိယအပါအဝင်နိုင်ငံများအဖို့ အချိန်ယူရဦးမည်။
သာဓကအနေနှင့် အိန္ဒိယ ရာသီဥတုရေးရာ ဝန်ကြီး ဘူပန်ဒါယာဒက်ဗ်၏ပြောစကားကို ကြည့်နိုင်သည်။ သူက “ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖွံ့ဖြိုးရေးအစီအစဉ်တွေ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတွေကို အားစိုက် လုပ်နေရတာ၊ ကျောက်မီးသွေးအသုံးကို ဘယ်လိုလုပ်ပြီး စွန့်လွှတ်ရမှာလဲ” ဟု မေးခွန်းထုတ်သည်။
ထို့ကြောင့် ယခုကပင် စတင် ဖောက်ပြန် ပြောင်းလဲနေသော ရာသီဥတုဘေးအန္တရာယ်များ နှစ်အနည်းငယ်အတွင်း လျော့ပါးအားနည်းလာမည်ဟု မျှော်လင့်၍မရနိုင်ချေ။ နိုင်ငံအသီးသီးသည် ရာသီပြောင်းမှုဒဏ်မှ အသက်သာဆုံးဖြစ်စေရန်သာ အားထုတ်နေကြရသည်။
မြန်မာ့အခြေအနေ
ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဆိုးရွားစွာ ခံရမည့် နိုင်ငံများစာရင်းတွင် ထိပ်ဆုံးတဝိုက်၌ ပါနေသော မြန်မာနိုင်ငံသည် ပို၍ အားထုတ်ဖို့ လိုအပ်သည်။ ရာသီပြောင်းဒဏ်ကို ခံရမည့် နိုင်ငံများစာရင်းကို အဖွဲ့အစည်း အသီးသီးက ပြုစုနေကြရာ ၂၀၂၁ ခုနှစ်အတွင်း ထုတ်ပြန် ချက်များကို လေ့လာလျှင် Germanwatch ၏ စစ်တမ်းတွင် ထိခိုက်ပျက်စီးနိုင်ခြေ အများဆုံး ရှိနေသည့် ၁၆ နိုင်ငံ၊ အမေရိကန် The Office of the Director of National Intelligence (ODNI) ၏ စစ်တမ်း၌ ၁၁ နိုင်ငံပါရှိသည့် အနက် အာဖဂန်နစ္စတန်၊ ဟေတီ၊ အိန္ဒိယ၊ ပါကစ္စတန် နှင့် မြန်မာတို့သည် စစ်တမ်းနှစ်ခုစလုံးတွင် ပါဝင်နေသည်။
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် နော့ထရာဒမ် တက္ကသိုလ်(University of Notre Dame)ကမူ နိုင်ငံ ၁၉၀ ၏ အခြေအနေများကို လေ့လာပြီး ရာသီဥတု ပြောင်းလဲခြင်း၏ဆိုးကျိုးများကြောင့် ထိခိုက်နိုင်ခြေနှင့် ယင်းဆိုးကျိုးများကို ရင်ဆိုင်ရန် ပြင်ဆင်ရာတွင် အဆင် သင့်ဖြစ်မှုဟု နှစ်ပိုင်းခွဲ၍ ဆန်းစစ်သည်။ ယင်းစစ်တမ်းအရ ဘင်္ဂလားဒက်ရှ်၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့သည် ထိခိုက်နိုင်ခြေ အမြင့်ဆုံး ငါးနိုင်ငံထဲတွင်သာမက အဆင်သင့်ဖြစ်မှုအနိမ့်ဆုံး ငါးနိုင်ငံ ထဲသို့လည်း ရောက်ရှိ ပါဝင်နေသည်။ (ကမ္ဘာတွင် ထိခိုက်နိုင်ခြေ အနည်းဆုံးမှာ နော်ဝေဖြစ်ပြီး အများဆုံးမှာ နိုင်ဂျာဖြစ်သည်၊ အဆင်သင့် ဖြစ်မှု အမြင့်ဆုံးမှာ စင်ကာပူဖြစ်ပြီး အနိမ့်ဆုံးမှာ ဗဟို အာဖရိကသမ္မတနိုင်ငံ ဖြစ်သည်။)
နော့ထရာဒမ်တက္ကသိုလ်က လေ့လာသောနိုင်ငံ ၁၉၀ အနက် အချက်အလက် ပြည့်စုံသော ၁၈၂ နိုင်ငံ၏ ထိခိုက်နိုင်ခြေနှင့် အဆင်သင့်ဖြစ်မှုတို့ကို ပေါင်း၍ အမှတ် ပေးအကဲဖြတ်လိုက်သောအခါ မြန်မာသည် ၁၆၁ နေရာတွင် ချိတ်သည်။ (ထိခိုက်နိုင်ခြေ နည်းပြီး အဆင်သင့်ဖြစ်မှု မြင့်မားသဖြင့် နော်ဝေသည် ကမ္ဘာ့အဆင့် ၁ ဖြစ်ပြီး စင်ကာပူသည် ကမ္ဘာ့အဆင့် ၈၊ အာရှအဆင့် ၁ ဖြစ် သည်။ ချဒ်နိုင်ငံက အဆင့် ၁၈၂ ဖြင့် ကမ္ဘာ့အောက်ဆုံးတွင် လည်းကောင်း၊ အာဖဂန်နစ္စတန်က အဆင့် ၁၇၅ ဖြင့် အာရှအောက်ဆုံးတွင်လည်းကောင်း ရပ်တည်သည်။)
မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားသည် ရာသီဥတုဒဏ်ကို ဆိုးရွားစွာခံရမည် ဖြစ်နေသော်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏသည် ဖွံဖြိုးပြီးနိုင်ငံများမှထုတ်လွှတ်ခဲ့သောပမာဏနှင့် ယှဉ်လျှင် မပြောပလောက်ချေ။ ဥပမာ မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်က ကာဘွန်ဒိုင်အောက်ဆိုက် တန်ချိန် ၃၈ သန်းသာ ထုတ်လွှတ်ခဲ့သည်၊ ယင်းနှစ်၌ တရုတ်နိုင်ငံမှ ထွက်သောဓာတ်ငွေ့သည် တန်ချိန်သန်းပေါင်း ၁၁၇၀၀ ရှိခဲ့ရာ မြန်မာနိုင်ငံမှ ထွက်သောပမာဏသည် တရုတ်၏ ၀ . ၃ ရာခိုင်နှုန်းခန့်သာ ဖြစ်သည်။ အလားတူ မြန်မာ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုသည် အမေရိကန်နှင့်ယှဉ်လျှင် မပြောပလောက်သော အတိုင်းအတာသာ ဖြစ်သည်။
လေထုတွင်းရောက် ကာဘွန်ဒိုင်အောက်ဆိုက်သည် မိမိဝင်ရောက်လာရာ ဒေသတဝိုက်တွင်သာ ရှိမနေဘဲ တစ်ကမ္ဘာလုံးကို ဖြန့်ကျက် ပျံ့နှံ့ ပူနွေးစေသည့်အတွက် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အနည်းအများနှင့်မဆိုင် နိုင်ငံမရွေး ဆင်းရဲချမ်းသာမခွဲခြားဘဲ သက်ရောက်သည်။
သက်ရောက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာသည် နိုင်ငံ၏ပထဝီအနေအထား၊ ရင်ဆိုင် တုံ့ပြန်နိုင်သော ဓနအင်အားနှင့် နည်းပညာအသုံးချနိုင်မှု စသည်တို့ပေါ်တွင် မူတည်သည်။
ဥပမာ ပင်လယ်ရေပြင်မြင့်တက်ခြင်းသည် အနိမ့်ပိုင်း ကျွန်းနိုင်ငံများနှင့်ကမ်းရိုးတန်းဒေသများအပေါ် သက်ရောက်မှု တူသော်လည်း နိုင်ငံံ့ဓနအင်အား၊ နည်းပညာ ကျွမ်းကျင်မှုတို့ပေါ် မူတည်၍ ထိခိုက်ပျက်စီးမှု အနည်းအများကွာခြားသည်။ သာဓကဆောင်ရလျှင် ပစိဖိတ် သမုဒ္ဒရာတွင်းရှိ ခရီဘာ့စ်နှင့် အိန္ဒိယသမုဒ္ဒရာတွင်းရှိ မော်လ်ဒိုက်တို့သည် အနိမ့်ပိုင်း ကျွန်းနိုင်ငံများ ဖြစ်ကြသည်ချင်း တူသည်။ သို့သော် ခရီဘာ့စ်တွင် သာမန် ရေတားတမံနိမ့်များဖြင့်သာ နေရာအချို့ကို ကာဆီးနိုင် သော်လည်း မော်လ်ဒိုက်တွင်မူ ပင်လယ်ရေပြင်ပေါ်၌ သဲဖို့ကာ လူလုပ်ကျွန်း အများအပြား တည်ဆောက်ခြင်း ဖြင့် မြင့်တက်လာသည့် ပင်လယ်ရေပြင်ကိုအံတုနိုင်သည်။ အလားတူ နိုင်ငံဧရိယာ၏ သုံးပုံတစ်ပုံခန့် ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်အောက်တွင် တည်ရှိသော နယ်သာလန်နိုင်ငံသည် မိမိ၏ ကမ်းရိုးတန်း တလျှောက်တွင် အဆင့်မြင့်တမံများတည်ဆောက်၍ နိုင်ငံကို ကာကွယ်သည်။
မြန်မာသည်မူ သက်ရောက်မှုကို ရင်ဆိုင်တုံ့ပြန်နိုင်သော ဓနအင်အားနှင့် နည်းပညာ မကြွယ်ဝသည့်အပြင် ပထဝီအနေအထားကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရနိုင်ဆုံးစာရင်းတွင် ပါဝင်နေသည်။
ရာသီပြောင်းလဲမှုဒဏ်ကို ခံရနိုင်သော ပထဝီ အနေအထားများအနက် တစ်ခုမှာ မြင့်တက်လာနေသော ပင်လယ်ရေပြင်၏ ခြိမ်းခြောက်မှုကို ခံနေရသော ကီလို မီတာ ၂၃၀၀ ရှည် မြန်မာ့ကမ်းရိုးတန်း ဒေသများ ဖြစ်သည်။ ပင်လယ်ရေပြင် မြင့်တက်မှုကြောင့် ကမ်းရိုးတန်း မြေများ ဆုံးရှုံးသည်သာမက ရေချိုအရင်းအမြစ်များထဲသို့ ဆားငန်ရေဝင်ရောက်ကာ စိုက်ပျိုးရေးနှင့်ရေရရှိရေး ထိခိုက်ပျက်စီးသည်။
အပူပိုင်းဒေသ၌ ပါဝင်သောမြန်မာနိုင်ငံတွင် ရာသီပြောင်းမှုကြောင့် ပုံမှန်ထက်ပိုပူလာနေသည်။ မိုးလေဝသ တိုင်းတာရေး စခန်း ၁၉ ခု၏ တိုင်းတာချက်များအရ ၁၉၈၁ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်း မြန်မာ့ ကမ်းရိုးတန်း ဒေသများ၌ ဆယ်စုနှစ် တစ်ခုလျှင် အပူချိန် ၀ . ၁၄ ဒီဂရီတက်ခဲ့ပြီး ကုန်းတွင်းပိုင်း ဒေသများတွင်မူ ၀ . ၃၅ ဒီဂရီစင်တီဂရိတ် တက်ခဲ့သည်။ ပျမ်းမျှအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း ဆယ်စုနှစ်တစ်ခုလျှင် ၀ . ၈ ဒီဂရီစင်တီဂရိတ်နှုန်းဖြင့် မြင့်တက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော အပူဒဏ်ကြောင့် လူ ၂၆၀ သေဆုံးခဲ့ပြီး ၁၄၈၂ ဦးမျှ နာမကျန်း ဖြစ်ခဲ့သည်။ မြန်မာ့ ကမ်းရိုးတန်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်တွင် ပင်လယ်ရေပြင်အပူချိန်သည် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် ယင်းမတိုင်မီကထက် ပို၍ မြင့် တက်လာသည်။
ရေပြင်အပူချိန်တက်ခြင်းကြောင့် ရေငွေ့ပိုပျံကာ လေထုတွင်းသို့ ရေငွေ့များ ပိုမိုဝင်ရောက်သည်။ လေထဲ၌ ရေငွေ့များလာသောကြောင့် မိုးပိုရွာသည်၊ မုန်တိုင်း ပိုတိုက်သည်။ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈ သုံးနှစ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှု၊ မုန်တိုင်းကျရောက်မှု၊ မိုးကြိုးပစ်မှု၊ လျှပ်တစ်ပြက်ရေကြီးမှုများ ယခင်နှစ်များ ထက် ပိုမိုဖြစ်ပွားလာခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၌ မုတ်သုန်အဝင် နောက်ကျပြီး အထွက်စောကာ မိုးရွာသွန်းမှု ၁၄၅ ရက်မှ ရက် ၁၁၀ အထိ လျော့ကျသွားခဲ့သည်နှင့် ကြုံနေရသည်။ မိုးရွာရက်တိုတောင်းသော်လည်း ရွာသည့်အချိန် တွင် ပိုမိုပြင်းထန်စွာရွာသဖြင့် မိုးရေချိန်ပိုများလာသည်။ ကမ်းရိုးတန်းဒေသများ၌ နှစ်စဉ် မိုးရွာသွန်းမှုသည် ဆယ်စု နှစ်တစ်ခုလျှင် ၁၅၇ မီလီမီတာ တက်ခဲ့ပြီး ကုန်းတွင်းပိုင်း ဒေသများတွင် ၃၇ မီလီမီတာ မြင့်မားလာခဲ့သည်။ အနာဂတ်တွင် မိုးရွာသွန်းမှုသည် လက်ရှိထက် ၄၀ ရာခိုင်နှုန်း အထိ ပိုလာနိုင်သည်။
ရက်တိုတိုအတွင်း ပြင်းထန်စွာရွာသည့်မိုး၏ အကျိုးဆက်ကို ၂၀၁၅ ခုနှစ်ကတွေ့ကြုံခဲ့ရသည်။ ၂၀၁၅ ခုနှစ် ဇွန်လမှ စတင်၍ မြန်မာပြည် အထက်ပိုင်းတွင် မိုးရွာသွန်းမှု များပြားသဖြင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တို့တွင် မြစ်ရေ ဖြည်းဖြည်းချင်း မြင့်တက်ခဲ့သည်။ ထိုစဉ် ဘင်္ဂလားပင်လယ်အော် အတွင်း၌ ဖြစ်ပေါ်ကာ ဇူလိုင် လ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ် ကုန်းပိုင်းသို့ ဝင်ရောက်ခဲ့သည့် ကိုမန်မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး စသည် တို့တွင် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ ရေလှောင် တမံများ၏ ရေပိုလွှဲများမှ ရေကျော်ခြင်း၊ မြေပြိုခြင်း စသည်တို့ကြောင့် ရှောင်တိမ်းချိန်မရဘဲ ပြည်သူလူထု အသက် အိုးအိမ် စည်းစိမ်တို့ ဆုံးရှုံးခဲ့ရသည်။
မြန်မာ တစ်နိုင်ငံလုံးတွင် လယ်မြေဧကပေါင်း ၁ . ၅ သန်းကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး စပါးစိုက်ဧက ၁ သန်းခန့် လုံးဝ ပျက်စီးခဲ့သည်။ လူပေါင်း ၁ . ၆ သန်း ကျော် ထိခိုက်ပြီး အိမ်ထောင်စုငါးသိန်းခန့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ လူဦးရေ ၁၀၀ ကျော်အသက်ဆုံးရှုံး သည်။ ပျက်စီးဆုံးရှုံးမှုပမာဏသည် ၂၀၁၄-၁၅ ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းခန့် ရှိသည်။
မြန်မာ့ဒေသအများစုတွင် မိုးပိုလာသော်လည်း မိုးနည်းသွားသော ဒေသများလည်း ရှိသည်။ ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များတွင် မိုးမကြာခဏခေါင်ခဲ့ပြီး ၂၀၁၀ ခုနှစ်ကမူ မိုးအကြီးအကျယ် ခေါင်ခဲ့သည်။ မိုးခေါင်မှု ဒဏ်ကိုအများဆုံးခံရသည့်ဒေသမှာ အလယ်ပိုင်း မိုးနည်း ရေရှားရပ်ဝန်း ဖြစ်သည်။
အထက်ပါ အစွန်းရောက် ရာသီဥတုဖြစ်စဉ်များ သည် ကမ္ဘာ၏အခြားဒေသများနည်းတူ မြန်မာတွင်လည်း ပို၍ပြင်းထန်လာရန် ရှိနေသည်။
ဦးစားပေးလုပ်ဆောင်ရန်
၂၀၁၄ ခုနှစ်စာရင်းများအရ မြန်မာ့ကျေးလက် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသို့မဟုတ် မြန်မာ့လူဦးရေ အများစုသည် ရာသီဥတုနှင့် မိုးရေမှန်မှုကို အမှီပြုသော စိုက်ပျိုးမွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနှင့် သစ်တောထွက် ပစ္စည်းများကို အခြေခံသည့် စီးပွားရေးဖြင့် အသက်မွေးကြသည်။ ဥပမာ စိုက်ပျိုးရေး ကဏ္ဍမှ ရသော ဝင်ငွေ သည် ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့် ရှိပြီး လုပ်သားဦးရေ၏ ၆၁ ရာခိုင်နှုန်းတို့ လုပ်ကိုင်နေသည်။
မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် မုန်တိုင်း တိုက်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းစသည့် ရာသီဥတု ဆိုင်ရာ သဘာဝဘေးအန္တရာယ် အများဆုံးဖြစ်ပေါ်ရာ မြစ်ဝကျွန်းပေါ် ဒေသ၊ ကမ်းရိုးတန်းဒေသနှင့် အလယ်ပိုင်း မိုးနည်းရေရှား ဒေသတို့၌ စုဝေးနေထိုင်ကြသည်။ ယင်း ဒေသတို့တွင် ဝင်ငွေနည်းလူတန်းစား အများအပြား ရှိသဖြင့် သဘာဝဘေးမှ ကာကွယ်ရန်၊ ထိခိုက်မှု လျော့ပါးရန် လုပ်ဆောင်ရမည့် စွမ်းရည် နိမ့်ကျသဖြင့် ထိခိုက် ပျက်စီးနိုင်မှု အများဆုံး ဖြစ်သည်သာမက ပြန်လည် ထူထောင်ရာတွင်လည်း ကြန့်ကြာမည်။
မြန်မာသည် တစ်ဖက်တွင် ရာသီဥတုဘေးကို ရင်ဆိုင်ရင်း အခြားတစ်ဖက်တွင် ဂလပ်စဂို ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး သဘောတူညီ ချက်များအရ ကာဘွန်ဒိုင်အောက်ဆိုက် ထွက်သော ကျောက်မီးသွေးအသုံးကို လျှော့ချရမည် ဖြစ်သည်။
သို့သော် ကျောက်မီးသွေး အများဆုံးသုံးနေ သောတရုတ်၊ အမေရိကန်နှင့် အိန္ဒိယစသည်တို့သော်မှ မိမိတို့အကျိုးစီးပွားကို အထိခိုက်မခံနိုင်၍ ဖြည်းဖြည်း ချင်းသာ လျှော့ချနေကြရာ မြန်မာသည် ယင်းကိစ္စကို ဦးစားပေးဖို့ မလိုအပ်ချေ။ အိန္ဒိယ ရာသီဥတု ရေးရာ ဝန်ကြီး ဘူပန်ဒါယာဒက်ဗ် ပြောသကဲ့သို့ ကျောက်မီးသွေး လျှော့ချရေးထက် နိုင်ငံဖွံ့ဖြိုးရေးကို ပို၍ အလေး ထားသင့်သည်။
မြန်မာနိုင်ငံ၏ လက်ရှိစွမ်းအင်အခြေအနေမှာ ထုတ်လုပ်ပမာဏနည်းခြင်းကြောင့် ရံခါ ဝန်အားလျှော့ချ နေရရာ လျှပ်စစ်ကို မည်သည့်နေရာမှရရ၊ ယူနေရဦး မည့် အခြေအနေဖြစ်သည်။
အခြားအကြောင်းတစ်ချက်မှာ မြန်မာ့ ကျောက် မီးသွေးအသုံးသည် အထက်ပါ နိုင်ငံကြီးများနှင့် ယှဉ်လျှင် အလွန်သေးငယ်သော ပမာဏသာလျှင်ဖြစ်၍ မြန်မာက မလျှော့ဘဲတိုးလိုက်သည်ထားဦး ရာသီဥတုကို ထူး၍ ထိခိုက်စရာ မရှိသဖြင့် ယင်းကို ဦးစားပေးအဆင့်တွင် မထားဘဲ နိုင်ငံ့အခြေအနေနှင့်ချိန်ညှိကာ ဖြည်းဖြည်းချင်း လျှော့ချနိုင်သည်။
ရာသီပြောင်းသည့်ဒဏ်ကြောင့် ထိခိုက်မှု သက် သာအောင် လုပ်ဆောင်ရာ၌ ဂလပ်စဂိုသဘောတူညီချက်အရ ချမ်းသာသောနိုင်ငံများက ပေးအပ်ရန်ရှိသော ငွေကြေးနှင့် နည်းပညာ အကူအညီများကို ရရှိရေးကို ဦးစားပေးခြင်းသည်သာ မှန်ကန်သော ခြေလှမ်း ဖြစ်လိမ့် မည်။
ကျော်ဦး
ကိုးကား –
https://www.sciencedirect.com/topics/engineering/cost-of-electricity-production
ကြေးမုံသတင်းစာ၊ ၁၉ . ၉ . ၂၀၀၈
Myanmar Climate Change Strategy and Action Plan 2016–2030 Version 19 January 2017
Assessing Climate Risk in Myanmar – Technical Report, WWF Myanmar Report, 2017
ဦးဇော်ဝင်း(ဆည်မြောင်း) အေးမြင့်(ညောင်တုန်း) ကျော်ဦး၊ ၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့် ရေလှောင် တမံများ၊ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၆
(မြန်မာ့ရေးရာ၊ အမှတ် ၁၈၊ ဇန်နဝါရီ ၂၀၂၂)
2 thoughts on “ရာသီဥတုပြောင်းလဲမှုနှင့်မြန်မာ”