
မြန်မာနိုင်ငံပထဝီဝင်အသင်း၏ ဦးဆောင်နာယက၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် အဖွဲ့ဝင်၊ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ၏ ပဓာနအကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ အမျိုးသားရေအရင်းအမြစ် ကော်မတီ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမောင်မောင်အေးအား မြန်မာနိုင်ငံပထဝီဝင်အသင်းက မြန်မာ့ရေကြီးရေလျှံမှုများအကြောင်း ၂၀၁၈ ခုနှစ်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
အဆိုပါ တွေ့ဆုံမေးမြန်းချက်ကို ဆရာဦးမောင်မောင်အေး၏ ခွင့်ပြုချက်ဖြင့် စာချောအောင် အနည်းငယ်တည်းဖြတ်ပြီး ဝေမျှပါသည်။
မေး (၁) မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကို သုံးသပ်ပေးပါဆရာ။
ဖြေ (၁) မြစ်ဝှမ်းအပေါ်ပိုင်းတွေမှာ ဆက်တိုက် အားကောင်းမောင်းသန် မိုးရွာချတဲ့အခါ မြစ်ရေကြီးခြင်း စဖြစ်တာပါပဲ။ ဧရာဝတီမြစ်ဝှမ်းကို ကြည့်မယ်ဆိုရင် မြောက်ဖျားပိုင်းက ရွာတဲ့မိုးက အဓိကဖြစ်ပါတယ်၊ မြစ်ဖျားပိုင်းကစပြီး တဖြည်းဖြည်းနဲ့ အောက်ဘက်ကို ဆင်းလာတာ။ ထူးခြားတာက အခု ဧရာဝတီ တိုင်းဒေသကြီးဘက်မှာ ရေကြီးတဲ့အသံ သိပ်မကြားရသေးပါဘူး၊ လာတော့ လာမယ်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကျတော့ စက်တင်ဘာ အောက်တိုဘာလတွေမှာ ရေကြီးရေလျှံ ယေဘုယျ ဖြစ်တတ်တယ်။
အခုက စစ်တောင်းမြစ်ဝှမ်းမှာ ဖြစ်တယ်၊ မွန်ပြည်နယ် ဘီးလင်းချောင်းမှာ ဖြစ်တယ်၊ နောက်ပြီး သံလွင်မြစ် အောက်ပိုင်းမှာ စီးဝင်နေတဲ့ လက်တက်တွေရော။ အဲဒီဒေသမှာ မိုးဆက်တိုက်ရွာတော့ မြစ် (ချိုင့်ဝှမ်း) ထဲမှာ ရေထုထည်ပမာဏ အများကြီးဝင်နေတယ်။ ခေါင်ရေတက်တဲ့ ရေထရက်နဲ့လည်း တိုက်နေတော့ ပင်လယ်ရေက တောင့်ခံထားတဲ့အတွက် ကမ်းလုံးပြည့်အဆင့်ကို လွန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်တာ တွေ့ရတယ်။ စံချိန်တင်မိုးကြောင့် ရေနစ်မြုပ်တာတွေ ဖြစ်တယ်။ လယ်မြေတွေ ဧကထောင်ချီပြီး နစ်မြုပ် ပျက်စီးရတယ်။ ကားလမ်းတွေ ရေကျော်တယ်၊ တံတားတွေ ရေတိုက်စားခံရတယ်။ အဲဒီ ရေကြီး နစ်မြုပ်မှုကြောင့် မြန်မာနိုင်ငံမှာ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်တယ်။ ပဲခူးမြစ်ဆိုရင် ၉၆၈ စင်တီမီတာ သို့မဟုတ် ၃၁ . ၇၆ ပေလောက် တက်တယ်ဆိုတာ ၅၄ နှစ်အတွင်းမှာ စံချိန်ကျိုးတာပါပဲ။
အဲဒီလိုပဲ မြန်မာနိုင်ငံ တစ်နေရာမဟုတ် တစ်နေရာမှာ ရေကြီးရေလျှံတာတွေကို နှစ်စဉ်တွေ့နေရတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း ဒီလိုပဲ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ရေဘေးဒုက္ခ အများကြီး ကြုံခဲ့ရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုအနက်မှာ ၁၂ ခုလောက်မှာ ထိခိုက်မှုတွေ ရှိခဲ့တယ်။ တစ်နိုင်ငံလုံး နီးပါး ဖြစ်သွားတယ်။ အခုလောလောဆယ်ဆယ် ရရှိထားတဲ့စာရင်းဇယားအရ ဇူလိုင်လမှာ ရွာတဲ့မိုးကြောင့် ထိခိုက်ခံစားရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ခုနစ်ခုလောက် ရှိသွားပြီ။ အထူးသဖြင့် ပြည်နယ်တွေထဲက မွန်၊ ရခိုင်၊ ကရင်၊ တိုင်းဒေသကြီးထဲမှာက ပဲခူး၊ ရန်ကုန်နဲ့ မန္တလေးတိုင်း ဒေသကြီးတွေမှာပါ။
မေး (၂) နှစ်စဉ် တစ်နေရာမဟုတ် တစ်နေရာဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ရတဲ့ အဓိက အကြောင်းရင်းတွေကို ရှင်းပြပေးပါဆရာ။
ဖြေ (၂) အဓိကအကြောင်းက မိုးရွာသွန်းခြင်းပါပဲ။ မြန်မာနိုင်ငံမှာ ဇွန်လပိုင်းကနေ အောက်တိုဘာလပိုင်းကို ကြည့်ရင် ရေကြီးမှုဖြစ်တဲ့ ကြိမ်နှုန်းက ဇွန်လမှာ ၆ ကြိမ်၊ ဇူလိုင်လမှာ ၂၃ ကြိမ်၊ သြဂုတ်လမှာ ၄၉ ကြိမ် အသီးသီးဖြစ်လေ့ရှိတယ်။ သြဂုတ်လမှာ အများဆုံးပေါ့။ စက်တင်ဘာရောက်ရင် ၁၄ ကြိမ်လောက် ပြန်ဖြစ်သွားတယ်၊ မိုးဦးနဲ့စာရင် စက်တင်ဘာ ရေလွှမ်းမိုးမှုက များသေးတယ်၊ အောက်တိုဘာ ရောက်ရင် ၈ ကြိမ်လောက်ပဲ ရှိတော့တယ်။ မိုးနှောင်းကာလ ဖြစ်သွားပြီ။ အကြမ်းဖျင်း ပြောပြတာပါ။ အဓိကကတော့ မိုးရွာသွန်းမှု ပိုမိုများပြားလို့ ဖြစ်တာပါ။
ယေဘုယျအားဖြင့် မြန်မာနိုင်ငံက အပူပိုင်းမုတ်သုံရာသီဥတု၊ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှ မိုးရေချိန်က ၉၃ လက်မ (၂၃၆ . ၂၂ စင်တီမီတာ)လောက် ရှိတယ်၊ ဥတုအလိုက် ဒေသအလိုက် ကွဲပြားမှုတော့ ရှိတယ်။ မြန်မာနိုင်ငံ မြစ်တွေချောင်းတွေမှာ စီးဆင်းတဲ့ ရေအရင်းအမြစ်က တစ်နှစ်တစ်နှစ်ကို ပျမ်းမျှ ၁၀၈၂ ကုဗကီလိုမီတာ၊ ဂါလန်အနေနဲ့ သန်းပေါင်း ၃၅၀ လောက် ရှိတယ်။ မြန်မာနိုင်ငံမှာ ရေသယံဇာတ အလွန်ကြွယ်ဝတယ်။
မြန်မာနိုင်ငံမှာဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာ မီးဘေးကြောင့် ဆုံးရှုံးရတာ အများဆုံးပါ။ ဒုတိယ ကတော့ ရေကြီးရေလျှံမှုကြောင့်ပါပဲ။ မြန်မာနိုင်ငံမှာ မြစ်ရေခန့်မှန်းခြင်းကို စတင်ပြီး ဆောင်ရွက်တာ ၁၉၆၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ ဖြစ်ပါတယ်၊ ဖွံ့ဖြိုးပြီးနိုင်ငံများထက် နောက်ကျတာပေါ့၊ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံမှာ စိုးရိမ်ရေအမှတ်၊ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ကြေညာမှုတွေကို မကြာခဏ တွေ့ရတယ်။ အခု လောလောဆယ် ဖြစ်နေတာက သဘာဝဘေးအန္တရာယ်အဆင့်ကို ကျော်သွားပါပြီ။ သဘာဝဘေးဒုက္ခ ဖြစ်နေတာပါ။ အသက်အိုးအိမ် စည်းစိမ်တွေကိုပါ ထိခိုက်လာနေပါတယ်။ နိုင်ငံတော်အဆင့် ကူညီမှုတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြရပါတယ်။
မေး (၃) ရေကြီးရေလျှံမှုဖြစ်စဉ်တွေက အမျိုးမျိုးကွဲပြားတယ်လို့ သိရပါတယ်။ ကျေးဇူးပြု၍ ရှင်းပြပေးပါ ဆရာ။
ဖြေ (၃) ရေကြီးခြင်းသုံးမျိုးလောက် တွေ့ရတယ်။ (၁) ဒေသကျယ်ရေကြီးခြင်း၊ (၂) လျှပ်တပြက် ရေကြီးခြင်းနှင့် (၃) မုန်တိုင်းနဲ့အတူပါလာတဲ့ လှိုင်းလုံးကြီးများကြောင့် ရေကြီးခြင်းတွေပါ။
မေး (၄) ဒေသကျယ်ရေကြီးခြင်းဆိုတာက ဘယ်လိုနေရာတွေမှာ ဖြစ်ပါသလဲ ဆရာ။
ဖြေ (၄) ဒေသကျယ်ရေကြီးခြင်းက မြစ်ဝှမ်းဧရိယာ အရွယ်အစားကြီးမားတဲ့ မြစ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်နဲ့ ပဲခူးမြစ်ဝှမ်းတွေမှာ ဖြစ်တတ်တယ်။ဒေသကျယ်ရေကြီးပြီဆိုရင် မြေနိမ့်လွင်ပြင် မြေပြန့်လွင်ပြင်တွေ ရေမြုပ်တယ်၊ ရေမြုပ်တဲ့ ဧရိယာက တော်တော်လေး ကျယ်ပြန့်ပါတယ်၊ ရေမြုပ်ချိန်လည်း ပိုပြီးကြာတတ်တယ်။ ဒေသကျယ် ရေကြီးခြင်းက နှစ်စဉ်ဖြစ်လေ့ဖြစ်ထတော့ မရှိဘူး။ ငါးနှစ်တစ်ကြိမ် ၁၀ နှစ်တစ်ကြိမ်၊ ၁၅ နှစ်တစ်ကြိမ် စသဖြင့်တော့ ရှိတယ်။ သူကရုတ်တရက် ရေကြီးတာမျိုမဟုတ်ဘူး။ ဒေသကျယ်ရေကြီးခြင်းကို မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနက ကြိုတင်ခန့်မှန်း တွက်ချက်သိရှိနိုင်ပါတယ်။
မေး (၅) လျှပ်တစ်ပြက်ရေကြီးခြင်းကိုလည်း ရှင်းပြပေးပါ ဆရာ။
ဖြေ (၅) လျှပ်တစ်ပြက်ရေကြီးခြင်းကတော့ သိပ်ပြီးတော့ အလျားမရှည်တဲ့ မြစ်ငယ်၊ ချောင်းငယ်တွေမှာပဲ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အပူပိုင်းခြောက်သွေ့တဲ့ဒေသများမှာ တွေ့ရတတ်တယ်။ မိုး မရွာရင်လည်း အရှင်း၊ မိုးရွာရင်လည်း ဒလဟောရွာတဲ့အခါ လျှပ်တစ်ပြက်ရေကြီးခြင်းကို ဖြစ်စေတယ်။ ထိုဖြစ်စဉ်တွေက နှစ်စဉ်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ တောင်ပေါ်ကရေတွေ ကျဆင်းပြီး နာရီပိုင်း အတွင်း ရေလွှမ်းတာတွေ ရှိတတ်တယ်၊ ကြိုတင်သိရှိဖို့ရန် မလွယ်ကူတဲ့အတွက် ပြင်ဆင်ဖို့ မလွယ်ပါဘူး။ ရေမြုပ်တဲ့အချိန်လည်း သိပ်ပြီးမကြာပါဘူး။ ဒါပေမယ့် ကာကွယ်ချိန်မရတော့ ဆုံးရှုံးမှု ပိုများပါတယ်။
အခု ရေကြီးတဲ့ဘီးလင်းချောင်းမှာဆိုရင် သူ့ရဲ့ရေဆင်းချိုင့်ဝှမ်းပေါ် မိုးရွာအပြီး ရေတွေ ဒလဟော ဆင်းလာတယ်၊ ဒီချောင်းတွေက တိုတောင်းတဲ့အတွက်ကြောင့် ရေအားက အရှိန်နဲ့ဝင်လာတယ်၊ ရေမျက်နှာပြင် ကမ်းလုံးပြည့်တဲ့အဆင့်ကို ခပ်မြန်မြန်ရောက်သွားပြီး မြစ်ကမ်းတစ်ဖက်တစ်ချက်က လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတယ်။
အရှိန်ပြင်းပြင်းနဲ့ ဒလဟောစီးဆင်းလာတဲ့ ရေကြောင့် တာတမံတွေ ကျိုးပေါက်နိုင်တဲ့ အနေအထားမျိုးအထိ ဖြစ်သွားတယ်၊ တချို့တာတမံတွေဆိုရင် မလွဲမသွေဖောက်ချရတာမျိုးတောင် ရှိကောင်း ရှိလာနိုင်တယ်။ တာတမံတွေ ကျိုးပေါက်တာအပြင် ရေစီးအရှိန်ကြောင့် တံတားတွေ မျောပါသွားတာတို့၊ လမ်းမြေသား ကျွံတာတို့၊ မြေပြိတာတို့လည်း ဖြစ်တတ်ပါတယ်။
ဒါတွေက လျှပ်တစ်ပြက်ရေကြီးခြင်းကြောင့် အချိန်တိုအတွင်း ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်များ(processes) ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လျှပ်တစ်ပြက်ရေကြီးခြင်းကို မိုးကြိုကာလဖြစ်တဲ့ ဧပြီလ၊ မေလနဲ့ မိုးနှောင်းကာလ စက်တင်ဘာလ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေအထိ ဖြစ်တတ်ပါတယ်။
နောက်တစ်ခုသတိထားရမှာက ဒီနှစ်မိုးခေါင်ပြီး နောက်နှစ် မိုးများလာရင် ယခင်နှစ်က နူးမွနေတဲ့ မြေသားတွေက ဒလဟောရွာချတဲ့ မိုးရေနဲ့အတူ ပျော်ဆင်းသွားပြီး မြေဆီလွှာဆုံးရှုံးမှုတွေ ဖြစ်ပေါ်တတ်တယ်။ ထိုမြေဆီလွှာတွေဟာ ရေစီးနဲ့အတူပါသွားပြီး ချောင်းတွေ၊ မြစ်တွေထဲမှာ သွားပြီး စုပုံနေတတ်တယ်။ အဲဒီအခါကျရင် ချောင်းတွေ၊ မြစ်တွေ တိမ်လာတယ်။ မြစ်ကြမ်းပြင်တွေ မြင့်တက်လာတယ်၊ မြစ်ကြမ်းပြင် မြင်လာတော့ ရေမျက်နှာပြင်တွေကလည်း လိုက်မြင့်တက်ပြီး ရေကြီးရေ လျှံမှုတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် မိုးခေါင်တဲ့နှစ်အပြီး နောက်တစ်နှစ် လျှပ်တစ်ပြက်ရေကြီးပြီ ဆိုရင် အဲဒီလျှပ်တစ်ပြက်ရေကို ခုခံစွမ်းအင်လျော့ပါးနေတော့ ပျက်စီးဆုံးရှုံးမှုတွေ ပိုဖြစ်တတ်တာကို သတိထားဖို့ လိုပါတယ်။
မေး (၆) မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာရတဲ့အကြောင်းကိုလည်း ရှင်းပြပေးပါဆရာ။
ဖြေ (၆) မုန်တိုင်းကြောင့် ရေလွှမ်းတာကတော့ ပင်လယ်ကမ်းရိုးတန်းဒေသများရှိ မြစ်ဝတွေ၊ ချောင်းဝတွေ မှာ ဖြစ်တတ်ပါတယ်၊ နှစ်စဉ်တော့ မဖြစ်ပါဘူး။ ပြင်းထန်တဲ့မုန်တိုင်းကြီးတွေ ကျရောက်မှသာ အလွန်ကြီး မားတဲ့ လှိုင်းလုံးကြီးတွေက ၎င်းင်းတို့ထိစပ်ရာ မြစ်ဝတွေ၊ ချောင်းဝတွေကနေတဆင့် ကုန်းတွင်းကို ဝင်ရောက်လာတာပါ။ မုန်တိုင်းနဲ့အတူ ဖြစ်ပေါ်လာတဲ့ ပင်လယ်ရေလွှမ်းတာကတော့ မုန်တိုင်းလာတာကို မှန်း လို့ရရင် ကြိုပြီး သိနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၂၀၀၈ ခုနှစ်၊ မေလ ၃ ရက်နေ့မှာ ဝင်ရောက်လာခဲ့တဲ့ မုန်တိုင်းနာဂစ်နဲ့အတူ ပါလာခဲ့တဲ့ မုန်တိုင်းဒီရေကြောင့် လူတွေရဲ့ အသက်တွေ အမြောက်အမြား ဆုံးရှုံးခဲ့ရတာကို တွေ့ရမှာပါ။
မေး (၇) မြန်မာနိုင်ငံမှာ ထူးကဲတဲ့ရေကြီးရေလျှံမှုတွေက မကြာခဏ ဖြစ်လေ့ရှိပါသလား ဆရာ။
ဖြေ (၇) ထူးကဲတဲ့ ရေကြီးရေလျှံမှုတွေက မကြာခဏ ဖြစ်လေ့မရှိပါဘူး။ ၂၅ နှစ်၊ အနှစ် ၅၀ စသည်ဖြင့် ခြားခြားပြီး ဖြစ်တတ်တာမျိုးပါ။ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံး လေးကြိမ် အဲဒါမျိုးပါ။ သဘာဝကလည်း သူ့စည်းချက်နဲ့သူ လာတာပါ။ ဒါကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။
သက်တမ်းကြာလို့ ကြံ့ခိုင်မှုအားနည်းတဲ့ ရေကာတာတွေ၊ တာတမံတွေ၊ ရေလှောင်ကန်တွေ၊ ဆည်တွေဟာ ထူးကဲတဲ့ရေကြီးရေလျှံမှုတွေနဲ့ တွေ့ရင် ပျက်စီးကျိုးပေါက်နိုင်ပါတယ်။ မြေတွေကလည်း မိုးရေနဲ့နူးနေပြီး မိုးကြီးကြီးရွာတဲ့အခါ နူးမွနေတဲ့မြေတွေက ရေစီးနဲ့အတူ ပြိုဆင်းလာကြပါတယ်။
ထူးကဲတဲ့ရေကြီးရေလျှံမှုတွေကို လူအများက အတွေ့အကြုံနည်းတော့ ဘေးအန္တရာယ်ကို လျှော့ပေါ့ တွက်ဆထားရင် ဆုံးရှုံးမှုတွေ ပိုများတယ်။ မြစ်တို့ရဲ့သဘောသဘာဝ၊ ရေကြီးရေလျှံမှုတွေရဲ့ သဘော သဘာဝကို လူထုတွေနားလည်အောင် ပညာပေးဖို့ လိုပါတယ်။ စာသင်ကျောင်းတွေ၊ ရပ်ကွက် ကျေးရွာ မြို့နယ် ခရိုင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ သူ့အဆင့်နဲ့သူ ပညာပေးဟောပြောပွဲတွေကို လောက်လောက်လားလား ပြုလုပ်ပေးသင့်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုပညာပေးမှုတွေ အများကြီး လိုအပ်ပါသေးတယ်။
မေး (၈) ရေကြီးမယ်ဆိုတာကို ကြိုတင်ခန့်မှန်းတွက်ချက်လို့ ရပါသလား ဆရာ။
ဖြေ (၈) မြစ်ရေခန့်မှန်းချက်အနေနဲ့ မြစ်ဝှမ်းဒေသကြီးတစ်ခုရဲ့ မြစ်ဖျားးပိုင်းဒေသတွေမှာဆို တစ်ရက် နှစ်ရက်လောက် ကြိုတင်ခန့်မှန်းလို့ ရနိုင်ပါတယ်။ မြစ်ဖျားစွန်းဒေသတွေမှာတော့ တစ်ရက်ထက်ပိုပြီး မခန့်မှန်းနိုင်ပါဘူး။ ချောင်းငယ်ကလေးတွေနဲ့ မြစ်ဝှမ်းငယ်လေးတွေ ဆိုရင်လည်း တစ်ရက်ထက်ပိုပြီး မတွက်နိုင်ပါဘူး။ နည်းပညာတွေ သိပ္ပံပညာတွေ တိုးတက်လာရင်တော့ ဒါ့ထက်ပိုပြီး ကြိုတင်ခန့်မှန်း လာနိုင်မှာပါ။
ကြီးမာကျယ်ပြန့်တဲ့ ရေဆင်းချိုင့်ဝှမ်းတွေမှာ၊ ဥပမာ – ဧရာဝတီမြစ်အောက်ပိုင်း မြို့ကြီးတွေအတွက်ဆို တစ်ပတ်၊ ဆယ်ရက်လောက် ကြိုတင်ပြီး ခန့်မှန်းနိုင်တဲ့ သဘောရှိပါတယ်။
ရေလွှမ်းမိုးမှုက အဆိုးရွားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်ပါတယ်။ သမိုင်းနဲ့ချီပြီး ဖြစ်ပါတယ်။ အားနည်းချက်က ရေကြီးမှုကြောင့် နစ်နာဆုံးရှုံးမှုကို အတိအကျ စာရင်းကောက်ယူနိုင်ခြင်း မရှိသေးပါဘူး။ ကယ်ဆယ်ရေးပစ္စည်းတွေပေးတာကတော့ ဝမ်းသာဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးတာသက်သက်နဲ့တော့ ရေဘေးက နောက်ဆုတ်မသွားပါဘူး။ အချိန်တန်ရင် နှစ်တိုင်းနှစ်တိုင်း၊ တစ်နေရာမဟုတ် တစ်နေရာမှာ ရေကြီးမှုတွေက ပြန်လာတာပါပဲ။ ပစ္စည်းဆုံးရှုံးတာ အပြင် စိတ်ဒဏ်ရာရရှိမှုက ပိုဆိုးပါတယ်၊ မိုးဥတုရောက်တိုင်း ပူပင်သောကအပြည့်နဲ့ နေထိုင်ရတာ အဆိုးဆုံးပါပဲ။
မေး (၉) ရေကြီးနစ်မြုပ်မှုတွေမှာ တခြားသတိထားရမယ့်အချက်တွေကိုလည်း ပြောပြပေးပါ ဆရာ။
ဖြေ (၉) မြစ်ကမ်းပါးနှစ်ဖက်ရဲ့ ခိုင်ခံ့မှု အားနည်းလာတဲ့အတွက် ရေတောင် မတိုက်စားရသေးဘူး ရေတိုးလာတာနဲ့ ကမ်းပါးတွေ တိုက်စားပျက်စီးတာတို့၊ သဲနုန်းပို့ချတာတို့ကြောင့် မြစ်ချိုင့်ကြောင်းထဲမှာ ရေစီးဆင်းမှုပုံစံ ပြောင်းလဲသွားခြင်း၊ သဘာဝအလျာက် ရေနုတ်သိမ်းမှု အားနည်းခြင်းတွေကြောင့်လည်း ရေကြီးရေလျှံ ဖြစ်စေပါတယ်။
ရေလိုရင် ထည့်ပေး၊ ရေပိုလို့ရှိရင် နုတ်ပေးမယ့် ရေထိန်းဆည် ရေထိန်းတံခါးတွေ ကျိုးပေါက်တာကြောင့်လည်း ရေကြီးရေလျှံ ဖြစ်စေနိုင်ပါတယ်။
ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကိုလည်း မေ့လို့မရပါဘူး။ မြန်မာနိုင်ငံမှာ မုတ်သုံအဝင်နောက်ကျတာ၊ အထွက်စောတာ၊ မုတ်သုံကာလနဲ့ မိုးဥတုတိုတောင်းသွားတာ၊ မိုးရွာရက်တွေ နည်းသွားတာ၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်မှု နည်းလာတာ၊ မုန်တိုင်းဖြစ်ရင်လည်း သိပ်ကို ပြင်းထန် အားကောင်းတာစတဲ့ ရာသီဥတု အပြောင်းအလဲနဲ့ ၁၉၇၆ ခုနှစ် လောက်ကတည်းက စပြီး ရင်ဆိုင်နေရပါတယ်။ ဒါတွေကိုလည်း ရေကြီးရေလျှံဖြစ်တဲ့ အကြောင်းရင်းတွေထဲမှာ ထည့်သွင်း စဉ်းစားရပါမယ်။
နိုင်ငံ့မြောက်ဘက် ရေခဲတောင်တွေပေါ်က ဆီးနှင်းတွေအရည်ပျော်ပြီးတော့ စီးဆင်းလာမယ်၊ မုတ်သုံမိုးတွေ သည်းထန်စွာ ရွာသွန်းမယ်၊ ဘင်္ဂလားပင်လယ်အော်ထဲမှာ အပူပိုင်းမုန်တိုင်းတွေ၊ အရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်မှာ တိုင်ဖွန်းတွေဖြစ်မယ် စတာတွေနဲ့ ပင်လယ်ဒီရေထရက်နဲ့ ကြုံကြိုက်မယ် ဆိုရင်တော့ မစဉ်းစားရဲအောင်ပါပဲ။
နောက်ပြီးတော့ ရေဝေရေလဲဒေသတွေမှာ သစ်တောတွေရဲ့အရည်အသွေးတွေ ကျဆင်းလာမယ်၊ သစ်ခုတ်မှုတွေကြောင့် သစ်တောတွေပြုန်းတီးမယ်၊ အဲဒီဒေသမှာ လူတွေ အခြေချနေထိုင်မယ်၊ စိုက်ပျိုးရေးနဲ့ သတ္တုတူးလုပ်ငန်းတွေကို အလွန်အကျွံလုပ်ဆောင်မယ်၊ လွဲမှားတဲ့ မြေအသုံးချမှုစနစ်တွေ၊ မြေယာ စီမံအုပ်ချုပ်မှု အားနည်းတာတွေကို အထူးသတိပြုရှောင်ရှားဖို့ လိုပါတယ်။
ရေသယံဇာတနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာန ဦးစီးဌာနများ အချင်းချင်း အချိတ်အဆက်မိမိ ဆောင်ရွက်ဖို့ လိုပါတယ်။
မေး (၁၀) ရေကြီးရေလျှံမှုကို လျော့နည်း သက်သာအောင် ဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေ ရှိရင်လည်း ပြောပြပေးပါ ဆရာ။
ဖြေ (၁၀) ရေကြီးမှုကိုတော့ အနှေးနဲ့အမြန် ပြန်လည်တွေ့ကြုံရမှာပါပဲ။ မိုးရက်ဆက်ရွာတိုင်း ရေကြီးရတယ် ဆိုတာ လက်ခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ဘယ်လောက်ဆိုးရွားတဲ့ ရေဘေးဖြစ်ပါစေ သက်သာလျော့ပါးအောင် တားဆီးကာကွယ်နိုင်ပါတယ်။ ရင်းနှီးမြှုပ်နံှမှုနဲ့ လုပ်ငန်းသဘာဝအလိုက် နည်းပညာ၊ တတ်ကျွမ်းတဲ့ ပညာရှင်တွေ လိုပါတယ်။
ရေကြီးမှု လျော့ပါးပပျောက်ရေး စီမံချက် ရှိရပါမယ်။ အဲဒီစီမံချက်မှာ ရေကြီးနိုင်တဲ့ မြစ်ချောင်းရဲ့ အထက်စည်းရိုး အောက်စည်းရိုး၊ ရေကြီးမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း၊ ဒါတွေအားလုံးကို မဖြစ်မနေ ထည့်သွင်း စဉ်းစားဖို့ လိုပါမယ်။
ရေကြီးတဲ့နေရာကလေးပဲကွက်ပြီး စဉ်းစားလို့မရပါဘူး။ ရေကြီးစေတဲ့ အချက်အလက်တွေကို ခြုံငုံလေ့လာ သုံးသပ်ဖို့ လိုမယ်။ ဥပမာ – စစ်တောင်းမြစ်ရေကြီးတယ်ဆိုရင် စစ်တောင်းမြစ်ဝှမ်းကြီးတစ်ခုလုံးကို တွက်ချက်ခန့်မှန်းရမယ်။
ရေဘေးကာကွယ်ရေးအတွက် ဇလဗေဒစံနှုန်းတွေမှာ သတ်မှတ်ထားပြီးသား ရှိတယ်။ ဒါကို နားလည်ဖို့ လိုပါတယ်။ မြို့ပြ ရေနုတ်မြောင်းတွေကို ပုံစံထုတ်ရင် အနှစ် ၂၀ ကနေ ၅၀ အတွင်းမှာ အမြင့်ဆုံး ဖြစ်နိုင်မယ့် မိုးရေချိန်ကို အခြေခံပြီး မြောင်းတွေရဲ့ အကျယ်၊ အနက်၊ အလျား တွက်ချက် လုပ်ဆောင်ရတယ်။ မြစ်ကူးတံတားကြီးတွေကို ဆောက်ရင် အနှစ် ၂၀၊ အနှစ် ၅၀ အထိဖြစ်နိုင်မယ့် အမြင့်ဆုံး မိုးရေချိန်ကို ခံနိုင်မယ့် တံတားကြီးတွေကို တည်ဆောက်ရပါမယ်။ ရေပမာဏများစွာ သိုလှောင်နိုင်တဲ့၊ လူတွေကို ထိခိုက်နိုင်တဲ့ဆည်ကြီးတွေကို တည်ဆောက်မယ်ဆိုရင်လည်း စာရင်းအင်းဗေဒကို အသုံးပြုပြီး တွက်ချက်ခန့်မှန်းရပါမယ်။
အတွေ့အကြုံရင့်ကျက်တဲ့ ပညာရှင်တွေ ရေးဆွဲတည်ဆောက်တဲ့ ရေဘေးကာကွယ်ရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့ပြီး အကျိုးသက်ရောက်မှုကို ခံစားရရှိမှာ ဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။ ဒီလို လုပ်ငန်းတွေက ဖြစ်သလို ဒီဇိုင်းရေးဆွဲ တည်ဆောက်တဲ့ လုပ်ငန်းတွေထက် ကုန်ကျစရိတ် ပိုနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ အများကြီး ပိုမိုသက်သာ ပိုမိုအကျိုးရှိပါတယ်။
မြန်မာနိုင်ငံပထဝီဝင်အသင်း (GAM)
One thought on “မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သော ရေကြီးရေလျှံမှုများအကြောင်း ပါမောက္ခဦးမောင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း”