အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုတစ်ခုတွင် မြေအောက်ခန်းထဲ ဝင်လာသော ရေများကြောင့် လူအချို့ သေဆုံးခဲ့ရသည်။ ကနေဒါတွင် အပူလွန်ကဲရာမှ ပေါ်ပေါက်သော တောမီးသည် ရွာငယ်ကလေး တစ်ရွာလုံးကို ဝါးမြိုဖျက်ဆီးပစ်ခဲ့သည်။ ဆီးနှင်းများသာကျသည့် ဂရင်းလန်းကျွန်းတွင် မကြုံစဖူး မိုးရွာသည်။
ယင်းဖြစ်စဉ်များသည် သဘာဝဘေးများဟု ထင်စရာရှိသော်လည်း လူတို့ကြောင့် ပြောင်းလဲလာသော ရာသီဥတုကို အရင်းခံသည်သည်ဟု အတိအကျ မပြောနိုင်သည့်တိုင် ထိုသို့ယူဆစရာ အထောက်အထား များစွာရှိနေသည်၊ လူတို့ကြောင့် ပေါ်လာသော အန္တရာယ်များကို လူတို့ကသာ လျော့ပါးအောင် လုပ်နိုင်သည်၊ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စကော့တလန်နိုင်ငံ ဂလပ်စဂိုအစည်းအဝေး အပါအဝင် အစည်းအဝေးအတော်များများ ကျင်းပခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ကတိကဝတ် ပေးသော အဆင့်တွင်သာရှိပြီး ထိရောက်သော လုပ်ဆောင်မှု နည်းပါးနေသေးသည်။
လူတို့၏ လုပ်ဆောင်မှု နှောင့်နှေးနေသော်လည်း ရာသီဥတုဘေးအန္တရာယ်များက တစ်နှစ်ထက်တစ်နှစ် အကြိမ်များလာကာ ပို၍ပြင်းထန်လာနေကြောင်း ၂၀၂၁ ခုနှစ်အတွင်း ပေါ်ပေါက်သော ဖြစ်ရပ်များက သတိပေးနေသည်။ အဆိုပါဖြစ်ရပ်များအနက် အချို့မှာ –
၁ – ဂရင်းလန်းကျွန်း၌ မိုးရွာခြင်း
ဂရင်းလန်းကျွန်းသည် ယခင်က အစဉ်အမြဲ အေးခဲနေခဲ့ပြီး ဆီးနှင်းများသာ ကျနေခဲ့သည်၊ မိုးလေဝသမှတ်တမ်းများ စတင်ထားရှိချိန်မှစ၍ မိုးတစ်ကြိမ်တစ်ခါမျှ မရွာခဲ့ပေ။
အစဉ်အေးခဲနေသောဂရင်းလန်းတွင် အပူချိန်သည် ၂၀၁၂ ခုနှစ်ကတစ်ကြိမ် ရေခဲမှတ်အထက်သို့ တက်ခဲ့သည်၊ တဖန် ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ် ရေခဲမှတ်အထက် တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်မူ အပူချိန်တက်ရုံမျှမကတော့ဘဲ ပထမဆုံးအကြိမ်အဖြစ် ဂရင်းလန်းကျွန်း၏ တောင်ထိပ်တစ်ခုပေါ်တွင် မိုးရွာသွန်းခဲ့သည်။ ရွာသောမိုးက တဖွဲဖွဲမျှသာ မဟုတ်၊ သိသိသာသာ များပြားသည်။
ယင်းဖြစ်စဉ်သည် ကမ္ဘာကြီး စိုးရိမ်စရာကောင်းလောက်အောင် ပူပြင်းလာနေကြောင်း ခိုင်လုံသော အထောက်အထားများထဲမှ တစ်ခု ဖြစ်သည်။
၂ – တိုက်ကြီးသုံးတိုက်တွင် ရေအကြီးအကျယ် လွှမ်းမိုးခြင်း
အနောက်ဥရောပ၊ တရုတ်နိုင်ငံ ဟေနန်(Henan)ပြည်နယ်နှင့် အမေရိကန်နိုင်ငံ တင်နဆီ(Tennessee)ပြည်နယ်တို့တွင် ရက်သတ္တပတ်အနည်းငယ်စီသာခြားပြီး လူအသေအပျောက်ရှိသော ရေအကြီးအကျယ်လွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၁ ဇူလိုင်လလယ်တွင် ဂျာမနီနှင့် ဘယ်လ်ဂျီယမ်နိုင်ငံတို့၌ ၂၄ နာရီအတွင်း မိုးရေချိန် လေးလက်မမှ ခြောက်လက်မအထိ ရွာသွန်းခဲ့ရာ လူ ၂၀၀ ခန့် သေဆုံးခဲ့သည်။

တရုတ်နိုင်ငံ ဟေနန်ပြည်နယ်တွင် ရေကြီးမှုကြောင့် လူ ၃၀၀ ခန့် သေဆုံးသည်။ Zhengzhou မြို့တော်၏ ရပ်ကွက်အချို့တွင် တစ်ရပ်ကွက်လုံး ရေဖုံးသွားသည်၊ မြေအောက်ရထားများပေါ်သို့ ရေရုတ်တရက်ဝင်လာသဖြင့် ရထားတွဲမျက်နှာကြက်ရှိ လက်ကိုင်ကွင်းများကို ချိတ်ဆွဲအားပြု၍ ရေဘေးမှ လွတ်အောင် ရှောင်ရသူများ ရှိခဲ့သည်။
အမေရိကန်နိုင်ငံ တင်နဆီပြည်နယ် ရေကြီးမှုကြောင့် အိမ် ၂၇၀ ပျက်စီးခဲ့ပြီး လူ ၂၀ ကျော်သေဆုံးခဲ့သည်။
၃ – အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ် လေဆင်နှာမောင်း
ပူနွေးစိုစွတ်သောလေထုနှင့် အေးမြခြောက်သွေ့သောလေထုတို့ တိုးမိသောအခါ ပူနွေးစိုစွတ်သော လေထုသည် အေးမြခြောက်သွေ့သောလေထုထဲသို့ ထိုးဖောက်လှည့်ပတ်ဝှေ့ရမ်း၍ အပေါ်ပိုင်းသို့ အရှိန်ဖြင့်တက်ရာမှ လေဆင်နှာမောင်း ဖြစ်ပေါ်သည်။
ပုံမှန်ဆိုလျှင် လေဆင်နှာမောင်းများသည် ဒီဇင်ဘာလတွင် တိုက်ခတ်လေ့မရှိပေ၊ သို့သော် အမေရိကန်နိုင်ငံ တင်နဆီပြည်နယ်တွင် ၂၀၂၁ ဒီဇင်ဘာလအတွင်း ရှားရှားပါးပါး ဖြစ်ပေါ် တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းသည် ယင်းတိုက်ခတ်ရာလမ်းကြောင်းတလျှောက် ၂၂၇ မိုင်အတွင်းရှိ အရာအားလုံးကို ပျက်စီးစေခဲ့သည့်အပြင် လူ ၁၀၀ ခန့်သေဆုံးခဲ့သည်။
ကင်တပ်ကီ လေဆင်နှာမောင်းကြောင့် ထိခိုက်ပျက်စီးပုံ ဗီဒီယို ရှုစားရန်
၄ – ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း အပူလှိုင်းများ
ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလမ်ဘီယာဒေသအပါအအဝင် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော အပူလှိုင်းများကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့သည်၊ ယင်းဒေသများသည် သမပိုင်း ရာသီဥတုရှိသောဒေသများ ဖြစ်သည့်အတိုင်း အဆောက်အအုံအများအပြားတွင် လေအေးစက်မရှိ၍ အပူဒဏ်ကို ပို၍ ခံစားကြရသည်။ အဆိုးရွားဆုံးဖြစ်ရပ်သည် ကနေဒါနိုင်ငံ Lytton ရွာတွင် ဖြစ်ပွားခဲ့သည်။ လူ ၂၅၀ ခန့် နေထိုင်သော ယင်းရွာတွင် ၁၂၁ ဒီဂရီဖာရင်ဟိုက် အထိတက်ခဲ့ရာ သမိုင်းတလျှောက် ကနေဒါနိုင်ငံ၏ အမြင့်ဆုံးအပူချိန်ပင် ဖြစ်သည်။ အပူချိန်မြင့်မားလွန်းသည့်အတွက် လောင်ခဲ့သောမီးသည် ၁၅ မိနစ်အတွင်း Lytton ရွာ၏ ၉၀ ရာခိုင်နှုန်းခန့်ကို မီးတောက်များ ဖုံးအုပ်သွားသည်အထိ လျင်မြန်ခဲ့သည်။
Lytton ရွာ မီးလောင်မှု ဗီဒီယို ရှုစားရန်
၅ – အမေရိကန်နိုင်ငံ၏ အနောက်ပိုင်းပြည်နယ်အချို့၌ မိုးခေါင်ခြင်း
ရာသီဥတုပြောင်းလဲခြင်းနှင့် ထင်ရှားစွာ ဆက်စပ်နေသော အမေရိကန် အနောက်ပိုင်းပြည်နယ်အချို့၌ နှစ်ရှည်မိုးနည်းခြင်းသည် ရေရရှိရေး၊ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် စွမ်းအင်ရရှိရေးကိုပါ ထိခိုက်လျက်ရှိသည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် ၂၀၂၁ ဇူလိုင်လ၌ မိုးရွာသွန်းမှုသည် ၁၂၆ နှစ်အတွင်း အနည်းဆုံးဖြစ်သည်၊ သြဂုတ်လတွင် အနောက်ပိုင်းပြည်နယ်ဧရိယာ၏ ၉၅ ရာခိုင်နှုန်းတွင် မိုးခေါင်ခဲ့သည်။ အမေရိကန်၏ အကြီးဆုံးရေလှာင်ကန်ကြီးများထဲတွင် ပါဝင်သော နှင့် တို့တွင် စိုးရိမ်စရာကောင်းလောက်အောင် ရေလျော့နည်းကျဆင်းခဲ့သည်။ ကော်လိုရာဒိုမြစ်ရေကို ရယူနေကြသော ဒေသများသည် ၂၀၂၂ နှစ်ဆန်းမှစ၍ ရေခွဲတမ်းကို လျှော့ချရယူရန် ကြေငြာလိုက်ရသည်။
ပူပြင်းခြင်း မိုးခေါင်ခြင်းတို့ကြောင့် အဆိုပါပြည်နယ်များ၌ တောမီးလောင်သော ဧရိယာစုစုပေါင်းသည် ၁ . ၆ သန်းဧကခန့်မျှ ရှိသည်။
လာမည့်နှစ်များ၌ ဖော်ပြပါဘေးအန္တရာယ်မျိုးများ ပို၍စိပ်စိပ် ဖြစ်ပေါ်လာမည်မှာ သေချာသည်။
One thought on “၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ”