မြန်မာနိုင်ငံအတွင်း ပင်လယ်ရေငန် အတက်အကျရှိသည့် မြစ်ချောင်းများနှင့်နီးသော မြို့ရွာဒေသ၊ အထူးသဖြင့် မဟာရန်ကုန် နယ်နိမိတ်အတွင်း လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဝတို့ အနီးတဝိုက်ရှိ မြို့နယ်များ ဖြစ်သော လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်မြို့နယ်၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တောင်ဥက္ကလာ မြင်သာ စသည်တို့တွင် နေထိုင်ကြပြီး မြေအောက်ရေကို အသုံးပြုနေသော ပြည်သူများ အသိပညာဗဟုသုတနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ ရရှိစေရန် ဤဆောင်းပါးကို ရေးသားပါသည်။
ရေငန်တိုးဝင်ရခြင်း အကြောင်းရင်း
ပင်လယ်ရေငန် အတက်အကျဖြစ်ပေါ်သည့်နေရာများ၌ ရှိသော မြေအောက်ရေအောင်းလွှာသည် တိမ်သော၊ ပိတ်လှောင်မထားသော ရေအောင်းလွှာ(Shallow/ Unconfined Aquifer)များ ဖြစ်ကြသည်။ ယင်းရေအောင်းလွှာ၌ ရေငန်နှင့်ရေချို ထိစပ်ရာသည် အောက်ပုံအတိုင်း ရေငန်က ရေချိုအောက်သို့ “သပ်”ပုံစံဖြင့် တိုးဝင်တည်ရှိနေသည်။ ရေငန် (Saltwater density is about 1.025 g/cm3) သည် ရေချို (Freshwater density is about 1.000g/cm3 ) ထက် သိပ်သည်းဆ များသောကြောင့် အစဉ်သဖြင့် ရေချိုသည်အပေါ်၊ ရေငန်သည်အောက်က တည်ရှိနေခြင်း ဖြစ်သည်။

မြေအောက်(ရေချို)တည်ရှိသည့်ပမာဏ၊ ထုတ်ယူသုံးစွဲသည့် ပမာဏနှင့် မြေအောက်ရေမျက်နှာပြင် မြင့်ရာမှနိမ့်ရာအရပ်သို့ စီးဝင်မှု ပမာဏတို့ မျှချေ (Recharge and Discharge Balance) ဖြစ်နေသောအခါ မြေအောက်ရေချိုအလွှာသည် အောက်တွင် ရှိသော ရေငန်အလွှာကို ဖိထားသဖြင့် ရေငန်ရှေ့ဆက်တိုးဝင်ခြင်းကို ကာကွယ်ထားနိုင်သည်။
ထိုအခြေအနေမှ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များပြားလာပြီး မိုးရေဖြည့်တင်းပေးမှု နည်းပါး(အလျင်မမီ) လာသောအခါတွင် မြေအောက်(ရေချို) ရေအောင်းလွှာ ရေပမာဏ လျော့နည်းလာပြီး ရေငန်အလွှာကို အပြည့်အ၀ ဖိမထားနိုင်သည်နှင့်အမျှ ရေငန်ရှေ့တိုးလာပြီး ရေချိုအလွှာထဲ၌ ရေငန်ရေချို ရောစပ်နေသောရေ(ငန်ငြိငြိရေ) (Brackish water)များ ဖြစ်ပေါ်လာသည်။
ရေအောင်းလွှာထဲသို့ ရေငန်ဝင်ရောက်ခြင်း သရုပ်ပြဗီဒီယို ရှုစားရန်
ရေငန်တိုးဝင်ရသည့် အခြားအကြောင်းများမှာ –
- ပင်လယ်ရေမြင့်တက်ခြင်း
- မြေမျက်နှာပြင်နိမ့်ကျခြင်း
- မြစ်ချောင်းများ၏ ရေစီးဆင်းမှု နည်းပါးလာခြင်း
- မိုးရွာသွန်းမှု နည်းပါးလာပြီး အငွေ့ပြန်နှုန်း များပြားလာခြင်း
- မြို့ပြဖွံ့ဖြိုးမှုများကြောင့် ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်များ ပြောင်းလဲလာခြင်းတို့ ဖြစ်ပါသည်။
ရေငန်တိုးဝင်လာလျှင် အငန်ဓာတ် ကလိုရိုက်ပျော်ဝင်မှု မြင့်တက်လာပါသည်။ လူ့လျှာသည် တစ်လီတာလျှင် ဆားဓာတ် ကလိုရိုက်ပျော်ဝင်မှု ၁၀၀ မီလီဂရမ်ထက် ပိုပါက ငန်သော အရသာကို ခံစားရပါသည်။ သောက်သုံးရေအတွက် ကလိုရိုက်ပါဝင်မှု သတ်မှတ်ချက်မှာ အများဆုံး ၂၅၀ ပီပီအမ် ဖြစ်ပါသည်။ ကလိုရိုက်များသောရေဖြင့် ကော်ဖီဖျော်လျှင် ကော်ဖီအရသာ ပျက်စီးပါသည်။ ရေနွေးကြမ်းထဲကို အငန်ဓာတ် များစွာပါသော ရေကို ထည့်လျှင် အရောင်ရော အရသာပါ ပြောင်းသွားသည်။ ကျန်းမာရေးအရ နှလုံးနှင့်ကျောက်ကပ်ကို ဆိုးကျိုး ဖြစ်စေပါသည်။ ပင်လယ်ရေတွင် ပျော်ဝင်နေသော ဆားဓာတ်ပမာဏသည် လူ၏ သွေးထဲတွင်ရှိသည့် ပမာဏထက် သုံးဆကျော် ပိုများနေသောကြောင့် မြေအောက်ရေချိုထဲသို့ ရေငန် ၃ % မှ ၄ % တိုးဝင်လာလျှင် ထိုရေကို သောက်သုံး၍ မဖြစ်ပါ။
ရေငန်ကို Reverse Osmosis စသည့် နည်းများဖြင့်သာ ရေချိုဖြစ်အောင် ပြောင်းလဲနိုင်သည်၊ ကုန်ကျစရိတ် ကြီးမားသည်၊ ထို့ကြောင့် မြေအောက်ရေအောင်းလွှာများထဲသို့ ရေငန်မဝင်စေရန် ကာကွယ်တားဆီးဖို့ လိုအပ်ပါသည်။
ရေငန်ဝင်ရောက်မှုကို ထိန်းချုပ်နည်းများမှာ –
- ရေထုတ်ယူမှု ထိန်းချုပ်ရန်၊ လျှော့ချရန်၊ ပုံစံပြောင်းထုတ်ရန်
- အလှည့်ကျ ရေထုတ်ယူရန်၊ ရေတင်စက် သုံးမည့်အစား လက်နှိပ်တုံကင်ဖြင့် ရေစုပ်ယူရန်
- စက်ရုံအလုပ်ရုံသုံး ရေစုပ်တင်ခြင်းကို ထိန်းချုပ်ရန်၊ စနစ်သတ်မှတ်ပေးရန်
- ရေထုတ်ယူမည်နေရာကို ရေအောင်းလွှာဒေသဒေသ၏ အထက်ပိုင်းနေရာဒေသများသို့ ပြောင်းရွှေ့ရန် ရေငန်ဇုန်မှ ရေငန်ကို စုပ်၍ ပင်လယ်ထဲသို့ ပြန်ထုတ်ပစ်ရန်
- မြေအောက်ရေ အတားအဆီးများပြုလုပ်၍ ကာကွယ်ရန် စသည်တို့ ဖြစ်ပါသည်။
ပင်လယ်ရေငန် အတက်အကျရှိသည့် မြစ်ချောင်းများနှင့်နီးသော မြို့ရွာဒေသများ၌ စက်ရေတွင်း၏ အမြင့်ဆုံး ထုတ်နိုင်သည့် ပမာဏ၏ ၇၅ ရာခိုင်နှုန်းကိုသာ ထုတ်ယူခြင်းသည် ရေငန်မဝင်အောင် အကောင်းဆုံး ကာကွယ်နည်း ဖြစ်ပါသည်။
စက်ရေတွင်း၏ အမြင့်ဆုံးရေထုတ်နိုင်သည့် ပမာဏ (maximum discharge / yield) ကို သိရန် တူးဖော်ပြီး စက်ရေတွင်းကို စက်ရေတွင်းတူးပညာရှင် (သို့) အင်ဂျင်နီယာက ရေမှုတ်စမ်းသပ်ခြင်း (pumping test) ပြုလုပ်ရပါသည်။ ထိုရေမှုတ်စမ်းသပ်မှုမှ စက်ရေတွင်းထဲရှိ ရေမမှုတ်မီ ရေမျက်နှာပြင် (groundwater level)၊ ရေမှုတ် စမ်းသပ်နေစဉ် တည်ရှိနေသည့် မြေအောက်ရေပြင် (pumping Level) နှင့် စက်ရေတွင်း၏ တစ်နာရီရေထွက်နှုန်း (discharge / yield (gal/hr) တို့ကို သိရပြီးနောက် ရေအောင်းလွှာ၏ ရေစိမ့်နှုန်း (transmissibility / the rate of flow) ကို တွက်ယူပါသည်။ ယင်းတွက်ချက်မှုမှ စက်ရေတွင်း၏ အမြင့်ဆုံးရေထုတ်နိုင်သည့် ပမာဏကို ရရှိပါသည်။ ယင်းပမာဏ၏ ၇၅ ရာခိုင်နှုန်းသာ ထုတ်ယူသင့်ပါသည်။ ထိုသို့ ထုတ်ယူခြင်းကို စိတ်ချရသော ရေထုတ်ခြင်း (safe yield) ဟု ခေါ်ပါသည်။ ဥပမာ – စက်ရေတွင်းသည် အမြင့်ဆုံး တစ်နာရီ ဂါလန် ၅၀၀၀ ထုတ်ပေးနိုင်ပါက လက်တွေ့တွင် တစ်နာရီ ဂါလန် ၃၇၅၀ သာ ထုတ်ယူရန် ဖြစ်ပါသည်။
မိမိအိမ် သို့မဟုတ် ရပ်ကွက်ရှိ စက်ရေတွင်းမှ ရေကို တစ်နှစ်တစ်ခါ နမူနာယူ၍ အငန်ဓာတ်ဆား ပျော်ဝင်မှု မည်ရွေ့မည်မျှ ရှိနေပြီကို ရေဓာတ်ခွဲခန်းတွင် စစ်ဆေးပြီး သတ်မှတ်အဆင့်ထက် ကျော်လွန်နေပါက ရေထုတ်ယူမှု ထိန်းချုပ်ဖို့ လိုနေကြောင်း သိနိုင်ပါသည်။
ရေအောင်းလွှာထဲသို့ ရေငန်ဝင်ရောက်ခြင်းအကြောင်းရင်းများထဲတွင် စီးဝင်မှုထက် ထုတ်သုံးမှု များခြင်းကလည်း အကြောင်းတစ်ခုအနေနှင့် ပါဝင်သဖြင့် စီးဝင်မှု များလာအောင် ရေအောင်းလွှာကို မိုးရေဖြင့် ဖြည့်ပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။
တွင်းရေကို လိုအပ်သလောက်သာ ထုတ်ယူခြင်း၊ ချွေတာသုံးစွဲခြင်းဖြင့်လည်း ရေငန်ဝင်ရောက်ခြင်းမှ တစ်စိတ်တစ်ပိုင်း ကာကွယ်နိုင်ပါသည်။
ရေငန်ဝင်မှုကို ထိန်းချုပ်ရန် မြေအောက်ရေ သုံးစွဲသူများ အားလုံးက မြေအောက်ရေထဲသို့ ရေငန်တိုးဝင်ခြင်း သဘောသဘာဝကို ကောင်းစွာ နားလည် သဘောပေါက် လိုက်နာခြင်း၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာများက မြေအောက်ရေဥပဒေများ ပြဋ္ဌာန်းပြီး ယင်းဥပဒေများအတိုင်း တိကျစွာ လိုက်နာရန် ကွပ်ကဲကြပ်မတ်ခြင်းများကို ပြုလုပ်နိုင်မှ အဖိုးတန်မြေအောက်ရေများ အရည်အသွေး ပျက်စီးခြင်းမှ ရှောင်လွှဲနိုင်မည် ဖြစ်ပါသည်။
ဆက်စပ်လေ့လာရန်
မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်း အခြေအနေ (ပထမပိုင်း)
မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်းအခြေအနေ (ဒုတိယပိုင်း)
2 thoughts on “စက်ရေတွင်းများထဲသို့ ရေငန်ဝင်ရောက်ခြင်းနှင့် ကာကွယ်နည်းများ (ဦးမြင့်သိန်း (မောင်ကျေးရေ))”