
ကမ္ဘာတစ်ဝန်း၌ အငတ်ဘေးတွေ့ကြုံခြင်းသည် ဆယ်စုနှစ်နှစ်ခုကြာမျှ လျော့နည်းသွားပြီးနောက် ပြန်လည် ခေါင်းထောင်လာနေသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ခန့်မှန်းချက်အရ လူပေါင်း ၆၆၃ သန်းသည် အငတ်ဘေးနှင့် ကြုံနေရကြောင်း သိရသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ငတ်သူတို့က ငတ်နေသည့်အချိန်၌ အချို့နေရာများတွင် ထုတ်လုပ်သမျှ၏ သုံးပုံတစ်ပုံခန့်ရှိသော အစားအစာများသည် မစားရ မသောက်ရ လေလွင့် ဆုံးရှုံးလျက်ရှိ၏။
အစားအစာလေလွင့်မှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေအရင်းအမြစ်ဆုံးရှုံးမှု အကြောင်း ၁ မိနစ် ၄၇ စက္ကန့်ကြာ ဗီဒီယို ရှုစားရန်
ဝင်ငွေနည်းနိုင်ငံများ၌ အာဟာရမပြည့်သူ အများအပြားရှိနေချိန်၌ ချမ်းသာသောနိုင်ငံများတွင် စားနပ်ရိက္ခာ ပိုထုတ်မိသဖြင့် ဈေးလျှော့ရောင်းနေရခြင်းမျိုး ရှိနေခြင်းမှာ အဓိပ္ပာယ်ကင်းမဲ့သော ပန်းချီကားတစ်ချပ်ပမာ ဖြစ်နေသည်။ ယင်းပြဿနာကို နည်းမျိုးစုံဖြင့် ကိုင်တွယ် ဖြေရှင်းဖို့လိုသည်၊ မဖြေရှင်းမီ ယင်းကိစ္စကို ကောင်းစွာ သဘောပေါက်သင့်သည်။
၂၀၁၅ ခုနှစ်က ချမှတ်ခဲ့သော ရေရှည်ခံဖွံ့ဖြိုးမှုပန်းတိုင်(Sustainable Development Goals)အရ စားနပ်ရိက္ခာ ထုတ်လုပ်မှု ကွင်းဆက်တွင် လက်လီဆိုင်များမှ ဝယ်သွားပြီးနောက်ပိုင်း အစားအစာ လေလွင့်ဆုံးရှုံးမှု ပမာဏကို ထက်ဝက်လျှော့ချရန် ပါရှိခဲ့သည်။ ရည်ရွယ်ချက် ကောင်းမွန် မှန်ကန်သော်လည်း အောင်မြင်မှု အပြည့်အဝမရသေးချေ၊
၂၀၂၁ နိုဝင်ဘာလက ထွက်ပေါ်သော McKinsey report အစီရင်ခံစာအရ အစားအစာ လေလွင့်မှု၏ ထက်ဝက်နီးပါးသာ လက်လီအရောင်းဆိုင်များနှင့် ယင်းအဆင့်နောက်ပိုင်းတွင် ဖြစ်ပေါ်သည်၊ ကျန်ထက်ဝက်ကျော်သည် လက်လီအရောင်းဆိုင်များသို့ မရောက်မီအဆင့်များ၌ လေလွင့် ပျက်စီးခဲ့ကြောင်း၊ အဓိကမှာ စိုက်ခင်း ပျိုးခင်းများ၌ လေလွင့်နေကြောင်း သိရသည်။
တစ်ကမ္ဘာလုံးရှိ သီးနှံရိတ်သိမ်းလုပ်ငန်းခွင်များရှိ လေလွင့်မှု၏ ၅၈ ရာခိုင်နှုန်းသည် ဝင်ငွေကောင်းနိုင်ငံများရှိ သီးနှံလုပ်ငန်းခွင်များတွင် ဖြစ်ပေါ်နေသည်။ တစ်ကမ္ဘာလုံးရှိ ရိတ်သိမ်းလုပ်ငန်းခွင်များတွင် တစ်နှစ်လျှင် စားနပ်ရိက္ခာ ၁ . ၂ ဘီလျံတန်မျှ ပျက်စီးနေသည်ဟု World Wildlife Fund အဖွဲ့က ဆိုသည်။
အစားအစာလေလွင့်ခြင်းသည် ရာသီဥတုပြောင်းလဲမှုကို အထောက်အပံ့ဖြစ်စေသည့်အပြင် ရေအရင်းအမြစ်များကိုလည်း ဖြုန်းတီးရာရောက်သည်။
စိုက်ခင်းအတွင်း လေလွင့်စားနပ်ရိက္ခာများမှ တစ်နှစ်လျှင် ကာဘွန်ဒိုင်အောက်ဆိုက် ၂ . ၂ ဂိုင်ဂါတန်နှင့် ညီမျှသော ဖန်လုံအိမ်ဓာတ်ငွေ့များ ထွက်ပေါ်သည်။ ယင်းပမာဏသည် လူတို့ကြောင့် ထွက်ပေါ်သော ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏစုစုပေါင်း၏ ၄ ရာခိုင်နှုန်းနှင့် ညီမျှသည်။ အစားအစာလေလွင့်မှု အဆင့်ဆင့်မှ ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့သည်မူ လူတို့ကြောင့် ထွက်ပေါ်သော ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏ စုစုပေါင်း၏ ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းမျှအထိ ရှိသည်။ တစ်နည်းဆိုရလျှင် လူတို့ကြောင့် ဖြစ်ပေါ်သော ရာသီဥတုပြောင်းလဲခြင်းတွင် လေလွင့်အစာများက ၈ ရာခိုင်နှုန်းအထိ ပါဝင် ပတ်သက်နေသည်။
တစ်ဖန် ရိတ်သိမ်းလုပ်ငန်းခွင်များရှိ လေလွင့်အစာများနှင့်အတူ ပါသွားသော ရေကောင်းရေသန့်ပမာဏသည် ကုဗကီလိုမီတာ ၇၆၀ မျှရှိသည်။ ယင်းပမာဏသည် ဧရာဝတီမြစ်မှ ပင်လယ်ထဲသို့ နှစ်နှစ်နီးပါးကြာမျှ စီးဝင်နေသော ရေပမာဏနှင့် တူညီသည်။
ယင်းရေဆုံးရှုံးမှုထဲတွင် စားသောက်ရန် ပြင်ဆင်ပြီးကာမှ အကြောင်းအမျိုးမျိုးကြောင့် မစားဘဲ လွှင့်ပစ် သွန်ပစ်နေသော အစားအသောက်များနှင့်အတူ လိုက်ပါဆုံးရှုံးသောရေ မပါသေးချေ။
လေလွင့်အစားအစာနှင့် ရေအရင်းအမြစ်ဆုံးရှုံးမှု အကြောင်း ၁ မိနစ် ၂၁ စက္ကန့်ကြာ ဗီဒီယို ရှုစားရန်
ဆက်စပ်လေ့လာသင့်သော ဆောင်းပါးများ