ဒီရေတောများ ပြုစု ထိန်းသိမ်း စောင့်ရှောက်ရေး (ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန)

ဒီရေတော(Mangrove)

ဒီရေတောဆိုသည်မှာ အပူပိုင်းရာသီဥတုရှိသည့် ကမ်းရိုးတန်းများ၊ မြစ်များနှင့် မြစ်ဝကျွန်းပေါ်ဒေသများအနီး ရေငန်စပ်သော ချောင်းကမ်းပါးများ၌ ပေါက်ရောက်နေသည့် သစ်ပင်မျိုးစိတ်များ ပါဝင်သော ဂေဟစနစ် တစ်ခုဖြစ်သည်။ ခရာပင်၊ လမုပင်၊ သမဲ့ပင်၊ ကန့်ဗလာပင်၊ ပန့်တကာပင်၊ ဗြိုက်ပင်၊ ဗြူးပင်၊ ကနစိုပင်၊ မဒမပင်၊ သင်းပေါင်းပင်၊ ဓနိပင်၊ ပင်လယ်အုန်းပင်၊ ငှက်ကြီးတောင်ပင်စသည့် ထူးခြားအပင်ပေါင်းစုံ ပေါက်ရောက်ပြီး အပင်နာမည်ကိုစွဲ၍ လမုတော၊ ဗြူးတော၊ ကနစိုတော၊ သင်ပေါင်းတောဟူ၍လည်း ခေါ်ဝေါ်လေ့ရှိသည်။

ဒီရေတောအပင်အမျိုးအစားများမှာ – Avicennia marina, Rhizophora, Nypa fruticans, Kandelia candel, Sonneratia alba, Conocarpus erectus, Avicennia alba, Laguncularia စသည်တို့ ဖြစ်သည်။

ဒီရေတောများတွင်းသို့ ဝင်ရောက်လေ့လာခြင်း ဗီဒီယိုရှုစားရန်

ဒီရေတောမှရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ –

၁ – မုန်တိုင်း ငလျင် ဆူနာမီ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည်။

၂ – သစ်ခွဲသား တိုင် မျှော အိမ်အမိုးအကာအခင်းများ၊ ဆေးဘက်ဝင်အပင်များ၊ လောင်စာ မီးသွေးများ ရရှိနိုင်ခြင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြင့် ဝင်ငွေရရှိစေခြင်း စသဖြင့် ဒေသခံများအတွက် လူမှုစီးပွားရေးကောင်းမွန်စေသည်။ ဒီရေတောများအနီးတွင် နေထိုင်လျက်ရှိကြသော လူသန်းပေါင်း ၁၂၀ ခန့်၏ အသက်မွေးဝမ်းကျောင်း စားဝတ်နေရေးကို ထောက်ပံ့လျက်ရှိသည်။ ဒီရေတော တစ်ဟက်တာလျှင်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၀၀ မှ ၅၇၀၀ ရှိပြီး လမုတောဟက်တာ ၁၄ သန်းခန့်သည် တစ်နှစ်လျှင် တန်ဖိုးအများဆုံး အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံခန့် ထောက်ပံ့ပေးပါသည်။

၃ – မြစ်ကမ်းပါးပြိုမှုများကို ဒီရေတောပင်အမြစ်များက ကာကွယ်ပေးသည့်အပြင် ကုန်းမြေကို ကျယ်ပြန့်လာစေသည်၊ ကမ်းခြေဒေသကာကွယ်ရေးအတွက် လမုတောများကို ပြန်လည် ထိန်းသိမ်း စိုက်ပျိုးထားရှိခြင်းဖြင့် လူလုပ် အရံအတားများထက် အများဆုံး ငါးဆခန့် အကုန်အကျ သက်သာစေပါသည်။

၄ – ရေနေသတ္တဝါအားလုံးအတွက် အဓိက အစာထုတ်လုပ်ပေးရာနေရာနှင့် ငါး ခရု ဂုံး ကမာ ဂဏန်းနှင့် ပုစွန်တို့အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ဖွား မျိုးပွားရာဖြစ်သည်။ ဒီရေတော ၂ မှ ၅ ဟက်တာ ခန့်သည် ငါးမွေးမြူရေးလုပ်ငန်း ၁ ဟက်တာခန့်အတွက် ရေကို သန့်စင်ပေးနိုင်သည်။ ငါးမျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ခန့်ကို ဒီရေတောများ ရှင်သန် ပေါက်ရောက်လျက် ရှိသော အင်းများထဲတွင် တွေ့ရှိရသည်။

၅ – ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူထိန်းသိမ်းပြီး လေထုထဲသို့ အောက်ဆီဂျင် ထုတ်လွှတ်ပေးသည်။ ဒီရေတောများ၏ကာဘွန်သိုလှောင်နိုင်မှုသည် တောင်ပေါ် သမပိုင်းဒေသများထက် သုံးဆမှ ငါးဆခန့်ပိုပါသည်။ တစ်ကမ္ဘာလုံးရှိ ဒီရေတော၊ လမုတောများ နှစ်စဉ်ဆုံးရှုံးမှုမှ ထွက်ပေါ်လာသော ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏသည် သြစတြေးလျတိုက်၏ နှစ်စဉ်ယင်းဓာတ်ငွေ့ထုတ်လုပ်မှုထက် မြင့်မားနိုင်ပါသည်။

၆ – ကုန်းတွင်းပိုင်းသို့ ဆားအငန်ဓာတ်စိမ့်ဝင်မှုကို ကာကွယ်ပေးသည်။

၇ – သုတေသနနှင့် ပညာရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသည်။

ဒီရေတောများ၏အရေးပါပုံ ဗီဒီယိုရှုစားရန်

ဒီရေတောများပျက်စီးမှုအခြေအနေ

ယခုအခါ ဒီရေတောများကို ထင်း မီးသွေးနှင့် သစ်လိုအပ်ချက်များကြောင့် အလွန်အကျွံ ခုတ်လှဲခြင်း၊ လယ်ယာမြေ ဆားကွင်း ပုစွန်ကန်နှင့် ကျေးရွာများအဖြစ် ပြောင်းလဲခြင်း၊ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိပ်ကမ်းများနှင့်ဟိုတယ်များ တည်ဆောက်ခြင်း၊ စည်းစနစ်မရှိသည့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကမ်းရိုးတန်းစိုက်ပျိုးရေး များပြားလာခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းဖောက်လုပ်ခြင်း၊ မိုင်းတူးဖော်ခြင်းစသည်တို့ကြောင့် တစ်စတစ်စ ပျက်စီးလာနေသည်။

မြန်မာနိုင်ငံတွင် ဒီရေတော ဖုံးလွှမ်းမှုမှာ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ တနင်္သာရီတိုင်းဒေသကြီးတွင် အမြင့်ဆုံး ၉၈ ရာခိုင်နှုန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ၂၉ ရာခိုင်နှုန်းရှိကာ ရခိုင်ကမ်းမြောင်ဒေသတွင် ၇၆ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။

မြန်မာ့ဒီရေတောများ
Source: https://dopa-explorer.jrc.ec.europa.eu/ecoregion/41404

ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏ ဒီရေတော အများဆုံး ပေါက်ရောက်ရာ ဒေသတစ်ခုဖြစ်ခဲ့ပြီး ဒီရေရောက်တော ဧက ၈ သိန်းခန့်ရှိသော်လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကျရောက်ပြီး နောက်ပိုင်းတွင် ဒီရေရောက်တော ဧက ၅ သိန်းခန့်သာ ကျန်ရှိတော့ကြောင်းသိရသည်။

ဒီရေတောများပျက်စီးခြင်းကြောင့် သစ် ထင်းမီးသွေး ရှားပါးလာခြင်း၊ ငါး ပုစွန် ဂဏန်း စသော ရေနေ သတ္တဝါများ လျော့ပါးပျောက်ကွယ်လာခြင်းကြောင့် သားငါးကဏ္ဍ ထုတ်လုပ်မှု လျော့ကျလာခြင်း၊ ကမ်းရိုးတန်း ဒေသများတွင် ရေလှိုင်းနှင့် မုန်တိုင်း ဒဏ်များပိုမို ခံစားလာရခြင်း၊ သဘာဝဘေးအန္တရာယ်များ ပိုမို ကျရောက်လာခြင်း၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေများ ပိုမိုစိမ့်ဝင်လာခြင်းနှင့် ပင်လယ်ကမ်းရိုးတန်းဒေသ၏ ဂေဟစနစ်များ ယိုယွင်းပျက်စီးလာခြင်း စသော ဆိုးကျိုးများကို ခံစားလာကြရပါသည်။

ဒီရေတောပြုစုစောင့်ရှောက်ထိန်းသိမ်းနိုင်မည့်နည်းလမ်းများမှာ –

၁ – ပျက်စီးသွားသော ဒီရေတောစိုက်ခင်းများ ပြန်လည်ထူထောင်စိုက်ပျိုးခြင်း၊ မပေါက်ရောက်သည့် နေရာများတွင်လည်း ရှေ့ရေးကြိုတွေးပြီး အစားထိုး စိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း

၂ – ဒီရေတောပြုစုစောင့်ရှောက်ထိန်းသိမ်းရေးဦးတည်ချက်ဖြင့် လူထုအသိပညာပေးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ ဒီရေတောသစ်ပင်များ၏ အဖိုးတန်မှု၊ အရေးပါမှုများကိုသိရှိပြီး အစိုးရဌာန၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရေရှည်တည်တံ့နိုင်မည့် နည်းလမ်းများကို ချမှတ်ဆောင်ရွက်စေခြင်း

၃ – ဒီရေတောထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ ဥပဒေများကို နှစ်တို နှစ်လတ် နှစ်ရှည် စီမံချက်များ ချမှတ်ခြင်း၊ စီးပွားဖြစ် တရားမဝင်ဒီရေတောခုတ်ထွင်မှုများကို ဥပဒေအရအရေးယူ ဆောင်ရွက်ခြင်း

နိဂုံး

ဒီရေတောများသည် လူနှင့်သတ္တဝါတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်သည်သာမက ကမ္ဘာကြီး ပူနွေးလာမှုကိုလည်း ဟန့်တားနိုင်စွမ်း ရှိပါသည်။ ရေထွက်နှင့် သစ်တောထွက် သယံဇာတများကို ထုတ်လုပ်ပေးနိုင်သည့်အပြင် လူနှင့် သတ္တဝါများကို အန္တရာယ်ပေးနိုင်သော အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးပါသည်။ ဒီရေရောက်တောများ တိုးချဲ့စိုက်ပျိုးနိုင်ရန် အစိုးရ၊ ပုဂ္ဂလိကနှင့် အများပြည်သူများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပြီး ဒီရေတောများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အဖိုးတန် ဒီရေတောများကို ကာကွယ်ပေးနိုင်ရုံသာမက မြန်မာနိုင်ငံတွင်း သစ်တောများ ပြန်လည်ထူထောင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s