မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်းအခြေအနေ (ဒုတိယပိုင်း) ဦးမြင့်သိန်း (မောင်ကျေးရေ)

၈။ မြေအောက်ရေအရည်အသွေး

မြေအောက်ရေအသုံးပြုနေသူများသည် ရေ၏အရည်အသွေး ကောင်း မကောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထားသော သောက်သုံးရေ အရည်အသွေး အဆင့်အတန်း (Drinking Water Quality Standard) နှင့် ချိန်ထိုး၍ သိထားသင့်ပါသည်။

မြေအောက်ရေအောင်းလွှာ၏ ဘူမိဗေဒဆိုင်ရာ၊ ဘူမိဓာတုဗေဒဆိုင်ရာ ဓာတ်ပစ္စည်းများ၏ ပမာဏနှင့် ပျော်ဝင်နေသည့် အချိန်ကာလ၊ မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးသည့် မိုးရေ ဖြတ်သန်းစီးဆင်းရာ တလျှောက်ရှိ မြေသား၊ ကျောက်သားတို့၏ ဓာတ်ဂုဏ်သတ္တိများ စသည့် အချက်များက မြေအောက်ရေ၏ ရေအရည်အသွေး ကောင်းမကောင်း အဆုံးအဖြတ်ပေးပါသည်။

သို့ပါ၍ မြေအောက်ရေ၏ အရောင်အဆင်း၊ အနံ့အရသာ၊ ရေနောက်ကျိမှု၊ ပီအိပ်(ချ်)(pH)၊ ပျော်ဝင်နိုင်သည့် ဓာတုဗေဒဆိုင်ရာ ဓာတ်ပစ္စည်းများ (ဆိုဒီယံ၊ ကယ်စီယံ၊ မဂ္ဂနီစီယံ၊ သံဓာတ်)နှင့် ဓာတ်ပေါင်းများ (ကာဘွန်နိတ်၊ ဘိုင်ကာဘွန်နိတ်၊ ကလိုရိုက်၊ ဆာလ်ဖိတ်)တို့ မည်၍မည်မျှ ပါဝင်သည်ကို သိရပါမည်။ သတ္တုဓာတ်စင်များဖြစ်သည့် ခဲ(Lead; Pb)၊ သွတ် (Zinc; Zn) ၊ ကြေးနီ (Copper; Cu)၊ အာစင်နစ်(Arsenic; As) စသည်များ ဖြစ်ကြသည်။ (မြန်မာနိုင်ငံတွင် သောက်သုံးရေ၌ အာစင်နစ်နှင့် ခဲဓာတ်ပါဝင်မှု သတ်မှတ်ချက်မှာ ၀ . ၀၃ ပီပီအမ် အများဆုံး ဖြစ်ပါသည်။)

တချို့မြေအောက်ရေများတွင် သဘာဝအလျောက် ပျော်ဝင်နေသော(သို့) သတ္တုတွင်းများမှ စွန့်ပစ် အညစ် အကြေး၊ (လူ၏ ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးသည့် အဆိပ်ဓာတ်ပစ္စည်းများ (အာစင်နစ်၊ ကြေးနီ ၊ ကိုဘော့ (Cobalt)၊ ခဲ၊ ငွေ (Lead, Zinc) စသည့်) ဓာတ်ပစ္စည်းများ ပျော်ဝင်နေတတ်ပါသည်။

စိုက်ကွင်းများနှင့်နီးသော စက်ရေတွင်းများမှာမူ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာများရှိ နိုက်တရိုဂျင် ပါဝင်သောကြောင့် မြေအောက်ရေ ညစ်ညမ်းပြီး အဆိပ်အတောက်ဖြစ်စေပါသည်။

မဟာရန်ကုန်နယ်မြေ ပတ်ဝန်းကျင်ရှိ ချိုင့်ဝှမ်းပို့ချ မြေအောက်ရေအောင်းလွှာ (Valley-filled aquifer) ၏ မူလ ရေအမျိုးအစားမှာ ဘိုင်ကာဘွန်နိတ်၊ ကလိုလိုက်(ရိုက်) အမျိုးအစား ဖြစ်ပါသည်။ နုန်းမြေ ရေအောင်းလွှာ (Alluvial aquifer) ၏ မူလရေအမျိုးအစားမှာ ကလိုက်(ရု်)ဘိုင်ကာဘွန်နိတ် အမျိုးအစားတွင် ပါဝင်ပြီး ဧရာဝတီရေအောင်းလွှာ (Irrawaddy Aquifer)၏ ရေအမျိုးအစားသည် ဘိုင်ကာဘွန်နိတ်နှင့် ဘိုင်ကာဘွန်နိတ် ကလိုရိုက်(ရိုက်) အမျိုးအစား ဖြစ်ပါသည်။

သံဓာတ်ပျော်ဝင်မှုများပါက ရေအရောင်သည် အဝါရောင်၊ လိမ္မော်ရောင်၊ သံချေးရောင် စသည်ဖြင့် တွေ့ရပါသည်။ ရေသည် အောက်သိုးသိုး အနံ့အရသာ၊ ကြက်ဥဘဲဥပုပ် အနံ့အရသာရပါက ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် (H2S)၊ မှော်၊ ရေညှိစသည်တို့နှင့် ဘက်တီးရီးယားပိုးမွှားများ ရေတွင် ပျော်ဝင်နေ၍ ဖြစ်ပါသည်။ထိုသို့ အနံ့ရပါက အာမိုးနီးယားကို ရှေ့ပြေး စမ်းသပ်ရပါမည်။ သတ်မှတ်ချက်ထက် အာမိုးနီးယားပါဝင်မူ များနေပါက (Biological Test ) စမ်းသပ်ရပါမည်။ (ရန်ကုန်မြစ်ဝ၊ လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ ငမိုးရိပ်၊ ပုဇွန်တောင်ချောင်းတို့၏ အီးစီသည် ၂၀၀၀ အထက်တွင် ရှိနေပါသည်။)

ရေငန်တိုးဝင်ရခြင်း အကြောင်းရင်းမှာ ရေငန် (Saltwater density is about 1.025 g/cm3) သည် ရေချို (Freshwater density is about 1.000g/cm3 ) ထက် သိပ်သည်းဆ များသောကြောင့် အစဉ်သဖြင့် ရေငန်၏အပေါ်တွင် ရှိနေပါသည်။ မြေအောက်(ရေချို)တည်ရှိသည့်ပမာဏ၊ ထုတ်ယူသုံးစွဲသည့် ပမာဏနှင့် မြေအောက်ရေမျက်နှာပြင်၊ မြင့်ရာမှနိမ့်ရာအရပ်သို့ စီးဝင်မှု ပမာဏတို့ မျှချေ (Recharge and Discharge Balance) ဖြစ်နေသောအခါ မြေအောက်ရေချိုအလွှာသည် အောက်တွင် ရှိသော ရေငန်အလွှာကို ဖိထားသဖြင့် ရေငန်တိုးဝင်ခြင်းကို ကာကွယ်ထားရာရောက်ပေသည်။

ထိုအခြေအနေမှ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များပြားလာသောအခါ မိုးရေဖြည့်တင်းပေးမှုသည် နည်းပါး(အလျင်မမီ) သောအခါတို့တွင် မြေအောက်(ရေချို) ရေအောင်းလွှာ ရေပမာဏ လျော့နည်းလာပြီး ရေငန်အလွှာကို အပြည့်အ၀ ဖိမထားနိုင်သည်နှင့်အမျှ မြေအောက်ရေ ဖြည့်တင်းစီးဆင်းမှုလည်း နည်းပါးလာပေသည်။ ထိုအခါ ရေငန်၊ မြစ်ရေ၊ ပင်လယ်ရေ၏ တွန်းအားကြောင့် ရေငန်နှင့် ရေချိုအကြားတွင် ရှိသော ရေငန်ရေချို ရောစပ်နေသောရေ(ငန်ငြိငြိရေ) (Brackish water)များ ရေချိုအလွှာထဲသို့ တိုးဝင်လာ၏။ ရေငန်တိုးဝင်ခြင်းသည် မြေအောက်ရေကို ညစ်ညမ်းစေသည့် နည်းတမျိုး ဖြစ်ပါသည်။

အခြားနည်းဖြင့် ရေငန်တိုးဝင်ရသည့် အကြောင်းရင်းမှာ

၁။ မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲကြသည့်အခါ မြေအောက် ရေဝင်ရေတွက် (Recharge and Discharge) မျှခြေတွင် မရှိခြင်း
၂။ ပင်လယ်ရေမြင့်တက်ခြင်း
၃။ ရေလိုအပ်ချက် များပြားလာသည်နှင့်အမျှ ရေထုတ်ယူမှု အလျှံပယ်များပြားလာခြင်း
၄။ မြေမျက်နှာပြင်နိမ့်ကျခြင်း
၅။ မြစ်ချောင်းများ၏ ရေစီးဆင်းမှု နည်းပါးလာခြင်း
၆။ မိုးရွာသွန်းမှု နည်းပါးလာပြီး အငွေ့ပြန်နှုန်း များပြားလာခြင်း
၇။ ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်များ ပြောင်းလဲလာခြင်း (မြိုပြဖွံဖြိုးမှုများကြောင့်)
၈။ မြစ်ချောင်းများ အထက်ပိုင်းမှ ရေထုတ်ယူမှု များပြားလာပြီး မိုးရေ စီးဝင်မှု နည်းပါးလာခြင်းတို့ကြောင့် ဖြစ်ပါသည်။

ယင်းသို့ အငန်ဓာတ် မြင့်တက်လာခြင်းကို ရေငန်တိုးဝင်သည်ဟု ခေါ်ပါသည်။ ဒီရေအတက်အကျရှိသော လှိုင်၊ ပန်းလှိုင်၊ ငမိုးရိပ်၊ ရန်ကုန်မြစ်(ပဲခူးမြစ်)များနှင့် နီးစပ်သည့် ရပ်ဝန်းဒေသများတွင် အတွေ့ရများပါသည်။

မြေအောက်ရေချိုထဲသို့ ရေငန် ၃ % မှ ၄ % တိုးဝင်လျှင် ထိုရေကို သောက်သုံး၍ မဖြစ်ပေ။ (ပင်လယ်ရေကို လူတို့သောက်၍ မရသည့် အကြောင်းရင်းမှာ ပင်လယ်ရေတွင် ပျော်ဝင်နေသော ဆားဓာတ်ပမာဏသည် လူ၏ သွေးထဲတွင်ရှိသည့် ပမာဏထက် သုံးဆကျော် ပိုများနေသောကြောင့် ဖြစ်ပါသည် လူ့လျှာအရသာသည် တစ်လီတာလျှင် ကလိုရိုက်ပျော်ဝင်မှု ၁၀၀ မီလီဂရမ်ထက် ပိုပါက ငန်သော အရသာကို ခံစားရရှိစေပါသည်။)

ရေငန်တိုးဝင်မဝင် ကြိုတင်သိရှိရန် ဇလဘူမိဗေဒ ဓာတုဗေဒဆိုင်ရာ စစ်ဆေးနည်း (The criteria of saline water influence level)

Cl / (HCO3 + HO3) meq /lLevel of Saline Water Influence
<=0.50There are no saline water influence
0.50 – 1.50Low saline water influence
1.51 – 3.00Moderate saline water influence
3.01 – 6.50High enough saline water influence
6.51 – 15.50High saline water influence
>15.50very high saline water influence

ထို့အပြင် မြေအောက်ရေတွင် ပီအိပ်(ချ်)၊ ကလိုရိုက်၊ အာမိုးနီးယား၊ နိုက်ထရိုက်၊ ဆာလ်ဖိုက်ဓာတ်များ တစ်ခုထက်မကသည် ကမ္ဘာကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည်ထက် များနေပါက သို့မဟုတ် ရေသည် အောက်သိုးသိုး အနံ့အရသာ၊ ကြက်ဥဘဲဥပုပ် အနံ့အရသာ ရပါက ဘက်တီးရီးယားပိုးမွှားများ ရေတွင် ပျော်ဝင်နေ၍ ဖြစ်ပါသည်။ ဘိုင်အော်လော်ဂျီကလ် စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။

၉။ ယနေ့အခြေအနေနှင့် အနာဂတ်ခန့်မှန်းအခြေအနေ

ယနေ့မြေအောက်ရေ၊ အရည်အသွေးမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုယိုယွင်းလာသည်ကို တွေ့နေရပါသည်။ အငန်ဓာတ် ပါဝင်နှုန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်အဆင့်ထက် တစ်ဆခွဲ၊ နှစ်ဆမက ပိုမိုနေပြီး သံဓာတ်ပါဝင်နှုန်းမှာလည်း သုံးဆမှငါးဆခန့် ပိုမိုနေသည်ကို လေ့လာသိရှိရပါ၏။ (အထူးသဖြင့် ရွှေပြည်သာ အနောက်ဘက်ခြမ်း၊ လှိုင်သာယာ ဘုရင့်နောင် လမ်းမကြီး၏ အနောက်ဘက်ခြမ်းတလျှောက်၊ ကြည့်မြင်တိုင် အောက်လမ်း၊ အနောက်ဘက်ခြမ်းတစ်လျှောက်၊ အလုံကမ်းနားလမ်းမကြီး အနောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်း တလျှောက်၊ ကမ်းနားလမ်းတလျှောက်၊ ကျောက်တံတား (အရှေ့ဘက်ခြမ်း)နှင့် ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းတလျှောက် သံလျက်စွန်းအထိ ဖြစ်ပါသည်။)

ယခင်အနှစ် ၂၀ ကျော်က ထိုနုန်းမြေနုချိုင့်ဝှမ်း ပို့ချမြေအောက်ရေအောင်းလွှာ (Alluvial water bearing layer/ aquifer) မှ ထွက်ရှိသော မြေအောက်ရေ အရည်အသွေးသည် သောက်သုံးရန် ကောင်းမွန် သင့်တော်သော အဆင့်တွင် ရှိပါသည်။

ယခုအခါ ကမာရွတ်၊ လှိုင်မြို့နယ်အနောက်ဘက်ခြမ်း (လှိုင်မြစ်နှင့်မဝေးသော နေရာများ)ရှိ စက်ရေတွင်း အချို့၏ တီဒီအက်စ်နှင့် ကလိုရိုက် (ရေအရည်အသွေး) တို့သည် သတ်မှတ်အဆင့်ထက် သုံးဆခန့် ပိုမိုနေပါသည်။ သံဓာတ်ပါဝင်မှုသည်လည်း ရှိသင့်သည့်အဆင့်ထက် သုံးဆမှငါးဆအထိ ရှိသည်ကို တွေ့ရပါသည်။

မဟာရန်ကုန်နယ်နိမိတ်အတွင်း ယနေ့အထိ မြေအောက်ရေထုတ်ယူနေသည့် စက်ရေတွင်း (အဝီစီတွင်း)ပေါင်းသည် ၁၉၈၈ ခုနှစ်မတိုင်မီကထက် ၁၀ ဆခန့် ပိုမိုများပြားလာသည်ကို လေ့လာတွေ့ရှိရ၏။ ၁၉၈၈ ခုနှစ်မတိုင်မီက (စည်ပင်သာယာ စက်ရေတွင်းများ အပါအဝင်) တွင်းပေါင်း ၃၅၀၀ ခန့်သာ ရှိပါသည်။ စည်ပင်သာယာမှ မြေအောက်ရေထုတ်ယူသုံးစွဲမှုမှာ တနေ့ရေဂါလန် ၁၆ သန်းကျော် ထုတ်ယူနေသည်ဟု ဆိုပါသည်။ စာရေးသူ ခန့်မှန်းသည်မှာ တနေ့ရေဂါလံသန်း ၆၀ ကျော်ဟု ခန့်မှန်းပါသည်။

မြေအောက်ရေမျက်နှာပြင် (Static Water level) များလည်း နိမ့်ကျလာနေပါသည်။ (ဥပမာ-ရန်ကုန် ပြည်လမ်း ဆေးတက္ကသိုလ်(၁)ဝင်း အတွင်းရှိ စက်ရေတွင်းသည် ယခင် ၂၅ နှစ်က မြေအောက်ရေ မျက်နှာပြင်မှာ ပေ ၂၀ ရှိခဲ့ရာ ယခုအခါပေ ၄၀ ရှိနေပါသည်)

ရန်ကုန်မြို့တော်၏ မြေအောက်ရေသုံးစွဲမှု(အလုံးစုံ)ကို မည်သည့်ဌာန အဖွဲ့အစည်းကမျှ စနစ်တကျ မှတ်တမ်းများ ထိန်းသိမ်းမထားရှိပေ။ ကျေးရွာရေရရှိရေးဌာနသည်လည်း မိမိဌာနအလိုက်၊ မိမိဆောင်ရွက်သည့် လုပ်ငန်းများကိုသာ မှတ်တမ်းထားရှိကြပါသည်။ (ယနေ့ ထိုဌာနမရှိတော့ပါ)

မဟာရန်ကုန် နယ်နိမိတ်အတွင်း (အငန်ဓာတ် မြင့်မားနေသော၊ ရေငန် တိုးဝင်နေသော (မြို့နယ်) နေရာဒေသအချို့မှာ လှိုင်သာယာ၊ ရွှေပြည်သာ အနောက်ဘက်ခြမ်း၊ ဘုရင့်နောင်လမ်းမကြီး အနောက်ဘက်ခြမ်းတလျှောက်၊ (လှိုင်မြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း၊ ကြည့်မြင်တိုင် အနောက်ဘက်ခြမ်း၊ အလုံကမ်းနားလမ်း (အနောက်ဘက်နှင့် မြောက်ဘက်ခြမ်း)၊ ဗိုလ်တထောင် ကြက်လျှာစွန်း၊ ပုဇွန်တောင်ချောင်း (ငမိုးရိပ်ချောင်း) မြစ်ကွေ့နေရာများ၏ ဘေးဘယ်ညာ ရပ်ဝန်းနေရာများ တွင် အငန်ဓာတ် ပါဝင်နှုန်း မြင့်မားနေကြောင်း လေ့လာ သိရှိရပါသည်။ (ထိုအရပ်ဒေသ အချို့သည် လွန်ခဲ့သော ၁၅ နှစ်ခန့်က အငန်ဓာတ်ပျော်ဝင်မှုမှာ သောက်သုံးရန် သင့်သော အဆင့်တွင် ရှိခဲ့ပါသည်။

မြေအောက်ရေကို ညစ်ညမ်းစေသော အဓိကအကြောင်းရင်းများမှာ ဇီဝဗေဒဆိုင်ရာလုပ်ငန်းများ၊ လူတို့ စွန့်ပစ်အညစ်အကြေးများနှင့် စက်ရုံ အလုပ်ရုံ စွန့်ပစ်ပစ္စည်း၊ သတ္တုတွင်း စွန့်ပစ်ရေဆိုးများတို့ကြောင့် ဖြစ်ပါသည်။ ယခုအခါ ယုဇနဥယျာဉ်အိမ်ယာ၊ မလိခအိမ်ယာ(ရတနာလမ်း) ခြောက်ထပ်တိုက်များဝန်းကျင်တွင် စွန့်ပစ်ရေဆိုးများကြောင့် မြေအောက်ရေ ညစ်ညမ်းနေပါသည်။

မြို့ပြလူနေရပ်ဝန်း အိုးအိမ်များ တိုးချဲ့လာသောကြောင့် မိုးရေ စိမ့်ဝင်စီးဆင်းရာ မြေနေရာများ လျော့နည်းလာခြင်း (Recharge Area / zone) ကြောင့် မြေအောက်ရေ ဖြည့်တင်းရာရပ်ဝန်း တဖြည်းဖြည်း လျော့နည်းလာသည်။

အနာဂတ်အခြေအနေမှာ မြေအောက်ရေချို အလွန်အကျွံ ထုတ်ယူ သုံးစွဲမှုများကြောင့် လည်းကောင်း၊ စည်းမျဉ်းဥပဒေများ ထိန်းချုပ်မှု အားနည်းသောကြောင့် လည်းကောင်း ရန်ကုန်မြို့၏ မြေအောက်ရေချိုသည် ဆယ်စုနှစ်ကာလအတွင်း ဆားငန်ရေများတိုးဝင်လာပြီး အငန်ဓာတ် မြင့်တက်လာမည် ဖြစ်ပါသည်။ အငန်ဓာတ်ပါဝင်မှု မြင့်တက်လာမည့် မြေအောက်ရေဝတ်ဧရိယာ ပိုမိုကျယ်ပြန့်လာမည် ဖြစ်ပေသည်။ မဟာရန်ကုန်ုမြို့နေ ပြည်သူအများစုသည် ရေသန့်စက်ရုံများက ရောင်းချသော ၂၀ လီတာဝင်ရေသန့်ဘူးများကို ဝယ်ယူအသုံးပြုနေခြင်းက စည်ပင်သာယာရေနှင့် အချို့သော စက်ရေတွင်းများက ရေများသည် အရည်အသွေး မကောင်းသည်ကို သက်သေပြနေပါသည်။

၁၀။ အကြံပြုချက်

၁။ ယခုအချိန်ကစ၍ မြို့နယ်အလိုက် ရေသန်းခေါင်စာရင်း စစ်တမ်း ကောက်ယူရန် (မဟာရန်ကုန် တစ်ခုလုံး၏ရေသုံးစွဲမှု အခြေအနေကို သိလာမည်၊ ရေတိုရေရည်စီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုမည် ဖြစ်ပါသည်)

၂။ စက်ရေတွင်းမှတ်တမ်းများ ထားရှိရန်

၃။ ၂၀၂၅ ခုနှစ်တွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု လျှော့ချနိုင်ရန် စီစဉ် ဆောင်ရွက်သည်ထက် စော၍ ၂၀၁၈ ခုနှစ်ဆန်းလောက်ကစပြီး ဖြည်းဖြည်းခြင်း ဇလဘူမိဗေဒဆိုင်ရာ၊ မြေအောက်ရေနှင့် စက်ရေတွင်းများ ဆိုင်ရာ နည်းပညာများဖြင့် လျှော့ချသွားရန်

၄။ မိုးများသည့်ဒေသများ (မြေအောက်ရေ မရနိုင်သည့်)တွင် မိုးရေကို စနစ်တကျ သိုလှောင် သုံးစွဲသည့် အလေ့အကျင့်များ အသုံးပြုရန်

၅။ နောက်ထပ် မြို့သစ်တည်ဆောက်မည်ဆိုပါက သောက်သုံးရေ လုံလုံ လောက်လောက် နှစ်ရှည်လများ ရရှိနိုင်မည့်နေရာဖြစ်ရန် တတ်သိ နားလည်သည့် ပညာရှင်များ ကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများနှင့် တိုင်ပင် ဆွေးနွေး လေ့လာတွက်ချက်ရန်

၆။ မြေအောက်ရေအောင်းလွှာစီမံခန့်ခွဲမှု (Groundwater Basin management) ပညာဆိုင်ရာ လုပ်ငန်းများ စတင်လုပ်ဆောင်ရန် (ဇလဘူမိဗေဒဆိုင်ရာ၊ မြေအောက်ရေဥပဒေ (သုံးစွဲသူ၊ ထုတ်ပေးသူ၊ အာဏာပိုင်အဖွဲ့အစည်း၊ ပညာရှင်များ စသည်တို့ အကြုံးဝင်စေသည့်) နည်းဥပဒေများကို ပြုစုနေပြီဟု သိရပါသည်။)

၇။ မြေအောက်ရေသုံးစွဲသူ၊ တူးဖော်သူ၊ ကန်ထရိုက်တာ၊ မြေအောက်ရေ ပညာရှင်နှင့် ဇလဘူမိဗေဒ ပညာရှင်များ၊ အုပ်ချုပ်သူ အဖွဲ့အစည်းများ အားလုံးနှင့် သက်ဆိုင်သော အကြုံးဝင်သော ဥပဒေ နည်းဥပဒေ စည်းမျဉ်း စည်းကမ်းများ စတင်ပြုစုရန်။

အချုပ်ဆိုရသော် မဟာရန်ကုန်အတွက်သာမက တနိုင်ငံလုံး အတိုင်းအတာ အတွက် ပြည့်စုံသောဥပဒေ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများ လိုအပ်နေပါသည်။ ထိုကြောင့် (Institution of water Resources (GW & SW) နှင့် ထိုအဖွဲ့အစည်းအောက်တွင် မြေအောက်ရေသုံးစွဲသူများ၊ ထုတ်လုပ်သူများ၊ ပညာရှင်များ ပါဝင်သည့် (Groundwater & Wells Association) မြေအောက်ရေနှင့်စက်ရေတွင်းများဆိုင်ရာ အဖွဲ့အစည်းတခု ရှိသင့်ပါပြီ။

၁၁။ နိဂုံး

မဟာရန်ကုန်နယ်နိမိတ်အတွင်း မြေအောက်ရေအရင်းအမြစ် ပေါများစွာ ရှိသော်လည်း သောက်သုံးရန် သင့်လျော်သည့် (Potable Groundwater) မြေအောက်ရေအခြေအနမှာ မြေအောက်ရေ ဖြည့်တင်းပေးမှုနှင့် သုံးစွဲမှု (Recharge and discharge) မျှချေမရှိခြင်း။ လှိုင်၊ ပန်းလှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်များ၏ ဒီရေအတက်အကျ၊ မြစ်ရေတိုးဝင်မှု၊ ရေချိုရေငန် တွေ့ထိရာနေရာဒေသ (Fresh water and salt water interface) ရာသီဥတုနှင့် မိုးရွာသွန်းမှု (Climate and Rainfall)၊ မိုးရေ စိမ့်ဝင် စီးဆင်းရာရပ်ဝန်း စသည့် အခြေခံ အချက်အလက်များအပေါ် များစွာ မူတည်ပါသည်၊ အဓိက အချက်မှာ မြေအောက်ရေ ထုတ်ယူမှုနှင့် ဖြည့်တင်းပေးမှု သဟဇာတဖြစ်မဖြစ် သိရန်လိုပါသည်။

ရေသည် ကမ္ဘာလောကသား အားလုံးအတွက် မရှိမဖြစ် အခြေခံ အလိုအပ်ဆုံးသော အရာ ဖြစ်ပါသည်။ ထိုကြောင့် မြေအောက်ရေကို အဆိပ် အတောက်၊ ရောဂါပိုးမွှားများ ပျော်ဝင်ညစ်ညမ်းမှုမရှိအောင် စဉ်ဆက်မပြတ် ဆက်လက် စောင့်ရှောက် ထိန်းသိမ်းထားရမည် ဖြစ်ပါသည်။

စိတ်ချစွာ သောက်သုံးနိုင်သော ရေနှင့် သန့်စင်သောလေ ရရှိရေးသည် လူသားအားလုံးအတွက် မွေးရာပါ ရပိုင်ခွင့် ဖြစ်ပါသည်။

(၂၀၁၆ နိုဝင်ဘာ ၁၆ သံတော်ဆင့်ဂျာနယ်၌ ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည်။)

3 responses to “မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်းအခြေအနေ (ဒုတိယပိုင်း) ဦးမြင့်သိန်း (မောင်ကျေးရေ)”

  1. ဆရာဦးမြင့်သိန်းနဲ့ ဆက်သွယ်ပြီး Project လုပ်စရာလေးရှိလ်ု့ပါဗျ ဆက်သွယ်လို့ရမယ့် ဖုန်းလေးတချက်လောက်ပါခင်ဗျ

    Like