
စွမ်းအင်အတွက် အသုံးချနေကြသော လောင်စာအမျိုးမျိုးရှိသည့်အနက် လောင်မြိုက်နိုင်သော အနည်ကျ ကျောက်တစ်မျိုးဖြစ်သည့် ကျောက်မီးသွေးကို အများဆုံး သုံးစွဲနေကြသည်။ အခြားကျောက်များတွင် သက်ရှိများနှင့် မဆက်စပ်သော အင်အော်ဂဲနစ်ပစ္စည်းများ အဓိကပါသော်လည်း ကျောက်မီးသွေးတွင်မူ သက်ရှိများနှင့်ဆက်စပ်သော အော်ဂဲနစ်ပစ္စည်းများ အဓိကပါသည်။
ကျောက်မီးသွေးဖြစ်ပေါ်လာပုံ
လွန်ခဲ့သော နှစ်သန်းပေါင်း ၃၀၀ ခန့်က ကျောက်မီးသွေး စတင်ဖြစ်ပေါ်ခဲ့သည်။ ယင်းအချိန်က ကမ္ဘာပေါ်တွင် သစ်ပင်ကြီးအများအပြား ပါဝင်သည့် ရွှံ့ညွန်တောကြီးများ ရှိနေခဲ့သည်။ ပင်လယ်ရေပြင်၏ နေရာအတော်များများတွင်လည်း အယ်လ်ဂျီခေါ် အပင်ငယ်များ ရှင်သန်နေခဲ့သည်။ ယင်းအပင်ကြီးငယ်များ သေဆုံး၍ နှစ်သန်းပေါင်းများစွာ ကြာသောအခါ အပင်ရုပ်ကြွင်းများ မြေကြီးအောက် တဖြည်းဖြည်း နစ်မြုပ်သွားသည်။ အပင်ရုပ်ကြွင်းများသည် အောက်ဆီဂျင်နှင့် မထိတွေ့နိုင်သဖြင့် ဖြည်းဖြည်းချင်းသာ အသွင်ပြောင်းကာ ဦးစွာ သစ်ဆွေးအဖြစ်သို့ ရောက်သည်။ သစ်ဆွေးမြေများသည် မြေအောက်တွင် ပြင်းထန်သောဖိအား၊ အပူဓာတ်တို့နှင့် ထိတွေ့ချိန်ကြာသောအခါ ကာဘွန်နှင့်စွမ်းအင် ပါဝင်မှုပိုများသော ကျောက်မီးသွေးအဖြစ်သို့ ရောက်ရှိသည်။
ကမ္ဘာတွင် တွေ့ရှိပြီးကျောက်မီးသွေးပမာဏ တန်ချိန်သန်းပေါင်း ၈၉၁၀၀၀ ခန့် ရှိသည်။ ကျောက်မီးသွေး အသုံးသည် တစ်နှစ်လျှင် တန်ချိန်သန်း ၈၀၀၀ မျှ ဖြစ်သည်။ လက်ရှိသုံးစွဲနှုန်းနှင့်တွက်လျှင် နောက်ထပ် ပျမ်းမျှနှစ်ပေါင်း ၁၀၀ ကျော် သုံးနိုင်သည့် ယင်းကျောက်မီးသွေးသိုက်များသည် အမေရိကန်၊ ရုရှား၊ တရုတ်၊ သြစတေးလျနှင့် အိန္ဒိယနိုင်ငံတို့တွင် အများဆုံးတည်ရှိသည်။ ကျောက်မီးသွေးကို တူးဖော်ထုတ်လုပ်ရာတွင် အခြားလောင်စာများနှင့်ယှဉ်ပါက ဈေးသက်သာခြင်း၊ ကမ္ဘာ့နေရာ အတော်များများတွင် တူးဖော်နိုင်ခြင်း စသည့် အားသာချက်များ ရှိသည်။
ကျောက်မီးသွေးသုံးစွဲပုံ
လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းက နေအိမ် အဆောက်အအုံများကို အပူပေးရန်နှင့် ချက်ပြုတ်ရန် ကျောက်မီးသွေးကို သုံးခဲ့ကြသည်။ နောက်ပိုင်းတွင် ကျောက်မီးသွေးကို စက်ကိရိယာများလည်ပတ်ရာတွင် လောင်စာအဖြစ် သုံးစွဲကြသည်။
ကျောက်မီးသွေးမှ စွမ်းအင်ထုတ်ယူခြင်းအပြင် ယင်းမှရသော မက်သနော၊ အက်သလင်းတို့ကို ပလတ်စတစ်၊ ကတ္တရာ၊ ဓာတ်မြေသြဇာ၊ လူသုံးဆေးဝါးများ ထုတ်လုပ်ရန် အသုံးပြုကြသည်။ ကျောက်မီးသွေးကို အထူး မီးဖိုများတွင် ပြင်းထန်သောအပူပေး၍ ရရှိသော ကုတ်မီးသွေးဖြင့် သံများမှ သံမဏိထုတ်လုပ်ရာတွင် သုံးသည်။ ဘိလပ်မြေနှင့်စက္ကူများ ထုတ်လုပ်ရာတွင်လည်း ကျောက်မီးသွေးကို သုံးကြသည်။
ဓာတ်ငွေ့နှင့်အမှုန်များထွက်
ကျောက်မီးသွေးတွင် ကာဘွန်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင်တို့ အဓိကပါဝင်ပြီး ဆာလ်ဖာလည်း အနည်းငယ် ပါသည်။ ကျောက်မီးသွေးကို လောင်မြှိုက်ခြင်းမှ အပူစွမ်းအင်အပြင် မလိုလားအပ်သော ဆာလ်ဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက်နှင့် ကာဘွန်ဒိုင်အောက်ဆိုက်များ အဓိကထွက်ပေါ်သည်။
ဆာလ်ဖာဒိုင်အောက်ဆိုက်သည် အက်စစ်မိုး ရွာသွန်းစေခြင်းနှင့် အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်ပွားစေသည်။ နိုက်ထရိုဂျင်အောက်ဆိုက်များသည် မီးခိုးမြူများကို ဖြစ်ပေါ်စေပြီး အသက်ရှူလမ်းကြောင်း ရောဂါများ ဖြစ်ပွားသည်။ ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ကမ္ဘာ့လေထုကို ပူနွေးစေကာ ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ လူတို့ကြောင့် လေထုတွင်းရောက်သော ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းသည် ကျောက်မီးသွေးမှ ထွက်သည်။ ထို့ပြင် ကျောက်မီးသွေးစက်ရုံများမှ ထွက်သောအမှုန်များကြောင့် အသက်ရှူလမ်းကြောင်းရောဂါနှင့် အဆုပ်ရောဂါများကို ဖြစ်ပွားသည်။
ရုပ်ကြွင်းလောင်စာသုံးမျိုးမှ စွမ်းအင်ပမာဏ တစ်ဘီလျံဘီတီယူလျှင် ထွက်သော
ညစ်ညမ်းပစ္စည်း နှိုင်းယှဉ်ချက်(ပေါင်)
ညစ်ညမ်းပစ္စည်း | သဘာဝဓာတ်ငွေ့ | ရေနံ | ကျောက်မီးသွေး |
ကာဘွန်ဒိုင်အောက်ဆိုက် | ၁၁၇၀၀၀ | ၁၆၄၀၀၀ | ၂၀၈၀၀၀ |
ကာဘွန်မိုနောက်ဆိုက် | ၄၀ | ၃၃ | ၂၀၈ |
နိုက်ထရိုဂျင်အောက်ဆိုက်များ | ၉၂ | ၄၄၈ | ၄၅၇ |
ဆာလ်ဖာဒိုင်အောက်ဆိုက် | ၁ | ၁၁၂၂ | ၂၅၉၁ |
အမှုန်များ | ၇ | ၈၄ | ၂၇၄၄ |
ပြဒါး | ဝ | ၀ . ၀၀၇ | ၀ . ၀၁၆ |
ရေအသုံးများ
ကျောက်မီးသွေးစက်ရုံများသည် ရေပမာဏ အများအပြား သုံးစွဲကြသဖြင့် ကမ္ဘာတွင် ရှားပါးလာနေသော ရေကောင်းရေသန့်ကို ပို၍ ရှားပါးစေလျက် ရှိသည်။ လျှပ်စစ်ဓာတ်အား မက်ဂါဝပ် ၅၀၀ ထုတ်နိုင်သည့် ကျောက်မီးသွေးသုံးစက်ရုံသည် တစ်နှစ်လျှင် ရေလီတာသန်း ၈၀၀၀ သုံးစွဲသည်။ ကျောက်မီးသွေးစက်ရုံမှ စွန့်ထုတ်လိုက်သောရေနွေးများ စီးဝင်ရာ မြစ်ချောင်းရေကန်၏ အပူချိန်သည် ပျမ်းမျှ ၅ ဒီဂရီစင်တီဂရိတ်ခန့် တိုးလာသည်။ ရေနွေးများကြောင့် ရေနေဂေဟစနစ်ကို ထိခိုက်သည်။
ကျောက်မီးသွေး၏ ဘေးထွက်ဆိုးကျိုးများရှိသော်လည်း အခြားစွမ်းအင်ဇာစ်မြစ်များနှင့်စာပါက ဈေးချိုခြင်း၊ အလွယ်တကူရနိုင်ခြင်း၊ တည်ဆောက်ပြီး ကျောက်မီးသွေးသုံးစက်ရုံများ ရှိနေခြင်း စသည်တို့ကြောင့် ကျောက်မီးသွေးကို အလွယ်တကူ မစွန့်ပယ်နိုင်ကြသေးချေ။ ရာသီဥတုပြောင်းလဲမှု၏အန္တရာယ်ကို လျှော့ချဖို့ ညှိနှိုင်းကြရာတွင် တိုးတက်မှုမရခြင်းသည် ယင်းအချက်က အဓိကဖြစ်နေသည်။
One thought on “ရာသီဥတုပြောင်းလဲခြင်းနှင့် ကျောက်မီးသွေး”