စက်မှုတော်လှန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု

နျူကိုမင်၏ရေနွေးငွေ့အင်ဂျင်

စက်မှုတော်လှန်ရေးဆိုသည်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး စသည်တို့၌ လူအား၊ တိရစ္ဆာန်တို့၏အားစသည်တို့ကို အဓိကသုံးနေရာမှ လောင်စာသုံးစက်ကိရိယာများဖြင့် လုပ်ငန်းပိုမိုမြန်ဆန်စွာ လုပ်ဆောင် ပြီးမြောက်လာစေနိုင်ခြင်း ဖြစ်စဉ်ကို ခေါ်သည်။ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်မှာ ရေနွေးငွေ့အင်ဂျင်ကို တီထွင်အသုံးပြုနိုင်မှုကြောင့် အဓိကဖြစ်သည်။ ရေနွေးငွေ့အင်ဂျင်မှ အစပြုလိုက်သော စက်ကိရိယာများကို အသုံးချနိုင်ခြင်းသည် လူ့သမိုင်း၌ မီးကို သုံးစွဲတတ်ခြင်းပြီးလျှင် ကြီးမားကျယ်ပြန့်သော တိုးတက်မှုတစ်ရပ်ပင် ဖြစ်သည်။

ရေနွေးငွေ့၏ရွေ့လျားတွန်းကန်အားဖြင့် တာဘိုင်ကို လည်ပတ်စေခြင်း၊ ပစ်စတင်များကို ရှေ့တိုးနောက်ငင် ရွေ့လျားစေခြင်းတို့ဖြင့် စက်ကိရိယာများ အလုပ်လုပ်သည်။ သုံးပြီးသောရေနွေးငွေ့တို့ကို ပြန်လည်အအေးခံကာ ရေပြန်ဖြစ်စေခြင်းဖြင့် အကျော့ပေါင်းများစွာ ပြန်လည်အသုံးချသည်။

ပေါ်ဦးစ ရေနွေးငွေ့အင်ဂျင်တို့တွင် ကျောက်မီးသွေး၊ ထင်းတို့ဖြင့် ရေကိုဆူပွက်စေ၍ ရေနွေးငွေ့ကို ဖန်တီးသည်။ နောက်ပိုင်းတွင် ကျောက်မီးသွေးကို အဓိကသုံးသည်။ ထင်း သို့မဟုတ် အလားတူ ဇီဝဒြပ်ထုများအားလုံးထက် အလေးချိန်ချင်းတူလျှင် ကျောက်မီးသွေးကို သုံးခြင်းက စွမ်းအင်ပမာဏ သုံးဆခန့် ပိုထုတ်ပေးနိုင်ခြင်းကြောင့် ကျောက်မီးသွေးသည် စွမ်းအင်ကဏ္ဍ၏ အဓိကနေရာကို ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး တွက်ခြေကိုက်အောင် မောင်းနှင်နိုင်သော ရေနွေးငွေ့အင်ဂျင်ကို ၁၇၀၀ ခုနှစ်ဝန်းကျင်၌ စတင် အသုံးပြုခဲ့ပြီး ၁၇၁၂ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး နျူကိုမင်က ယင်းအင်ဂျင်ကို ထပ်ဆင့်မွမ်းမံ အရည်အသွေး မြှင့်နိုင်ခဲ့သဖြင့် ဥရောပတစ်ခွင်၌ ကျယ်ပြန့်စွာ သုံးခဲ့သည်။

ကျောက်မီးသွေးသုံး ရေနွေးငွေ့အင်ဂျင်အပါအဝင် စက်ကိရိယာများကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများ၊ ထုတ်လုပ်မှုများအပြင် လမ်း၊ တံတားများကိုပါ ထိရောက် မြန်ဆန်စွာ ဖောက်လုပ်တည်ဆောက်လာနိုင်သဖြင့် လူမှုဘဝသည် သိသာစွာ ပြောင်းလဲခဲ့သည်။ ဤသည်ကို ပထမစက်မှုတော်လှန်ရေးဟု ခေါ်သည်။ ပထမ စက်မှုတော်လှန်ရေးသည် ၁၇၆၀ ပြည့်နှစ်ခန့်၌ စတင်သည်။

နျူကိုမင်အင်ဂျင်ကို စွမ်းဆောင်ရည် ဆက်လက်မြှင့်တင်လာခဲ့ရာ ၁၇၈၁ ခုနှစ်တွင် ဂျိမ်းစ်ဝပ်က စွမ်းရည်မြင့် ရေနွေးငွေ့အင်ဂျင်ကို တီထွင်ထုပ်လုပ်နိုင်ခဲ့သည်။

စက်မှုကဏ္ဍတွင်သာမက သယ်ယူပို့ဆောင်ရေးနယ်ပယ်တွင်ပါ ရေနွေးငွေ့အင်ဂျင်များကြောင့် ခရီးသည်နှင့် ကုန်စည်များကို ပို၍ဝေးသော နယ်များသို့ ပို၍ လျင်မြန်စွာ သယ်ပို့လာနိုင်သည်။ ရေနွေးငွေ့အင်ဂျင်ဖြင့် ခုတ်မောင်းသည့် သင်္ဘောများကို ၁၈၀၇ ခုနှစ် တွင်လည်းကောင်း၊ မီးရထားများကို ၁၈၀၄ ခုနှစ်တွင် လည်းကောင်း စတင်အသုံးပြုခဲ့ကြသည်။

စက်မှုတော်လှန်ရေးကြောင့် ဆေးဝါးထုတ်လုပ်ရေးနယ်ပယ်တွင် တိုးတက်မှုများရလာကာ ရောဂါ ကာကွယ် ကုသရေးတွင် အစွမ်းထက်သော ဆေးဝါးများ ပေါ်လာသည်။ လူတို့၏ သက်တမ်းသည်လည်း ရှည်လျားလာကာ စက်မှုတော်လှန်ရေး စတင်ပြီး နှစ်ပေါင်း ၁၀၀ ခန့်အကြာတွင် လူဦးရေတိုးနှုန်း မြင့်မားလာခဲ့သည်။

ပထမစက်မှုတော်လှန်ရေးစတင်ပြီး နှစ် ၁၀၀ ခန့်အကြာတွင် ပိုမိုခေတ်မီသောနည်းပညာများကို တီထွင်လာနိုင်သဖြင့် စက်ကိရိယာများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်သုံးစွဲလာနိုင်သည်။ အဆိုပါဖြစ်စဉ်ကို နည်းပညာ တော်လှန်ရေး သို့မဟုတ် ဒုတိယစက်မှုတော်လှန်ရေးဟု ခေါ်သည်။ ဒုတိယ စက်မှုတော်လှန်ရေး သည် ၁၈၇၀ ပြည့်နှစ်ခန့်တွင် စတင်သည်။

စက်မှုတော်လှန်ရေးများသည် လူသားတို့၏စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် နယ်ပယ်အသီးသီး၌ ကောင်းကျိုးများစွာ ဖြစ်ထွန်းစေခဲ့သော်လည်း ဘေးထွက်ဆိုးကျိုးများကိုလည်း အစပျိုးပေးခဲ့သည်။

ယင်းအချိန်အထိ စက်ကိရိယာများကို လည်ပတ်မောင်းနှင်ရန် လောင်စာအဖြစ် ကျောက်မီးသွေးကို အဓိက သုံးစွဲသည်။ ကျောက်မီးသွေးအသုံးသည် ၁၇၅၀ ပြည့်နှစ်တွင် တန်ချိန် ၄ . ၇ သန်း ရှိခဲ့ရာမှ ၁၈၀၀ ပြည့်နှစ်တွင် တန်ချိန် ၁၀ သန်း၊ ၁၈၇၀ ပြည့်နှစ်တွင် တန်ချိန်သန်း ၅၀ ကျော်သွားသည်။ တစ်ချိန်တည်းတွင် ကျောက်မီးသွေးလောင်မြှိုက်ရာမှ ထွက်သော ကမ္ဘာ့ရာသီဥတုကို ပြောင်းလဲစေသည့် ကာဘွန်ဒိုင်အောက်ဆိုက်လည်း လေထုတွင်းသို့ သိသာစွာပိုမိုဝင်ရောက်လာသည်။ ကမ္ဘာ့အပူချိန် သိသိသာသာ မြင့်တက်စပြုလာသည်။

ရာသီဥတုပြောင်းလဲခြင်း သန္ဓေတည်သည်မှာ ပထမစက်မှုတော်လှန်ရေး စတင်ချိန်ကဖြစ်ပြီး ဒုတိယစက်မှုတော်လှန်ရေးမစမီတွင် ရာသီဥတုပြောင်းလဲခြင်း မွေးဖွားသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ကမ္ဘာကိုပူနွေးစေသည့် အဓိကဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏနှင့် ကမ္ဘာ့အပူချိန်တို့အကြောင်း ပြောလျှင် ဒုတိယစက်မှုတော်လှန်ရေးမစမီ ၁၈၅၀-၇၀ ပြည့်နှစ်ခန့်တွင် ရှိခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏနှင့် ကမ္ဘာ့အပူချိန်တို့ကို ရည်ညွန်းအမှတ်အဖြစ်ဖြင့် သတ်မှတ်ပြောဆိုကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s