အန္တာတိက

ပင်လယ်ခြားသော ရပ်ဝေးနယ်များသို့ သင်္ဘောများဖြင့် မသွားနိုင်မီကပင် ကမ္ဘာ၏ တောင်ဘက်စွန်းတွင် တိုက်ကြီးတစ်တိုက် ရှိနေနိုင်ကြောင်းကို ဂရိလူမျိုးတို့က မှန်းဆခဲ့သည်။ ယင်းအချိန်က ကမ္ဘာ၏ မြောက်ဘက်စွန်း အာတိတ်ဒေသကို တွေ့ပြီးဖြစ်ရာ တောင်ဘက်စွန်း၌ ရှိနေနိုင်သည့်တိုက်ကို အာတိတ်၏ ဆန့်ကျင်ဘက်ဟု အဓိပ္ပာယ်ရသည့် အန္တာတိတ်(အန္တာတိက)ဟု ခေါ်ခဲ့သည်။

စွန့်စားရှာဖွေသူ ဂျိမ်းစ်ကွတ်သည် ၁၇၇၃ ခုနှစ်တွင် အန္တာတိကတိုက်အနီးသို့ ရောက်သော်လည်း ကုန်းမြေကို မမြင်ခဲ့ရချေ။ မျောနေသော ရေခဲတောင်များတွင် ကျောက်တုံးများ ပါဝင်နေသည်ကို တွေ့၍ အနီးအနား၌ ကုန်းမြေထုတစ်ခု ရှိမှန်းသာ သိခဲ့သည်။ ၁၈၂၀ ပြည့်နှစ်တွင်မှ ဗြိတိသျှလူမျိုး ဝီလျံစမစ် နှင့် အက်ဒဝပ်ဘရန်းစဖီးတို့က အန္တာတိကတိုက်ကို စတင်မြင်တွေ့ခဲ့သည်။

စတုရန်းမိုင်ငါးသန်းခွဲကျယ်သော အန္တာတိကတိုက်သည် အာရှ၊ အာဖရိက၊ မြောက်အမေရိကနှင့် တောင်အမေရိကတို့ ပြီးလျှင် ပဉ္စမအကြီးဆုံးတိုက် ဖြစ်သည်။ အန္တာတိကတိုက်၏ မျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်မှ ပေ ၆၀၀၀ မှ ပေ ၁၂၀၀၀ အထိ မြင့်၍ ကမ္ဘာတွင် အမြင့်ဆုံးတိုက် ဖြစ်သည်။ ကမ္ဘာတွင် အအေးဆုံး၊ လေအထန်ဆုံးနှင့် အခြောက်သွေ့ဆုံးတိုက်လည်း ဖြစ်သည်။ ပျမ်းမျှအပူချိန်အနှုတ် ၇၀ ဒီဂရီ ဖာရင်ဟိုက်အထိ အအေးလွန်ကဲသောနေရာဖြစ်သည်။ အန္တာတိကတိုက်၏ ၉၈ ရာခိုင်နှုန်းကို ရေခဲပြင်က ဖုံးထားသည်။

အန္တာတိကတိုက်၏ ထူးခြားချက်တစ်ခုမှာ ယင်းကို မည်သည့်နိုင်ငံကမှမပိုင်ခြင်း ဖြစ်သည်။ အန္တာတိကသို့ စွန့်စားရှာဖွေရေးသမားများ၊ သိပ္ပံပညာရှင်များ၊ ဝေလငါးနှင့် ပင်လယ်ဖျံဖမ်းသူများ ရောက်ရှိခဲ့ကြရာ ယင်းပုဂ္ဂိုလ်အချို့တို့ ဦးစွာရောက်ရှိခြေချသည့်နေရာအချို့ကို သူတို့၏ မိခင်နိုင်ငံများဖြစ်ကြသော အာဂျင်တီးနား၊ သြစတေးလျ၊ ချီလီ၊ ပြင်သစ်၊ နယူးဇီလန်၊ နော်ဝေနှင့် ဗြိတိန်တို့က ပိုင်ဆိုင်ကြောင်း အသီး သီးကြေငြာခဲ့သော်လည်း အခြားမည်သည့်နိုင်ငံကမှ လက်ခံအသိအမှတ် မပြုကြချေ။

ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများကို ရှောင်ရှားနိုင်ရန် နိုင်ငံအချင်းချင်း ညှိနှိုင်းကြရာ ၁၉၅၉ ခုနှစ်က အန္တာတိကစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။ ယင်းစာချုပ်အရ အန္တာတိကတိုက်၏ မည်သည့်အစိတ်အပိုင်းကိုမဆို မည်သည့်နိုင်ငံကမှ မိမိပိုင်နက်အဖြစ် သတ်မှတ် သိမ်းယူခြင်း မပြုရန်၊ အန္တာတိကတိုက်တွင် သိပ္ပံစူးစမ်းမှုများကို မည်သူမဆို လွတ်လပ်စွာ လုပ်ခွင့်ပြုရန်၊ စစ်ရေးနှင့်ဆက်နွယ်သော လုပ်ဆောင်ချက်များကို လုံးဝခွင့်မပြုရန်တို့ ပါရှိသည်။

အန္တာတိကတိုက်၏ အကျယ်အဝန်းသည် ကမ္ဘာ့မျက်နှာပြင်၏ ၉ ရာခိုင်နှုန်းမျှ ရှိသော်လည်း အတည်တကျ နေထိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခြင်းသည် အန္တာတိက၏ ထူးခြားချက်နောက်တစ်ခု ဖြစ်သည်။ အမြဲတမ်း နေထိုင်သူ မရှိသော်လည်း သိပ္ပံပညာရှင်တို့က လေ့လာရေးစခန်းများ ထူထောင်၍ အလှည့်ကျ နေထိုင် သုတေသနပြုနေကြသည်။

အန္တာတိက၏လေထုသည် ပါးလွှာကြည်လင်သည့်အပြင် ဆောင်းတွင်း၌ ခြောက်လ လုံးလုံး မှောင်မည်းနေ၍ အခြားအလင်းရောင် အနှောင့်အယှက်မရှိသဖြင့် အာကာသထဲရှိ ဂြိုဟ် နှင့်နက္ခတ် ကြယ်တာရာများကို ကောင်းစွာ မြင်တွေ့လေ့လာနိုင်ရာ နက္ခတ္တပညာရှင်တို့ အလွန်နှစ်သက်ကြသည်။ ညစ်ညမ်းမှု အလွန်နည်းသေးသော ဝင်ရိုးစွန်းဒေသ လေထု၌သာ ဖြစ်ပေါ်လေ့ရှိသည့် အော်ရိုရာခေါ် ရောင်ခြည်ဖြာမှုများကိုလည်း အန္တာတိက၌ မြင်တွေ့နိုင်သည်။ ဝင်ရိုးစွန်းအရပ်များသို့ ဦးတည်တိုက်ခတ်နေသော လေနွေးစီးကြောင်းများ၊ အီကွေတာသို့ ဦးတည်တိုက်ခတ်နေသော လေအေးစီးကြောင်းများကို စူးစမ်းရာ၌ အန္တာတိကလေ့လာ ချက်သည် အရေးပါသည်။

၁၉၈၅ ခုနှစ်ကစ၍ အန္တာတိကလေထုထဲ၌ ဖြစ်ပေါ် ခဲ့သည့် အိုဇုန်းအပေါက်သည် သိပ္ပံနယ်ပယ်၌ ဟိုးလေး တကျော် ဖြစ်ခဲ့သည်။ ကမ္ဘာ့လေထုထဲရှိ အိုဇုန်းတို့သည် လူနှင့် သက်ရှိတို့ကိုအန္တရာယ်ပြုသည့် အာကာသထဲမှ ခရမ်းလွန် ရောင်ခြည်တို့ ကမ္ဘာပေါ် မရောက်ရန် ကာကွယ်ပေးထားသည်။ ၁၉၈၅ ခုနှစ်က အန္တာတိက လေထုထဲ၌ အိုဇုန်း ပမာဏ ရုတ်ချည်းလျော့ကျသွားခဲ့ရာ ပညာရှင်တို့ အထူး စိုးရိမ်ရသောအဆင့်သို့ ရောက်ခဲ့သည်။ ထိုသို့ လေထုထဲရှိ အိုဇုန်းပမာဏ ရုတ်ချည်း လျော့ကျသွားခဲ့သည့် နေရာကို အိုဇုန်းအပေါက်}ဟု တင်စား ခေါ်ဝေါ်ကြသည်။ ယင်း အိုဇုန်း အပေါက်ကြီးကို ဖြတ်၍ ဝင်ရောက်သော ခရမ်းလွန်ရောင်ခြည် တို့ကြောင့် ငါးများ၊ အပင်ငယ်များ၏ ဗီဇဓာတ်ပြောင်းလဲခြင်းတို့ ဖြစ်ခဲ့သည်။

ယင်းဖြစ်ရပ်မျိုး အခြားဒေသများ၌ မဖြစ်ပေါ်စေရန် အန္တာတိကလေထုကို သုတေသန ပြုခဲ့ကြရာ အိုဇုန်းအပေါက်ဖြစ်ရခြင်း၏ အဓိကတရားခံမှာ ကလိုရိုဖလူရိုကာဘွန် ခေါ် ဓာတုပစ္စည်း ဖြစ်ကြောင်း သိကြသည်။ ကလိုရိုဖလူရိုကာဘွန်တို့သည် လူတို့ သုံးစွဲသော ရေခဲသေတ္တာ စသည့် အေးခဲစေသည့် ကိရိယာများ၊ မီးသတ် ဆေးဘူးများ၊ အချို့ သော ဓာတု ပစ္စည်းထုတ်လုပ်မှုများမှ ထွက်ပေါ်ကာ လေထု ထဲသို့ ရောက်ရာမှ အိုဇုန်းတို့ကို ဓာတ်ပြုဖျက်ဆီးကြ၍ အိုဇုန်း ပမာဏ လျော့ကျရသည်။ ယခုအခါ ကလိုရိုဖလူရိုကာဘွန် ထွက်ပေါ်မှုကို တတ်နိုင်သမျှ လျှော့ချ လျက် ရှိရာ အိုဇုန်းအပေါက်သည်လည်း တဖြည်းဖြည်း သေးငယ် ကြုံ့ဝင်လျက် ရှိသည်။

အန္တာတိကရေခဲပြင်များနှင့် ရေခဲပြင်အောက်မြေသားတို့၌ ကမ္ဘာ့မြေလွှာ ရွေ့လျားမှုကိုလေ့လာရာ၌ အထောက်အကူ ပြုသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှိနေရာ ဘူမိဗေဒပညာရှင်တို့သည် ယင်းတို့ကို တူးဖော်လေ့လာနေကြသည်။ ထို့အပြင် လနှင့်အင်္ဂါဂြိုဟ်တို့မှပဲ့ထွက်ကာ ကမ္ဘာ ပေါ်သို့ ကျလာသော ဥက္ကာခဲများသည်လည်း အန္တာတိက တွင် ရှိနေသည်။

အန္တာတိကရေခဲပြင်ကို လွန်ဖြင့်ဖောက်၍ ရယူသော မြေနမူနာများသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၏ ဖြစ်စဉ်ကို ဖော်ပြသည်။ အန္တာတိကသစ်ပင်တို့၏ ပတ်ဝန်းကျင်နှင့် ဆက်နွယ်ပုံသည် အခြားဒေသများထက် ရှင်းလင်းလွယ်ကူ သဖြင့် ယင်းသစ်ပင်များကိုလေ့လာမှုသည် အခြားဒေသ သစ်ပင်များအကြောင်း လေ့လာမှုကို အကူအညီပေးသည်။

ရာသီဥတုအေးမြသည့် အန္တာတိကတိုက်သည် နယ် မြေနှင့် သယံဇာတများအတွက် အငြင်းပွားခြင်း စစ်မက် ဖြစ်ပွားခြင်း လုံး၀ မရှိ၊ လူသားအကျိုးပြု သုတေသန လုပ်ဆောင်မှုများကိုသာ တွေ့နိုင်သော ပကတိ ငြိမ်းချမ်းသည့် နယ်မြေပင် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်
အန္တာတိကရေခဲပြင်အရည်ပျော်မှု
အန္တာတိကဒေသ

One thought on “အန္တာတိက

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s