ဂရေ့စ် — ရေနှင့်ရာသီဥတုလေ့လာရေးဂြိုဟ်တုများ

ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု အများအပြားရှိသည့်အနက် စီးဆင်း အရည်ပျော် အငွေ့ပျံ စသောနည်းများဖြင့် ကမ္ဘာ့ရေထု ရွေ့လျားနေပုံကို ဒြပ်ဆွဲအား(Gravity) အသုံးပြု၍ တိုင်းတာပြီး ရရှိသည့် အချက်အလက်များကို ကမ္ဘာသို့ ပြန်လည် ပေးပို့နေသော ဂြိုဟ်တုနှစ်လုံးကို ဂရေ့စ်(Gravity Recovery and Climate Experiment, or GRACE)ဟု အဖျားဆွတ်၍ ခေါ်ကြသည်။

ရေထုရွေ့လျားမှုသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်သွယ်နေရာ ရေထုကို လေ့လာခြင်းဖြင့် ပြောင်းလဲနေသောရာသီဥတု၏ အချို့သော အခြင်းအရာများကိုလည်း သိရှိကြသည်။

အမေရိကန်အာကာသအဖွဲ့အစည်း(နာဆာ)နှင့် ဂျာမန် ဘူမိသိပ္ပံ သုတေသနဌာန (GFZ German Research Center for Geosciences )တို့က ၂၀၀၂ ခုနှစ်က ဂရေ့စ်ဂြိုဟ်တုနှစ်လုံးကို လွှတ်တင်ခဲ့ပြီး ယင်းဂြိုဟ်တုများသည် ၂၀၁၇ ခုနှစ်က သက်တမ်းကုန်ဆုံးခဲ့သည်။ ဂရေ့စ်အစီအစဉ် အောင်မြင်မှုရခဲ့သဖြင့် ၂၀၁၈ ခုနှစ်တွင် GRACE FO(Follow-On) အစီအစဉ်ဖြင့် နောက်ထပ်နှစ်လုံးလွှတ်ခဲ့ရာ ယနေ့တိုင် ကောင်းစွာ အလုပ်လုပ်လျက်ရှိသည်။

ဂရေ့စ်ဂြိုဟ်တုများအလုပ်လုပ်ပုံ

ဂရေ့စ်ဂြိုဟ်တုနှစ်လုံးသည် ကမ္ဘာပတ်လမ်းထဲ၌ တစ်လုံးနှင့်တစ်လုံး ၁၃၇ မိုင်(၂၂၀ ကီလိုမီတာ)အကွာမှ ရှေ့ဆင့်နောက်ဆင့် ပျံသန်းနေရင်း မိုက်ကရိုဝေ့ဖ်လှိုင်းများကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေသည်။

ကမ္ဘာပတ်လမ်းထဲ၌ ပျံသန်းနေရင်း ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ ဒြပ်ဆွဲအား များသောနေရာ(ဥပမာ- ရေခဲတောင်များ၊ မြေအောက်ရေကြောများ)၏အပေါ်သို့ ရောက်ခါနီးသောအခါ ဂြိုဟ်တုသွားနှုန်း မြန်လာသည်။ ယင်းနေရာပေါ်မှ ဖြတ်ပျံပြီးသောအခါ ဒြပ်ဆွဲအားနည်းသွားသဖြင့် ဂြိုဟ်တုသွားနှုန်း ပြန်နှေးသွားသည်။ ယင်းသို့ မြန်လိုက် နှေးလိုက်ဖြစ်နေရင်း ဂြိုဟ်တုနှစ်လုံးကြား အကွာအဝေးသည်လည်း နီးလာလိုက် ကွာသွားလိုက် ဖြစ်နေသည်။

ဂြိုဟ်တုပေါ်ပါကိရိယာများသည် မိုက်ကရိုဝေ့ဖ်ကို အသုံးချ၍ ဂြိုဟ်တုနှစ်လုံးကြား အကွာအဝေးကို စဉ်ဆက်မပြတ်တိုင်းတာနေရာ လူ့ဆံပင်အချင်းထက်ပင် ငယ်သောပမာဏအထိ တိကျစွာ သိရှိနိုင်သည်။ ဂြိုဟ်တုနှစ်လုံး၏ အကွာအဝေးပြောင်းလဲမှုကို မှတ်တမ်းတင်ခြင်းသည် ဂြိုဟ်တုဖြတ်ပျံသောဒေသ၏ ဒြပ်ဆွဲအားကို မှတ်တမ်းတင်သည့်သဘောပင် ဖြစ်သည်။ ထိုနည်းတူ ဒေသတစ်ခု၏ ဒြပ်ဆွဲအားကို မှတ်တမ်းတင်ခြင်းသည် ယင်းဒေသရှိ ရေထုပမာဏ(Total Water Storage (TWS))ကို မှတ်တမ်းတင်သည့်သဘောပင် ဖြစ်သည်။

ဂြိုဟ်တုနှစ်လုံးသည် ကမ္ဘာကို မိနစ် ၉၀ လျှင် တစ်ပတ်ကျလှည့်ပတ်နေရင်း ကမ္ဘာပေါ်ရှိဒေသများ၏ ဒြပ်ဆွဲအားကို အဆက်မပြတ် မှတ်တမ်းတင်သွားရာ လပေါင်း နှစ်ပေါင်းများစွာ ကြာသောအခါ ဆိုင်ရာဒေသများ၌ ရေထု နေရာပြောင်း ရွေ့လျားခြင်း(ဥပမာ- မြေအောက်ရေလျော့နည်းခြင်း၊ ရေခဲပြင်အရည်ပျော်ခြင်း စသည်)တို့ကို ပညာရှင်များ သိရှိကြသည်။

ဂရေ့စ်ဂြိုဟ်တုများက ဖော်ထုတ်ပေးသော ရေထုဆိုင်ရာ အချက်အလက်အချို့

ဂရေ့စ်ဂြိုဟ်တုများကြောင့် ကမ္ဘာ့မြေအောက်ရေကြောများ၏ သုံးပုံတစ်ပုံသည် လျင်မြန်စွာ လျော့နည်းလာနေကြာင်း သိရှိခဲ့သည်။

ဂရေ့စ်ဂြိုဟ်တုများဖြင့် မြေဆီလွှာခြောက်သွေ့မှုကို တိုင်းတာနိုင်သဖြင့် မိုးခေါင်ခြင်းကြောင့် ဒေသတစ်ခု မည်မျှ မည်သို့ ထိခိုက်နိုင်ပုံကို ကြိုတင်လေ့လာနိုင်သည်။

ရေခဲပြင်အရည်ပျော်မှုကို တိုင်းတာရာတွင် ခါတိုင်းထက် ပိုမိုတိကျစွာ ဖော်ထုတ်နိုင်သည်။ ဂရင်းလန်း ရေခဲပြင်များသည် ပျမ်းမျှတစ်နှစ်လျှင် ဂိုင်ဂါတန် ၂၈၀ မျှ၊ အန္တာတိက ရေခဲပြင်သည် တစ်နှစ်လျှင် ဂိုင်ဂါတန် ၁၂၀ မျှ အရည်ပျော်နေပြီး အရည်ပျော်နှုန်း မြန်ဆန်လာနေကြောင်း သိရှိလာသည်။

သမုဒ္ဒရာများမှ အငွေ့ပျံတက်လာသောရေအများစုသည် သြစတေးလျ၊ တောင်အမေရိကနှင့် အာရှတိုက်တို့တွင် မိုးအဖြစ်ပြန်ရွာကျကြောင်း ဂရေ့စ်ဂြိုဟ်တုများကြောင့် သိရသည်။

ဂရေ့စ်ဂြိုဟ်တုများနှင့်ယင်းတို့၏စွမ်းဆောင်ချက်များ ရှုစားရန်

လက်ရှိအလုပ်လုပ်ဆဲဖြစ်သော ဂရေ့စ်ဂြိုဟ်တုနှစ်လုံးကြောင့် ရေနှင့်ရာသီဥတုအချက်အလက်များကို ဆက်လက်၍ တိုးတက်သိရှိလာနေသည်။

4 responses to “ဂရေ့စ် — ရေနှင့်ရာသီဥတုလေ့လာရေးဂြိုဟ်တုများ”

  1. […] တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment (GRACE) satellites )မှ တိုင်းတာ […]

    Like

  2. […] ပူးတွဲလွှတ်တင်ထားသည့် ဂရေ့စ်ဂြိုဟ်တုများ၏လေ့လာချက်က ဆိုသည်။ ဆီးနှင်းကျ […]

    Like

  3. […] ဂရေ့စ်ဂြိုဟ်တုများ(GRACE – Gravity Recovery and Climate Experiment)သည် အမေရိကန်နှင့်ဂျာမနီတို့ပူးတွဲလွှတ်တင်ကာ ကမ္ဘာ၏မြေဆွဲအားကိုတိုင်းတာခြင်းဖြင့် ကမ္ဘာ့မြေထု၊ ရေထုနှင့်ရာသီဥတုတို့ကိုလေ့လာသော ဂြိုဟ်တုများ ဖြစ်သည်။ ယင်းဂြိုဟ်တုများက ၂၀၀၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်ကြား၊ ၁၄ နှစ်ကာလအတွင်း ဒေသအလိုက်ရေအရင်းအမြစ်အတိုးအလျော့ကို လေ့လာခဲ့ရာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘင်္ဂလားဒက်ရှ်၊ မြန်မာနှင့်တရုတ်နိုင်ငံတောင်ပိုင်းတို့ကို ဒေသတစ်ခုအဖြစ်သတ်မှတ်လေ့လာခဲ့သည်။ […]

    Like

  4. […] ခုနှစ်တွင် ဂရေ့စ်(GRACE)ခေါ် ရေနှင့် ရာသီဥတု လေ့လာရ…၏ လေ့လာချက်အရ ကမ္ဘာ့အဓိက မြေအောက် […]

    Like

Leave a reply to လျော့နည်းလာနေသည့်မြန်မာ့ရေအရင်းအမြစ် – Water Security and the Changing Climate Cancel reply