ရာသီဥတုပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံ၏ ထိခိုက်နိုင်ခြေနှင့် အဆင်သင့်ဖြစ်မှု

ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများကြောင့် ထိခိုက်ပျက်စီးနိုင်ခြေရှိသည့် နိုင်ငံများစစ်တမ်းကို အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်နေကြရာ ၂၀၂၁ ခုနှစ်အတွင်း ထုတ်ပြန်ချက်များကို လေ့လာကြည့်ပါသည်။

Germanwatch ၏စစ်တမ်းတွင် ထိခိုက်ပျက်စီးနိုင်ခြေအများဆုံးရှိနေသည့် ၁၆ နိုင်ငံ၊ အမေရိကန် The Office of the Director of National Intelligence (ODNI) ၏ စစ်တမ်း၌ ၁၁ နိုင်ငံပါရှိသည့်အနက် ငါးနိုင်ငံသည် စစ်တမ်းနှစ်ခုစလုံးတွင် ပါဝင်နေကြောင်း တွေ့ရှိပါသည်။

အဆိုပါငါးနိုင်ငံမှာ အာဖဂန်နစ္စတန်၊ ဟေတီ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာတို့ ဖြစ်ကြသည်။

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် နော့ထရာဒမ်တက္ကသိုလ်(University of Notre Dame)ကမူ နိုင်ငံပေါင်း ၁၉၀ ၏ အခြေအနေများကို လေ့လာပြီး ရာသီဥတုပြောင်းလဲခြင်း၏ဆိုးကျိုးများကြောင့် ထိခိုက်နိုင်ခြေနှင့် ယင်းဆိုးကျိုးများကို ရင်ဆိုင်ရန် ပြင်ဆင်ရာတွင် အဆင်သင့်ဖြစ်မှုဟု နှစ်ပိုင်းခွဲ၍ ဆန်းစစ်သည်။

နော့ထရာဒမ်တက္ကသိုလ်၏စစ်တမ်းပါနိုင်ငံများထဲမှ အာဆီယံ ၁၀ နိုင်ငံ၊ တီမောနှင့် ဘင်္ဂလားဒက်ရှ်၊ စုစုပေါင်း ၁၂ နိုင်ငံရွေးထုတ်၍ ထိခိုက်နိုင်ခြေအမြင့်ဆုံး ငါးနိုင်ငံနှင့် အဆင်သင့်ဖြစ်မှုအနိမ့်ဆုံး ငါးနိုင်ငံတို့၏အခြေအနေကို နှိုင်းယှဉ်ဖော်ပြရလျှင် –

ထိခိုက်နိုင်ခြေအဆင်သင့်ဖြစ်မှု
ဘင်္ဂလားဒက်ရှ်၀ . ၅၄၃ဘင်္ဂလားဒက်ရှ်၀ . ၂၇၄
မြန်မာ၀ . ၅၃၈မြန်မာ၀ . ၂၇၄
ကမ္ဘောဒီးယား၀ . ၅၂၂ကမ္ဘောဒီးယား၀ . ၂၈၉
လာအို၀ . ၅၁၂လာအို၀ . ၃၂၉
တီမော၀ . ၄၉၉ဖိလစ်ပိုင်၀ . ၃၉၉

ဘင်္ဂလားဒက်ရှ်၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့သည် ထိခိုက်နိုင်ခြေအမြင့်ဆုံး ငါးနိုင်ငံထဲတွင်သာမက အဆင်သင့်ဖြစ်မှုအနိမ့်ဆုံး ငါးနိုင်ငံထဲသို့လည်း ရောက်ရှိ ပါဝင်နေသည်။ (ကမ္ဘာတွင် ထိခိုက်နိုင်ခြေ အနည်းဆုံးမှာ နော်ဝေဖြစ်ပြီး အများဆုံးမှာ နိုင်ဂျာဖြစ်သည်၊ အဆင်သင့်ဖြစ်မှုအမြင့်ဆုံးမှာ စင်ကာပူဖြစ်ပြီး အနိမ့်ဆုံးမှာ ဗဟိုအာဖရိကသမ္မတနိုင်ငံ ဖြစ်သည်။)

နော့ထရာဒမ်တက္ကသိုလ်က လေ့လာသောနိုင်ငံ ၁၉၀ အနက် အချက်အလက် ပြည့်စုံသော ၁၈၂ နိုင်ငံ၏ ထိခိုက်နိုင်ခြေနှင့် အဆင်သင့်ဖြစ်မှုတို့ကို ပေါင်း၍ အမှတ်ပေး အကဲဖြတ်လိုက်သောအခါ မြန်မာသည် ၁၆၁ နေရာတွင် ချိတ်သည်။ (ထိခိုက်နိုင်ခြေနည်းပြီး အဆင်သင့်ဖြစ်မှုမြင့်မားသဖြင့် နော်ဝေသည် ကမ္ဘာ့အဆင့် ၁ ဖြစ်ပြီး စင်ကာပူသည် ကမ္ဘာ့အဆင့် ၈၊ အာရှအဆင့် ၁ ဖြစ်သည်။ ချဒ်နိုင်ငံက အဆင့် ၁၈၂ ဖြင့် ကမ္ဘာ့အောက်ဆုံးတွင်လည်းကောင်း၊ အာဖဂန်နစ္စတန်က အဆင့် ၁၇၅ ဖြင့် အာရှအောက်ဆုံးတွင် လည်းကောင်း ရပ်တည်သည်။)

မြင်လွယ်သိလွယ်ရန် နိုင်ငံများကို အုပ်စုလေးစုခွဲပြီး အကွက်ချလိုက်သောအခါ မြန်မာသည် အခြေအနေမကောင်းဆုံးအကွက်(ဝဲဘက်အပေါ်)တွင် ပါဝင်နေသည်။

(ဤဝက်ဘ်ဆိုက်ပါ အကြောင်းအရာနှင့်အချက်အလက်များကို လွတ်လပ်စွာ ကူးယူ ဝေမျှနိုင်ပါသည်၊ သို့သော် kyawoo.com မှ ရရှိသည်ဟု ဖော်ပြပေးစေလိုပါသည်။)

ရည်ညွှန်း
၁ – https://reliefweb.int/report/world/global-climate-risk-index-2021
၂ – https://www.dni.gov/index.php/newsroom/reports-publications/reports-publications-2021/item/2253-national-intelligence-estimate-on-climate-change
၃ – https://gain.nd.edu/our-work/country-index/rankings/

One response to “ရာသီဥတုပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံ၏ ထိခိုက်နိုင်ခြေနှင့် အဆင်သင့်ဖြစ်မှု”

  1. […] ရာသီဥတုပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံ၏ထိခိုက်နိုင်ခြေနှင့် အဆင်သင့်ဖြစ်မှု လေ့လာရန် […]

    Like

Leave a reply to ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်း အစည်းအဝေး – Water Security and the Changing Climate Cancel reply