အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

ရေအခက်အခဲကိုဖြေရှင်းရာတွင် မှန်ကန်သောရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုက အရေးပါသည်။ ရေရယူရေး၊ သန့်စင်ရေး၊ ပေးဝေရေးစနစ်များကို ပုံစံထုတ်ရာတွင် အတိတ်နှင့်ပစ္စုပ္ပန် မိုးရွာခြင်း မိုးခေါင်ခြင်း၊ သုံးစွဲနှုန်း နှင့်သုံးစွဲသည့်ပုံစံ၊ မြစ်ရေ ကန်ရေ မြေအောက်ရေပမာဏနှင့် အရည်အသွေးစသည်တို့ကို ထည့်သွင်း စဉ်းစားပြီး လာမည့်နှစ်ပေါင်း သုံးလေးဆယ်အတွင်း ဖြစ်လာနိုင်သည်တို့ကို ကြိုတင်တွက်ချက်ကာ အခြေခံ အဆောက်အအုံများကို တည်ဆောက်ကြရသည်။

ယခုအခါရာသီဥတုပြောင်းလဲခြင်းကြောင့် ယခင်က လိုက်နာကျင့်သုံးခဲ့သည့် ရေဘက်ဆိုင်ရာ အခြေခံ ယူဆချက်များ၏ မှန်ကန်ခိုင်လုံမှုသည် မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။ ကမ္ဘာ့ရေအရင်းအမြစ်ကို လေ့လာရာတွင် အသုံးပြုကြသည့် တည်ငြိမ်မှုသီဝရီသည် မှန်ကန်မှုရှိမှရှိပါတော့မလားဟု ရေဘက်ဆိုင်ရာ ထိပ်သီးပညာရှင် ခုနစ်ဦးက ၂၀၀၈ ခုနှစ်တွင် မေးခွန်းထုတ်ခဲ့ကြသည်။

တည်ငြိမ်မှုသီဝရီအရ သဘာဝစနစ်ကြီးသည် အကန့်အသတ်ရှိသော နယ်နိမိတ်များထဲတွင်သာ ရွေ့လျားကြ၊ အတက်အကျ ဖြစ်ကြသည်ဟု ဆိုထားသည်။ ရေလွှမ်းလျှင်အများအားဖြင့် ကန့်သတ်ဘောင်အတွင်း၌သာ လွှမ်းသည်၊ ထိုထက်ပို၍ မလွှမ်း။ မိုးခေါင်လျှင်လည်း ဘောင်အတွင်း၌သာ ခေါင်သည်၊ ထို့ထက်ပို၍မခေါင်။

လက်ရှိ ရေသံသရာလည်မှုသည် ရှေးကနှင့်မတူတော့ဘဲ ဘောင်ကျော်နေ၊ အပြောင်းအလဲများနေရာ ရေနှင့် ဆက်စပ်သည့် အဆောက်အအုံများကို တွက်ချက်ပုံစံထုတ်ရာတွင် အတိတ်က အချက်အလက်များ၊ ယူဆချက်များ၊ သီဝရီများကိုသာ မှီငြမ်းအားကိုးရန် စိတ်မချရတော့သည့် အခြေအနေသို့ ရောက်နေသည်။

မြစ်ရိုးတစ်လျှောက်ရှိ ရေထိန်းနံရံများသည် ရေကိုဆက်ထိန်းနိုင်ပါတော့မည်လား၊ အသစ်ဆောက် ရေကာတာများသည် နုံးတင်ခြင်းကြောင့် သက်တမ်းတိုကြမည်လား၊ အရည်ပျော်ရေခဲမြစ်များ၏ရေကို မှီခိုနေရသည့် မြို့ရွာနှင့် စိုက်ခင်းများသည် ရေခဲမြစ်များ လျော့နည်းသွားသည့်အခါ မည်သို့ လုပ်ဆောင်ကြရမည်လဲ။ သောက်သုံးရေကန်ကြီးများခန်းခြောက်သွားလျှင်၊ မြေအောက်ရေပြင်နိမ့်ကျသွားလျှင် စသည် စသည်ဖြင့်။

ကမ္ဘာ့ဒေသအများအပြားတို့တွင် တစ်ချိန်ကဖြစ်မည်မထင်ခဲ့သည့် အစွန်းရောက်ဖြစ်ရပ်များ တကယ် ဖြစ်လာနေသည်။ ဥပမာ ၂၀၁၈ ခုနှစ်က တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၌ ရေလုံး၀ ပြတ်လုလု အခြေအနေသို့ ရောက်သွားခြင်းကို ကြည့်နိုင်သည်။ ဒေသအများအပြား၌ အပူစံချိန်များကျိုးကာ ရေငွေ့ပျံနှုန်း မြင့်တက်လာနေသည်။ မိုးကောင်း၍ တစ်သက်လုံးရေမရှားတော့ပြီဟု ထင်ရသည့်နေရာများတွင် ရေခက်လာနေသည်။

အစွန်းရောက်ဖြစ်ရပ်များကြောင့် ရေရရှိရေးစိန်ခေါ်သံသည် ကျယ်လောင်လာနေသည်။ ယင်းကို တုံ့ပြန် ရင်ဆိုင်ဖို့ အခြေအနေသစ် နှင့် လိုက်လျောညီထွေဖြစ်စေရန် ရေစီမံခန့်ခွဲမှုဆိုင်ရာ အတွေးအခေါ် အယူအဆ နှင့်နည်းပညာပိုင်းကို ချိန်ညှိပြောင်းလဲရန် လိုအပ်သည်။ နောက်ဆုံးဖြစ်ထွန်းမှုများနှင့် နည်းပညာများကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျစွာ အချိန်ကိုက်စီမံခန့်ခွဲနိုင်ရမည်။ လိုအပ်လျှင် အသားကျပြီး လုပ်ငန်းစဉ်များမှ ခွဲထွက်ကာ ပုံစံသစ်ဖြင့်စီမံနိုင်ရမည်။

ယခုကြုံတွေ့နေရသည့်ရေအခက်အခဲသည် လူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် ရေပမာဏ ကမ္ဘာတွင် နည်းလွန်းနေ၍မဟုတ်၊ ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှုတွင်လိုအပ်ချက်များရှိနေ၍ ဘီလျံနှင့်ချီသော လူများ ရေမလုံမလောက်ဖြစ်နေရခြင်းဖြစ်သည်။

ခြားနားသောရေအရင်းအမြစ်များ

မြို့ရွာ စက်မှုလုပ်ငန်းနှင့်စိုက်ခင်းများသို့ ရေပေးရန်လိုလာလျှင် လိုအပ်သည့်နေရာနှင့်နီးသည့် မြစ်ရေ ကန်ရေ မြေအောက်ရေတို့မှသာ ယူနေမည့်အစား မြစ်ဝှမ်းဒေသတစ်ခုမှရေကို အခြားမြစ်ဝှမ်းဒေသတစ်ခုသို့ လွှဲပြောင်း ပေးပို့ခြင်း၊ ပင်လယ်ကမ်းစပ်ဒေသများတွင် ရေငန်မှရေချိုချက်ခြင်းစွန့်ပစ်ရေဆိုးများကို သန့်စင်၍ ပြန်သုံးခြင်း၊ မိုးရေကို ရသမျှ စုဆောင်း သိုလှောင်အသုံးပြုခြင်းစသည့် နည်းလမ်းများကို အခြေအနေပေးသမျှ ကျင့်သုံးလုပ်ဆောင်ဖို့ လိုလာပြီဖြစ်သည်။

ယနေ့ကမ္ဘာတွင် မြစ်ဝှမ်းဒေသတစ်ခုမှ အခြားမြစ်ဝှမ်းဒေသတစ်ခုသို့ တစ်နှစ်အတွင်း လွှဲပြောင်းပေးပို့နေသော ရေထုထည်သည် ကုဗပေဘီလျံ ၁၄၀၀၀ မျှ ရှိနေသည်။ တရုတ်နိုင်ငံတွင် တောင်ပိုင်းရှိ ယန်စီမြစ်ရေများကို မြောက်ပိုင်းသို့ ပို့ရန် အမေရိကန်ဒေါ်လာဘီလျံ ၈၀ ကျော်တန်စီမံကိန်းကို လုပ်ဆောင်နေသည်။ ယင်းစီမံကိန်း ပြီးဆုံးသည့်အခါ တစ်နှစ်လျှင်ရေကုဗပေ ၁၄၀၀ ဘီလျံကျော်မျှ နိုင်ငံတောင်ပိုင်းမှ မြောက်ပိုင်းသို့ပေးပို့မည် ဖြစ်ရာ ကမ္ဘာတွင်အကြီးဆုံး ရေလွှဲပြောင်းရေး စီမံကိန်းဖြစ်လာမည်။ စီမံကိန်းတစ်ခုလုံးပြီးစီးရန်နှစ်ပေါင်း ၄၀ ခန့် ကြာမည်ဖြစ်သော်လည်း ၂၀၁၄ ခုနှစ်မှစ၍ ပြီးသမျှအစိတ်အပိုင်းများဖြင့် ရေစတင်ပေးပို့လျက် ရှိသည်။

ကမ်းရိုးတန်းရေလှောင်ကန်

ရေလှောင်ကန်ဟုဆိုလျှင် မြစ်ချောင်းတို့ကိုပိတ်၍ တည်ဆောက်ထားသည့် မြေပေါ်အဆောက်အအုံဟု သိကြသည်။ ကမ်းရိုးတန်းရေလှောင်ကန်ဆိုသည်မှာ မြေပေါ်ကန်များကဲ့သို့မဟုတ်ဘဲ ပင်လယ်နှင့် တစ်ဆက်တည်းရှိသည့်ရေငန်အိုင်များ၊ မြစ်ဝများကိုတမံပိတ်၍ ရေငန်များကိုစုပ်ထုတ်ကာ ရေချိုသက်သက် သိုလှောင်ထားသည့်ကန်ဖြစ်သည်။

ကမ်းရိုးတန်းရေလှောင်ကန်သည် ပင်လယ်ထဲဆင်းဆောက်သည့်ကန်ဖြစ်၍ သီးခြားမြေနေရာမလိုသည့်အပြင် မြေပေါ်ကန်ထက် တည်ဆောက်စရိတ် သက်သာသည်။ ထို့ကြောင့် ရေချိုအခက်အခဲရှိသော ကမ်းရိုးတန်း မြို့ရွာများ၊ လုပ်ငန်းများတွင် ယင်းကန်မျိုးတည်ဆောက်၍ ရေချိုရယူရန် စဉ်းစားသင့်သည်။ တည်ဆောက်မည့် ရေငန်အိုင်နှင့်မြစ်ဝများတွင် မိမိတို့လိုအပ်သည့်ရေပမာဏ စီးဝင်နေခြင်း ရှိမရှိ တိုင်းတာရန်လိုအပ်သည်။

နယ်သာလန်နိုင်ငံရှိ အီဆယ်လ်မီးယား IJsselmeer ကန်သည် အစောဆုံး တည်ဆောက်သည့် ကမ်းရိုးတန်းရေလှောင်ကန် ဖြစ်သည်။ အီဆယ်လ်မီးယားကန်သည် ကနဦးက ပင်လယ်နှင့်ဆက်နေသော်လည်း ၁၉၂၃ ခုနှစ်က ၁၈ မိုင် ရှည်တာရိုးဖြင့်ပိတ်ကာ ရေငန်ကို စုပ်ထုတ်လိုက်သောအခါ ရေချိုကန်ကြီးဖြစ်သွားသည်။ အီဆယ်လ်မီးယားကို တာဖြင့်ပိတ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြေကွက်သစ်များဖော်ထုတ်ရန် ဖြစ်သော်လည်း သောက်သုံးရေ၊ စိုက်ပျိုးရေအတွက်သာမက ရေလုပ်ငန်း၊ သွားလာရေးနှင့် အပန်းဖြေရေးအတွက်ပါ ကောင်းစွာအထောက် အကူပြုလျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန် ပင်လယ်မှရေချိုအိုင်သို့

ကမ်းရိုးတန်းရေလှောင်ကန်များကြောင့် ပင်လယ်ရေငန်များ မြေအောက်ရေကြောထဲ မဝင်နိုင်သည့် အားသာချက်လည်း ရှိသည်။

စင်ကာပူမြစ်ဝတွင် မရင်းနားဘရပ်(ဂျ်)ခေါ်ကမ်းရိုးတန်း ရေလှောင်ကန်ဖြင့် ရေချိုရယူနေသကဲ့သို့ တရုတ်၊ ဟောင်ကောင်၊ တောင်ကိုးရီးယား စသည်တို့တွင်လည်း ကမ်းရိုးတန်းရေလှောင်ကန်များ ရှိသည်။ ကမ္ဘာ့နိုင်ငံအချို့၌ ကမ်းရိုးတန်းရေလှောင်ကန်များကို တည်ဆောက်ရန် စီစဉ်နေကြရာ အချို့ကန်များသည် ကမ်းရိုးတန်းဒေသများသာမက ကမ်းရိုးတန်းနှင့် ဝေးသောအရပ်များသို့ပါ ရေပေးဝေမည်ဖြစ်သည်။

မိုးရေ

မိုးရေများကိုအလဟဿစီးမသွားစေဘဲ သိုလှောင်ထားကာ လိုသည့်အချိန်မှထုတ်ယူသုံးစွဲခြင်း၊ မြေအောက်သို့ ဖြည်းဖြည်းချင်း ပြန်လည်စိမ့်ဝင်စေကာ မြေအောက်ရေကို ပြန်လည်ပြည့်တင်းစေခြင်းသဖြင့် မိုးရေသည် ရေအရင်းအမြစ်တစ်မျိုးပင် ဖြစ်သည်။

ရေကို ကျိုချက်လျှင် သောက်သုံးနိုင်သည့် ရေကိုရသကဲ့သို့ သဘာဝတရားက နေရောင်၏အပူဓာတ်ဖြင့် ပင်လယ်ရေကို ”ချက်လုပ်”ပေး၍ဖြစ်ထွန်းလာသောမိုးရေများသည် သန့်စင်ပြီးရေများဖြစ်သည်။ အရည်အသွေးသာကောင်းသည်မဟုတ်၊ မိုးရေဖြစ်ပေါ်လာရာ ကမ္ဘာ့လေထုတွင်းရှိ ရေငွေ့ပမာဏသည် ကမ္ဘာပေါ်တွင်စီးဆင်းနေသော မြစ်ရေထုထည်စုစုပေါင်းထက် လေးဆခွဲမျှပိုများသဖြင့် ထုထည်လည်း ကြီးမားလှသည်။ မိုးရေသည် နေရောင်ရှိနေသ၍ သို့မဟုတ် ကမ္ဘာတည်သ၍ အဖန်ဖန်သံသရာလည်ကာ ပြန်လည်ပြည့်တင်းနေမည့် သယံဇာတတစ်မျိုးလည်း ဖြစ်သည်။

ပင်လယ်ထဲမှလာသောမိုးရေများသည် အသုံးချမခံရဘဲ မူလဇာစ်မြစ်ပင်လယ်ထဲသို့ ပြန်လည်စီးဝင်နေကြခြင်းမှာ ဉာဏ်မျက်စိဖြင့် ကြည့်လျှင် များစွာနှမြောဖွယ်ကောင်းလှသည်။

မိုးရေ ယူနစ် ၁၀ဝ တွင် ယူနစ် ၃၀ မှ ၇၀ အထိအငွေ့ပျံပြီး လေထုတွင်းပြန်ရောက်သွားကာ မြေအောက်သို့အများဆုံး ၁၀ ယူနစ် စိမ့်ဝင်သည်။ ၁၀ ယူနစ်မှ ၂၅ ယူနစ်အထိ ချောင်းများ မြစ်များထဲသို့ စီးဆင်းသည်။ ၂၅ ယူနစ်မှ ၄၀ ယူနစ်သည် အပင်များထဲရောက်ကာ နောက်ဆုံး ပင်ငွေ့ပျံ၍ လေထဲရောက်သည်။ တစ်ကမ္ဘာလုံးခြုံ၍ ပျမ်းမျှ ယူလျှင်မိုးရေ ၄၀ ရာခိုင်နှုန်းကိုသာ လူတို့ရယူ အသုံးချနိုင်ကြပြီး ကျန် ၆၀ ရာခိုင်နှုန်းသည် မသောက်ရမသုံးရဘဲ အငွေ့ပျံခြင်း၊ မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲသို့စီးဝင်ခြင်းတို့ဖြင့် ဆုံးရှုံးနေသည်။ မိုးနည်းရေရှား ဆဟာရသဲကန္တာရအစပ်ဒေသများတွင်မူ ရွာကျသောမိုးရေ ၏ ၇၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိသည် အပင်များကို မည်သို့မျှ အကျိုးမပြုဘဲ မြေပေါ်တွင်စီးဆင်းသွားခြင်း၊ အငွေ့ပျံခြင်းစသည့်နည်းများဖြင့် ဆုံးရှုံးနေသည်။

ထိုသို့မိုးရေအများစုကို အသုံးမချနိုင်ဘဲ ဆုံးရှုံးနေသည့်အဖြစ်မှာ မိုးရေကို သောက်သုံးရန်အတွက်သာ မဟုတ်ဘဲ စိုက်ပျိုးကဏ္ဍ၌ပါ အဓိကမှီခိုနေရသည့်ကြားက ပေါ်ပေါက်နေခြင်းဖြစ်သည်။ တစ်ကမ္ဘာ လုံးတွင် သီးနှံစိုက်ခင်းအကျယ်အဝန်း ၃ ” ၇ ဘီလျံဧကရှိသည့်အနက် ၈၀ ရာခိုင်နှုန်းခန့်သည် မိုးရေသက်သက်ကိုသာ မှီခိုရှင်သန်နေရသည်။ အဆိုပါမိုးရေသက်သက်သုံး စိုက်ခင်းများမှထွက်ရှိသော သီးနှံပမာဏသည် ကမ္ဘာ့သီးနှံအထွက်ပမာဏ၏ သုံးပုံနှစ်ပုံမျှဖြစ်ရာ မိုးရေကို အသုံးချနိုင်ရေးသည် ကမ္ဘာ့စားနပ်ရိက္ခာလုံလောက်မှုနှင့် အရေးပါလှစွာ ဆက်စပ်နေသည်။ ခန့်မှန်းတွက်ချက်မှုတစ်ခုအရ အလဟဿဖြစ်နေသော မြေပေါ်မိုးရေစီးပမာဏ၏ ၂၅ ရာခိုင်နှုန်းကို စိုက်ခင်းများအတွက် ထိရောက်စွာ ထိန်းသိမ်းအသုံးချနိုင်လျှင် သီးနှံထွက် နှစ်ဆတိုးလာမည်ဟု ဆိုသည်။

ရယူသိုလှောင်ရာ၌ နည်းစနစ်မှန်ကန်လျှင် မိုးရေသည် ရေ မလုံလောက်သောနေရာများတွင် သန့်ရှင်းသော ရေကောင်းရေသန့်ကို အတိုင်းအတာတစ်ခုအထိလုံလောက်စွာ ပေးသည်။ တစ်နှစ် မိုးရေချိန် လက်မ ၂၀ ရွာသောဒေသရှိ စတုရန်းပေ ၄၀ဝ သို့မဟုတ် ပေ ၂၀ ပတ်လည်အမိုးတစ်ခုမှပင် တစ်နှစ်မိုးရေဂါလန် ၃၀ဝ၀ ကျော်မျှ ရရှိ နိုင်ရာ မိုးရေခံယူအသုံးချခြင်းကို နေရာတိုင်းတွင် လုပ်ဆောင်သင့်နေသည်။

မိုးရေကိုရယူရန် ငွေလုံးငွေရင်း အမြောက်အမြား မလိုသကဲ့သို့ နည်းပညာမှာလည်း ရှုပ်ထွေးနက်နဲခြင်း မရှိပေ။ မူဝါဒချမှတ်သူများ၊ ဦးဆောင်သူများ၏ အမြော်အမြင်၊ ရပ်သူရွာသားတို့၏ စိတ်လို လက်ရ ပူးပေါင်းပါဝင်ခြင်းတို့နှင့် ပြည့်စုံလျှင် အောင်မြင်နိုင်သည်။

မိုးရေဖြင့်မြေအောက်ရေဖြည့်ခြင်း


ထုတ်ယူသုံးစွဲ၍ လျော့နည်းသွားသော မြေအောက်ရေ၏ နေရာသို့ မိုးရေများစိမ့်ဝင်ကာ ပြန်ပြည့်လာတတ်သော်လည်း ယခုအခါ ကမ္ဘာ့နေရာ အတော်များများ၌ မြေအောက်ရေ အထုတ်များလွန်း သဖြင့် မိုးရေများအလျဉ်မီအောင် စိမ့်မဝင်နိုင်တော့သဖြင့် မြေအောက်ရေပြင်လျော့ကျလာနေသည်။

ဤသည်ကို မသုံးတော့သည့် အဝီစိတွင်း၊ လက်တူးတွင်းများထဲသို့ မိုးရေကိုစိမ့်ဝင်စေကာ မြေအောက်ရေကို ပြန်လည် ပြည့်တင်းစေနိုင်သည်။ ထိုသို့ မြေအောက်ရေ ပြန်လည် ဖြည့်တင်းနေကြသည်ကို နိုင်ငံအများအပြား၌ တွေ့နိုင်သည်။ ဥပမာ အိန္ဒိယနိုင်ငံ ဂူဂျရတ်ပြည်နယ် ဆူရတ်မြို့ စည်ပင်သာယာရေး အဖွဲ့သည် ရေစိမ့်တွင်းပေါင်း ၃၀ဝ၀ ကျော်တူး၍ မိုးရေများကို မြေအောက်စိမ့်ဝင်စေခြင်းဖြင့် မြေ အောက်ရေကို ပြန်လည်မြှင့်တင်နေသည်။ အိန္ဒိယမြို့အချို့၏ စည်ပင်သာယာအဖွဲ့များကမူ အဆောက်အအုံကြီးများဆောက်လျှင် လူသုံးရန်နှင့်မြေအောက်ရေဖြည့်ရန် မိုးရေလှောင်ကန်များ ပူးတွဲပါရှိမှ ဆောက်လုပ်ခွင့်ပါမစ်ထုတ်ပေးသည်။


ရေလျှော့နည်းပညာ

ကုန်ပစ္စည်းနှင့်အသုံးအဆောင်များ ထုတ်လုပ်ရာတွင် ရေကို တတ်နိုင်သမျှ ချွေတာစွာ သုံးသော နည်းပညာများကို တီထွင်နိုင်ကြလျှင်လည်း ရေလိုအပ်ချက် အကြီးအကျယ်လျော့ကျလာနိုင်သဖြင့် ကမ္ဘာ့ ထုတ်လုပ်မှုလုပ်ငန်းအများအပြားသည်ယင်းနည်းကို အာရုံစိုက်နေကြသည်။ ဥပမာ ကမ္ဘာကျော်ယူနီလီးဗား ကုမ္ပဏီသည် ကုန်ကြမ်းရှာဖွေ ရယူရာမှစကာ ကုန်ချောထုပ်ပိုးသည်အထိ အဆင့်တိုင်းတွင် ရေလျှော့ သုံးနိုင်သည့် နည်းပညာများကို အလေးထားတီထွင်နေသည်။

မြန်မာတို့ကျယ်ပြန့်စွာသုံးစွဲနေသော အိမ်သုံးပစ္စည်းနှင့်အစား အသောက်များကို ထုတ်လုပ်သော ယူနီလီးဗားသည် ၂၀၁၀ ပြည့်နှစ်ကစတင်ကာ ရေရှည်ခံလူနေမှုအစီအစဉ်ဖြင့် ကုန်ကြမ်းရှာဖွေရယူရာ မှစကာ ကုန်ချောထုပ်ပိုးသည်အထိ အဆင့်တိုင်းတွင် ရေလျှော့သုံးနိုင်သည့် နည်းပညာများ ရေချွေတာရေး အစီအမံများအပါအဝင် သဘာဝ ပတ်ဝန်းကျင်အကျိုးပြုစနစ်များကိုကျင့်သုံးနေသည်။

ထိုသို့ကျင့်သုံးသည့်အတွက် ယူနီလီးဗားစက်ရုံများ၏ ရေ အသုံးသည် ၂၀ဝ၈ ခုနှစ်ကနှင့်စာလျှင် ၂၀၁၉ ခုနှစ်အကုန်၌ ထုတ် ကုန်အလေးချိန်တစ်တန်လျှင် ရေပမာဏ ၄၇ ရာခိုင်နှုန်းမျှ လျှော့သုံးလာနိုင်သည်။ အချို့စက်ရုံများတွင်ရေဆိုးကိုသန့်စင်၍ပြန်လည်အသုံး ချသည်။ ရေနှင့်စွမ်းအင်ချွေတာရေးစနစ်ကြောင့် ယူနီလီးဗားစက်ရုံများသည် စတာလင်ပေါင်သန်း ၁၀ဝ၀ မျှ အကုန်အကျ သက်သာ သွားသည်။

ယူနီလီးဗားသည် စက်ရုံများအတွက် ကုန်ကြမ်းပေးသွင်းသူများကို မိုးရေခံစနစ်များသုံးရန် ကူညီသည်။ ကုန်ကြမ်းရယူရာ တန်ဇန်နီးယားနိုင်ငံရှိ လက်ဖက်စိုက်ခင်းများ၊ ဘရာဇီးနိုင်ငံ ခရမ်းချဉ်ခင်းများတွင် သမားရိုးကျနည်းအစား အစက်ချစိုက်ပျိုးစနစ်သုံး၍ ရေချွေတာစေပြီး လစ်(ပ)တန်အချိုခြောက်နှင့် ရာဂူးခရမ်းချဉ်ဆော့စ်များကို ထုတ် လုပ်သည်။

ယူနီလီးဗားထုတ်ကုန်အချို့သည် ရေချွေတာရာတွင် ကောင်းစွာအထောက်အကူပြုခြင်းဖြင့် ယူနီလီးဗား ထုတ်ကုန်သုံးစွဲသူများ၏ အိမ်တွင်ပါ ရေဖိုးအကုန်အကျနည်းအောင်၊ ရေရှားကမ္ဘာတွင် ရေအရင်းအမြစ်များ ခန်းခြောက်မှုသက်သာအောင် ကူညီနေသည်။

ရေအသုံးလျှော့ချနေသော လုပ်ငန်းကြီးများထဲတွင် ကိုကာကိုလာလည်း ပါသည်။ ကိုကာကိုလာသည် ၂၀ဝ၄ ခုနှစ်တွင် ကိုကာ ကိုလာတစ်လီတာ ထုတ်တိုင်းရေ ၂ . ၇ လီတာ သုံးခဲ့ရသည်။ ပုလင်း၊ စက်ကိရိယာ စသည်တို့ကိုဆေးကြောရာ၌ ရေများများ သုံးရသောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ရေချွေတာရေး ကြိုးပမ်းချက်ဖြင့် ကိုကာကိုလာ တစ်လီတာအတွက် ရေ ၁ . ၉၂ လီတာသာ သုံးရတော့သည်အထိ လျှော့ချနိုင်ခဲ့သည်။ ၂၀၁၇ တွင် ဖျော်ရည်စုစုပေါင်း ၁၅၁ ဘီလျံလီတာထုတ်လုပ်ရန် ရေလီတာ ၂၈၉ ဘီလျံလီတာ သုံးခဲ့သည်ဟု သိရသည်။ ၂၀၂၀ ပြည့်နှစ်တွင်မူ ကိုကာကိုလာစက်ရုံအချို့သည် ကိုကာကိုလာတစ်လီတာအတွက် ရေ ၁ . ၄၀ လီတာ သာ သုံးတော့သည်။

ကိုကာကိုလာသည် စက်ရုံလုပ်ငန်းများတွင်သာမဟုတ်၊ အချိုရည်ထုတ်ရန်လိုအပ်သော ကြံ၊ လိမ်မော်စသည့် သီးနှံတို့စိုက်ပျိုးရာတွင် ရေအကုန်နည်းစေရန် လုပ်ဆောင်နေသည်။

ကိုကာကိုလာနှင့်ပြိုင်ဘက် ပက်(ပ)ဆီကိုလာကလည်း အားကျမခံ အချိုရည်ထုတ်လုပ်ရာတွင် ရေအကုန်နည်းအောင် လုပ်ဆောင်နေသည့်အပြင် နိုင်ငံအချို့ရှိ ဝင်ငွေနည်းရပ်ကွက် ကျေးရွာများသားများ စုစုပေါင်း ၂၂ သန်းအတွက် ရေကောင်းရေသန့်ရရှိရေး အထောက်အပံ့များ ပေးအပ်နေသည်။

မကြာသေးမီက အမေရိကန်ကော်ပိုရေးရှင်းပေါင်း ၆၀ဝ ကျော်၏ ရေအသုံးပြုမှုစစ်တမ်းကို ကောက်ယူ လေ့လာခဲ့ရာ ထက်ဝက်ကျော်သည် ရေအသုံးချရာ၌ အလေအလွင့်နည်းနည်း ထိရောက်မှု များများဖြစ်စေရန် လုပ်ဆောင်နေကြကြောင်း သိရသည်။


လူတိုင်းရေချွေတာစွာသုံးစွဲရေး

စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ ရောင်းချသူ၊ သုံးစွဲသူများ ပါဝင်သည့် ရေသုံးစွဲမှုဖြစ်စဉ်ကွင်းဆက်တွင် လူသည် နောက်ဆုံးသုံးသူ ဖြစ်သည့်အတွက် လူတိုင်းရေချွေတာကြဖို့ အရေးကြီးလှသည်။ ယင်းဖြစ်စဉ်၌ နိုင်ငံသားများအား ဦးဆောင်စည်းရုံးပညာပေးကာ ရေချွေတာရေးကို နိုင်ငံအဆင့် အောင်မြင်အောင် လုပ်သည့်နိုင်ငံများအနက် စင်ကာပူသည် ထင်ရှားသည်။

စင်ကာပူနိုင်ငံသားတို့၏ တစ်ဦးချင်း ရေသုံးစွဲမှုနှုန်းမှာ ၂၀ဝ၀ ပြည့်နှစ်က ၄၃ ဂါလန်ခန့်ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၃၇ ဂါလန်အထိ လျော့ကျလာခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်ရက်လျှင် ၃၄ ဂါလန် ခန့် အထိလျှော့ချရန် စီမံထားသည်။

နိုင်ငံသားတိုင်းရေချွေတာရေး နိုင်ငံအဆင့်ကြိုးပမ်းချက်တွင် နောက်ဆုံးပါဝင်လာသည့်နိုင်ငံမှာ ဆော်ဒီ အာရေဗျ ဖြစ်သည်။ ဆော်ဒီအာရေဗျသည် နိုင်ငံတွင်းရေသုံးစွဲမှုကိုထိရောက်စွာလျှော့ချမည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ်က စတင်ခဲ့သည်။ လူဦးရေ ၃၃ သန်းကျော် နေထိုင်သည့် ဆော်ဒီအာရေဗျသည် တစ်ဦးချင်း ရေသုံးစွဲမှုတွင် အမေ ရိကန်နှင့်ကနေဒါတို့နောက် တတိယနေရာတွင်ရှိသည်။ လက်ရှိတစ်ဦးလျှင် ရေဂါလန် ၇၀ သုံးနေရာမှ ၂၀၂၀ ပြည့်နှစ်အကုန်တွင် ဂါလန် ၅၀ မှ ၂၀၃၀ ပြည့်နှစ်တွင် ၄၀ အထိလျှော့ချရန်ရှိသည်။

ရေအသုံးချွေတာခြင်းသည် ရေအရင်းအမြစ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခြင်းနှင့် အလားတူသည်။ ဥပမာ မျက်နှာသစ်နေချိန်တွင် ရေပိုက်ခေါင်းကို တောက်လျှောက်ဖွင့်ထားမည့်အစား ဆပ်ပြာဖြင့် မျက်နှာကို ပွတ်နေခိုက်တွင် ပိတ်ထားနိုင်လျှင်ပင် လူတစ်ဦးတစ်ရက်လျှင် တစ်ဂါလန်၏ လေးပုံတစ်ပုံခန့်သောရေတို့ကို ချွေတာလိုက်နိုင်သည်။ အဆိုပါအလေ့အကျင့်မျိုးကို မြို့တစ်မြို့ရှိ လူတစ်သန်းလိုက် လုပ်လျှင် ယင်းမြို့ ရေပေးရေးစနစ်တွင် တစ်ရက်လျှင် ရေလက်ကျန် ဂါလန် ၂၅၀ဝဝဝ မျှပိုထွက်လာသည်။ တစ်နှစ်ဆိုပါက ဂါလန်သန်း ၉၀ မျှပို၍လက်ကျန်ရှိနေမည်။ ဖော်ပြပါဥပမာအပြင် အခြားရေချွေတာနိုင်သောနည်းလမ်းပေါင်း မြောက်မြားစွာကို မြို့နေလူအများစု လိုက်နာကျင့်သုံးကြလျှင် အဆိုပါမြို့သည်ဂါလန်သန်းရာပေါင်းများစွာ သောရေအတွက် အရင်းအမြစ်အသစ် ရှာစရာမလိုတော့ဘဲ ရှိပြီးရေ အရင်းအမြစ်မျှနှင့် ပြေလည်နေလိမ့်မည်။

ရေချွေတာခြင်းသည် မိမိကိုယ်တိုင်အပါအဝင် လူသား တစ်ရပ်လုံး၏ အနာဂတ်အတွက် အရေးပါလှကြောင်း လူတိုင်း၏ နှလုံးသားတွင် စွဲမြဲစွာ လက်ခံယုံကြည်လိုက်နာကျင့်သုံးအောင်လုပ်ဖို့ လိုအပ်သည်။ စင်ကာပူ၌ ရေချွေတာရေးစီမံချက်အောင်မြင်ခြင်းသည် အစိုးရက နိုင်ငံသားတို့အား ထိရောက်စွာ ပညာပေးစည်းရုံးနိုင်သောကြောင့် ဖြစ်သည်။


(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)

အခန်း ၁။ ရေမရှိအသက်မရှိ

အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က

အခန်း ၃။ ပျက်ယွင်းရေသံသရာ

အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း

အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်

အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

အခန်း ၈။ အရည်ပျော်တောင်ထိပ်များ

အခန်း ၉။ ပင်လယ်ရေတကယ်ခန်း

အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ

အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်

အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး

အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

အခန်း ၁၆။ ခြေရာပျောက်ရေ

အခန်း ၁၇။ ရေဖိုးရေခ

အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်

အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့

Leave a comment