ရေငန်မှရေချိုချက်ခြင်း

ထုတ်ယူသုံးစွဲမှု လွန်ကဲ၍ မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေများ လျော့နည်းလာနေခြင်း၊ ရာသီဥတု ပြောင်းလဲသဖြင့် အချို့ဒေသများ၌ မိုးရွာသွန်းမှုလျော့နည်းလာနေခြင်းတို့ကြောင့် သမားရိုးကျမဟုတ်သည့် ရေအရင်းအမြစ်များမှပါ ရေရယူရန်လိုအပ်လာနေသည်။ ဤအခြေအနေ၌ ကမ္ဘာတွင်အပေါများဆုံး ဖြစ်သော်လည်း သောက်သုံး၍မရသည့် ပင်လယ်ရေငန်များကို ရေချိုအဖြစ်ချက်လုပ်ပြောင်းလဲအသုံးပြုမှုများ အရှိန်ရလာလျက် ရှိသည်။

ရေထုထည်အပုံတစ်သန်းတွင် ကလိုရိုက်အပုံ ၁၀၀၀ နှင့် အထက်ပါလျှင် ရေငန်ဟု ခေါ်သည်။ အပုံ ၁၀၀၀ မှ ၃၀၀၀ အထိကို အငန်ဓာတ်နည်း၊ ၃၀၀၀ မှ ၁၀၀၀၀ အထိကို အငန်ဓာတ်အသင့်အတင့်နှင့် အပုံ ၁၀၀၀၀ ထက်ပိုလျှင် အလွန်ငန်သည်ဟု သတ်မှတ်သည်။ ပင်လယ်ရေတွင် ဆားဓာတ်အပုံ ၂၀၀၀၀ ခန့်ပါပြီး ရေချိုချက်စက်ရုံများသည် ဆားဓာတ်ကို အပုံ ၁၀၀ အောက်သို့ ရောက်အောင် လျှော့ချကြသည်။

သဘာဝရေချိုချက်ခြင်း

မိုးရေများသည် ပင်လယ်ရေငန်မှ သဘာဝတရားက ချက်လုပ်ပေးထားသော ရေချိုများပင် ဖြစ်ကြသည်။ နေရောင်၏အပူကြောင့် ပင်လယ်ရေငန်များသည် အငွေ့ပျံကြပြီး လေထုထဲရောက်ကာ အမြင့်ပိုင်း အရောက်တွင် အေး၍ မိုးနှင့်ဆီးနှင်းများအဖြစ် မျက်နှာပြင်ပေါ် ကျရောက်လာသည်ကို ရေချိုအဖြစ် သောက်နေသုံးနေကြသည်။ အချို့နေရာများတွင် သဘာဝကအခမဲ့ပေးသောရေချို သို့မဟုတ် မိုးရေများကို လုံလောက်စွာမရသည့်အခါ လူတို့သည် ရေငန်မှရေချိုအဖြစ် ပြောင်းလဲသောက်သုံးခဲ့ကြသည်။ ထိုသို့ ပြောင်းလဲချက်လုပ်ရာတွင် အဓိကလိုအပ်ချက်မှာ ရေကိုအပူပေးအငွေ့ပျံစေရန် လိုအပ်သည့် စွမ်းအင်ပင် ဖြစ်သည်။ သဘာဝတရားသည်ရေငန်မှရေချိုအဖြစ် ပြောင်းလဲချက်လုပ်ပေးရာတွင် နေရောင်စွမ်းအင်ကို သုံးရသကဲ့သို့ လူတို့က ရေချိုချက်ရာတွင်လည်း လိုအပ်သော အပူဓာတ်ရရန်သင့်တော်သည့် လောင်စာ စွမ်းအင်ကိုသုံးရသည်။ အပူပေးသည့်နည်းအပြင် ဆားဓာတ်ကို စစ်ထုတ်သည့်နည်းဖြင့်လည်း ရေချိုရယူနိုင်သည်။

အဆင့်ဆင့်ပေါင်းခံ

အပူသုံးရေချိုချက်စက်ရုံအများအပြားတွင် အဆင့်ဆင့်ပေါင်းခံခြင်းနည်းပညာကို သုံးသည်။ အဆင့်ဆင့် အပူပေးပေါင်းခံရာ၌ ရေငန်ကို တစ်ဆင့်ထက်တစ်ဆင့် ဖိအားပို၍လျော့နည်းလာစေရန် စီမံထားသည်။ ဖိအားလျော့နည်းသောရေသည် ဖိအားပိုများသောရေထက် ပို၍အငွေ့ပျံလွယ်သဖြင့် သာမန်အပူပေး စက်ရုံများတွင်ထက် သုံးစွဲရသောစွမ်းအင် သက်သာသည်။ သို့သော် ယင်းစက်ရုံများသည် တည်ဆောက် စရိတ်နှင့်ထိန်းသိမ်းစရိတ် ကြီးမားသည်။

အမှေးပါးဖြင့်စစ်ယူ

ကမ္ဘာတွင် ကျယ်ပြန့်စွာသုံးစွဲနေကြသော ရေချိုချက်နည်းပညာနောက်တစ်ခုမှာ အာရ်အိုခေါ် ပြောင်းပြန် အော့စ်မိုးဆစ်နည်း Reverse Osmosis ဖြစ်သည်။ အော့စ်မိုးဆစ် Osmosis ဆိုသည်မှာ အပျစ်အကျဲမတူသော ပျော်ရည်နှစ်မျိုးကို တစ်ဝက် တစ်ပျက်စိမ့်နိုင်သော အမှေးပါးတစ်ခုနှင့်ခြားထားပါက ကျဲသောပျော်ရည်မှ ရေမော်လီကျူးများသည် အမှေးပါးကို ဖြတ်၍ ပျစ်သောပျော်ရည်ဘက်သို့ဝင်လာသောဖြစ်စဉ်ကို ဆိုလိုသည်။

ရေငန်မှရေချိုသို့ပြောင်းပေးသော အာရ်အိုခေါ် ပြောင်းပြန်အော့စ်မိုးဆစ် နည်းပညာတွင် ဆားဓာတ်များ၍ ရေချိုထက် ပိုပျစ်နေသော ပင်လယ်ရေတွင်ပါသော ရေမော်လီကျူးတို့ကို ၁ စတုရန်းလက်မလျှင် ပေါင် ၁၀၀၀ မျှ ဖိအားပေး၍ အမှေးပါး၏ အခြားတစ်ဖက်သို့ ဖြတ်သန်းစေသည်။ ဖိအားပေး၍ ဖြတ်ခိုင်းခြင်းဖြစ်၍ ဆားဓာတ်လွန်ကဲသော ပင်လယ်ရေများ တစ်ဖက်တွင် ကျန်ခဲ့ကာ အခြားတစ်ဖက်သို့ ရေချိုသက်သက် ရောက်ရှိသွားသော နည်းပညာဖြစ်သည်။ တစ်ဝက်တစ်ပျက်စိမ့်နိုင်သောအမှေးပါးသည် ရေမော်လီကျူးတို့ကို ဖြတ်ခွင့်ပေးသော်လည်း ဆားမော်လီကျူးတို့ကို တားဆီးစစ်ယူထားခြင်းဖြင့် ရေချို ထုတ်လုပ်ပေးသည်။ အာရ်အိုအမှေးပါးသည် ဆားမော်လီကျူးများအပြင် အချို့ဓာတ်ဆားများ၏အရွယ်ကြီးမော်လီကျူးများနှင့် အချို့သော ဘက်တီးရီးယားတို့ကိုပါစစ်ထုတ်ဖယ်ရှားပေးနိုင်သည်။ အာရ်အိုနည်းပညာကို မြေပေါ် မြေအောက်ရေများမှ သောက်ရေသန့် ထုတ်ရာတွင်လည်း အသုံးချကြသည်။

လွန်ခဲ့သည့်အနှစ် ၆၀ ခန့်က စတင်အသုံးပြုခဲ့သည် အာရ်အိုအမှေးပါး နည်းပညာသည် ယခုအခါ နည်းပညာပိုင်းတွင် တိုးတက်မှုများစွာရနေသကဲ့သို့ ဖြေရှင်းရမည့်အခက်အခဲများလည်း ရှိနေသေးသည်။ စစ်ထုတ်ပေး၍ ကျန်ရစ်သော ဓာတ်ဆားအမျိုးမျိုးနှင့် ဘက်တီးရီးယားများကြောင့် အမှေးပါးများ ပိတ်ဆို့လာနိုင်ရာ ယင်းတို့ကို ပြန်လည်ဆေးကြောရသည်။ ပိတ်ဆို့နေသော ဘက်တီးရီးယားများကို ဓာတုပစ္စည်းများဖြင့် ဆေးကြောရှင်းလင်းရသည်။

အစ္စရေးပညာရှင်တို့ကမူ ဓာတုပစ္စည်းမသုံးဘဲ မီးသင့် ကျောက်ပွတစ်မျိုးကိုသုံး၍ ပင်လယ်ရေပါ ဇီဝရုပ်များအားဖယ်ရှားသည့် စနစ်ကိုတီထွင်လိုက်နိုင်သဖြင့် ရေချိုချက်စနစ်သည်သိသာစွာလျင်မြန် လာပြီး ကုန်ကျစရိတ်ကျဆင်းသွားသည်ဟု ဆိုသည်။

အာရ်အို အမှေးပါးများသည် ရေထဲရှိကယ်လ်စီယမ်နှင့် ကာဘွန်နိတ်ဓာတ်ပေါင်းများကိုပါ မလိုအပ်ဘဲ ဖယ်ထုတ်ပေးသည့် အားနည်းချက်ရှိသည်။ ယင်းဓာတ်များလျော့နည်းသွားသောအခါ ရေတွင် အက်စစ်ဓာတ် ကဲလာပြီး ပိုက်များကို တိုက်စားဖျက်ဆီးသည်။ အမှေးပါးသည် လူ့အကျိုးပြုအိုင်းယွန်းအချို့ကိုလည်း စစ်ထုတ်လိုက်၍ ထွက်လာသောရေချိုတွင် အကျိုးပြုအိုင်းယွန်းအချို့ပါမလာတတ်သော အားနည်းချက်လည်း ရှိသည်။

အာရ်အိုစနစ်သည် ရေကိုအပူပေး၍ ရေချိုငွေ့ရယူခြင်းထက် စွမ်းအင်အကုန် သက်သာသော်လည်း စွမ်းအင် အမြောက်အမြား သုံးရသေးသည်။ အာရ်အိုစနစ်တစ်ခုသည် ရေချိုဂါလန် ၁၀၀၀ ရရန် ၁ စွမ်းအင် ၁၀ ကီလိုဝပ်နာရီမှ ၁၃ ကီလိုဝပ်နာရီအထိ သုံးစွဲသည်။

ဆားပျစ်ရည်ပြဿနာ

ရေချိုချက်စက်ရုံများ၏အခြားပြဿနာမှာ ရေချိုထုတ်လုပ် ပြီးနောက်ကျန်ရစ်သော ဆားပျစ်ရည် brine များကို ဘေးကင်းစွာစွန့်ပစ်ရေး ဖြစ်သည်။ ရေငန်နှစ်ဂါလန်ကို ချက်လျှင် ရေချိုတစ်ဂါလန်နှင့် ဆားပျစ်ရည် တစ်ဂါလန်ထွက်သည်။ စက်ရုံသည် ပင်လယ်ကမ်းစပ်တွင် ရှိပါက ဆားပျစ်ရည်များကို ပင်လယ်ထဲသို့ စွန့်လိုက်နိုင်သော်လည်း ကုန်းတွင်းရေချိုချက်စက်များမှထွက်သော ဆားပျစ်ရည်များကို ကုန်းပေါ်တွင် စွန့်ပစ်လျှင် မြေလွှာများ ဆားဓာတ်လွန်ကဲ ပျက်စီးခြင်း၊ အချို့ကုန်းနေသတ္တဝါများ ဆားဓာတ်လွန်ကဲမှုကို မခံနိုင်၍ သေဆုံးခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်များကိုကြုံရသည်။

ပင်လယ်ရေသည် ဆားဓာတ်အလွန်များသောရေဖြစ်သော်လည်း ရေချိုချက်စက်ရုံမှ ထွက်လာသော ဆားပျစ်ရည်များသည် ပင်လယ်ရေထက် အငန်ဓာတ် များစွာပိုနေသော အရည်များဖြစ်ရာ ယင်းတို့ကြောင့် ရေငန်နေသတ္တဝါအချို့ပင် လွန်ကဲသောဆားဓာတ်ကြောင့် သေဆုံးကြရသည်။

ဆားပျစ်ရည်များသည်လွန်ကဲသောဆားဓာတ်ရှိရုံတင် မဟုတ်သေး၊ သာမန်ရေထက် ပူနွေးနေကြသည်။ အာရ်အိုစက်ရုံများမှထွက်သော ဆားပျစ်ရည်များ၏ အပူဓာတ်သည် မများလှသော်လည်း အချို့ရေနေသတ္တဝါတို့အတွက် အန္တရာယ် ရှိသည်။ အပူဓာတ်သုံးရေချိုချက်စက်ရုံများမှ ထွက်လာသော ဆားပျစ်ရည်များ၏ အပူသည်မူ အာရ်အိုဆားပျစ်ရည်များထက်များစွာပိုမို၍ ရေနေသတ္တဝါတို့ကို ပိုအန္တရာယ် ပေးတတ်သဖြင့် အပူကိုလျှော့ချပြီးမှ ပင်လယ်ထဲသို့ စွန့်ပစ်ရသည်။

ဆားဓာတ်နှင့်အပူဓာတ်လွန်ကဲသော ဆားပျစ်ရည်စွန့်ပစ်ရေးပြဿနာကို ဖြေရှင်းရန် အားထုတ်မှု အများရှိသည့်အနက် စပိန်နိုင်ငံ ဘာစီလိုနာဒေသရှိ ရေချိုချက်စက်ရုံ၏ ဖြေရှင်းနည်းသည် အတုယူဖွယ် ဖြစ်သည်။ ဘာစီလိုနာရေချိုချက်စက်ရုံမှထွက်သော ဆားပျစ်ရည်များကို အနီးရှိ မိလ္လာသန့်စင်စက်ရုံမှ ထွက်လာသောရေဆိုးများနှင့် ရောနှောစေပြီးမှ ရေထဲစွန့်ပစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပင်လယ်ထဲသို့ စွန့်လိုက်သော ဆားပျစ်ရည်နှင့် မိလ္လာရည်အရော၏ အငန်ဓာတ်နှင့်အပူတို့ များစွာ လျော့နည်းသွားသည်။ ယခုအခါ ဘာစီလိုနာရေချိုချက် စက်ရုံသည် ယင်းဒေသရှိ လူဦးရေလေးသန်းခွဲတို့အတွက် သောက်ရေများ ထုတ်လုပ်ပေးနေသည်။

ဆော်ဒီအာရေဗျအပါအဝင်အချို့နိုင်ငံများတွင်မူ ရေချိုချက်စက်ရုံကို လျှပ်စစ်ဓာတ်အားစက်ရုံနှင့် မလှမ်းမကမ်းတွင် တည်ဆောက်သည်။ လျှပ်စစ်ဓာတ်အားစက်ရုံတွင် ပင်လယ်ရေကိုအပူပေး၍ ရေနွေးငွေ့ဖြစ်စေကာ ယင်းရေနွေးငွေ့များဖြင့် တာဘိုင်ကိုလည်စေ၍ လျှပ်စစ်ထုတ်သည်။ တာဘိုင်ကိုဖြတ်ပြီး ထွက်လာသော ရေနွေးငွေ့များသည် ရေအဖြစ် ပြန်ပြောင်းသွားသော်လည်း အပူချိန်မြင့်မားနေဆဲဖြစ်ရာ ယင်းရေများကို ရေချိုချက်စက်ရုံသို့ ပို့လွှတ်၍ ရေချိုအဖြစ် ပြောင်းလဲသည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား စက်ရုံမှထွက်လာသောရေနွေးများကို သီးခြားစွန့်ပစ်ရန် မလိုတော့ခြင်း၊ အပူဓာတ် အတန်မြင့်မားနေပြီး ဖြစ်သော ရေနွေးများကို ရေချိုချက်စက်ရုံတွင် အပူအနည်းငယ်သာ ထပ်ပေးရန်လိုတော့ခြင်းစသည့် အကျိုးများကိုရသည်။

ယနေ့ကမ္ဘာတွင် ရေချိုချက်စက်ရုံပေါင်း ၁၆၀၀၀ ခန့် လည်ပတ်နေပြီး ရေချိုပမာဏ တစ်ရက်လျှင် ကုဗပေသန်း ၃၅၀၀ ကျော် ခန့်ထုတ်လုပ်နေသည်ဟုခန့်မှန်းကြသည်။ ကမ္ဘာ့ရေချိုထုတ်လုပ်မှု၏ ၇၅ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းနိုင်ငံများမှ ထုတ်လုပ်လျက် ရှိသည်။

ကုန်ကျစရိတ်ကျဆင်းလာ

နည်းပညာတိုးတက်လာမှုကြောင့် ရေချိုချက်လုပ်သည့် စရိတ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုကနှင့် စာလျှင် ထက်ဝက်ခန့်ကျသွားသည်။ ၂၀၁၃ ခုနှစ်တွင် စတင်လည်ပတ်သည့် အစ္စရေးဆိုရက် ရေချိုချက်စက်ရုံသည် သောက်ရေလီတာ ၁၀၀၀ လျှင် အမေရိကန် ဒေါ်လာ ၅၈ ဆင့်(၁ ဂါလန်လျှင် ၄ ကျပ်နှုန်းခန့်)ဖြင့် ထုတ်လုပ်ပေးနေသည်။ နောက်ထပ်ဆောက်မည့် ဆိုရက်-၂ ရေချိုချက်စက်ရုံသည် သောက်ရေလီတာ ၁၀၀၀ လျှင် အမေရိကန်ဒေါ်လာ ၄၁ ဆင့်(၁ ဂါလန်လျှင် ၃ ကျပ်နှုန်းခန့်)ဖြင့် ထုတ်ပေးနိုင်မည်ဟု သိရသည်။

ကုန်ကျစရိတ်ကျဆင်းလာသဖြင့် ရေချိုချက်ခြင်းကို လျင်မြန်စွာ တိုးချဲ့ လုပ်ဆောင်လာနေကြရာ နောက်ထပ် နိုင်ငံပေါင်း ၃၀ ခန့်တွင် စက်ရုံသစ်ပေါင်း ၄၀၀၀ ခန့်တည်ရန် စီစဉ်နေသည်။

ကမ္ဘာအကြီးဆုံးရေချိုချက်စက်ရုံငါးခု

စက်ရုံအမည်၊ နိုင်ငံရေချိုကုဗမီတာ(တစ်ရက်)
Ras Al Khair ၊ ဆော်ဒီ၁၀၃၆၀၀၀
Taweelah ၊ ယူအေအီး၉၀၉၂၀၀
Shuaiba 3 ၊ ဆော်ဒီ၈၈၈၀၀၀
Sorek ၊ အစ္စရေး၆၂၄၀၀၀
Rabigh 3 IWP ၊ ဆော်ဒီ၆၀၀၀၀၀

ရေချိုချက်စရိတ် ထပ်မံကျဆင်းနိုင်သည့်အခြားအကြောင်းတစ်ခုမှာ ဆိုလာစွမ်းအင်သုံး ရေချိုချက်စက်ရုံများ တည်ဆောက်လာနိုင်ခြင်း ဖြစ်သည်။ ရေချိုချက်နည်းပညာသည် စွမ်းအင်လိုအပ်ချက် ကြီးမားသည့်အတိုင်း စွမ်းအင် ပေါများစွာထွက်သည့် အရှေ့အလယ် ပိုင်းနိုင်ငံများတွင်သာ အများဆုံး ဆောက်လုပ်ခဲ့ရာမှ ဆိုလာ စွမ်းအင်ဖြင့် ရေချိုထုတ်ခြင်းနည်းပညာသည် စီးပွားရေးအရ တွက်ခြေကိုက်လာခဲ့လျှင် အခြားဒေသများတွင်လည်း လက်ရှိထက်ပိုသုံးလာကြမည်မှာ သေချာနေသည်။

ဥပမာ-အာဖရိကတိုက် မော်ရော့ကိုနိုင်ငံ၌ တစ်ရက်လျှင် ရေချိုကုဗမီတာ ၂၇၅၀၀၀ ထုတ်ပေးနိုင်မည့် ဆိုလာစွမ်းအင်သုံး ရေချိုချက်စက်ရုံကို စတင်ဆောက်လုပ်နေသည်။ ယင်းစက်ရုံကို စပိန်ကုမ္ပဏီတစ်ခုက ဆောက်လုပ်နေပြီး ၂၇ နှစ်ကြာမျှ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

မော်ရော့ကိုသည် အထက်ပါစက်ရုံထက်ငယ်သည့် နိုင်ငံ၏ ပထမဆုံး ဆိုလာစွမ်းအင်သုံး ရေချိုချက်စက်ရုံကို မာရာကက်(ရှ်)မြို့အနီး တွင် ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလကစတင်လည်ပတ်နေခဲ့သည်။ ယင်းစက်ရုံသည် ဆိုလာစွမ်းအင် သက်သက်ကိုသာသုံး၍ တစ်နာရီလျှင် ရေချိုငါးကုဗမီတာ ထုတ်ပေးသည်။ ယင်းစက်ရုံ ဆောက်လုပ်စရိတ် အမေရိကန်ဒေါ်လာ ၄၅၀၀၀၀ ကုန်ကျသည်။ ရေချိုတစ်ကုဗမီတာလျှင် အမေရိကန် ဒေါ်လာ ၀ ဒသမ ၈(တစ်ဂါလန်လျှင် မြန်မာငွေ ၄ ကျပ်ခွဲ)ဖြင့် ရောင်းချသည်။

၂၀၂၀ ပြည့်နှစ်အတွင်း ထွက်ပေါ်လာသည့် သုတေသန စာတမ်းတစ်စောင်၌ အိမ်သုံးဆိုလာ ရေချိုချက်စနစ် အကြောင်း ဖော်ပြထားသည်။ ဆိုလာပြားဧရိယာ တစ်စတုရန်းမီတာလျှင် တစ်နာရီရေချို တစ်ဂါလန်ခွဲ ထုတ်ပေးသည့်စနစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ပြီဖြစ်ကြောင်း အမေရိကန် မက်ဆာချူးဆက် စက်မှုတက္ကသိုလ်သုတေသီများနှင့်တရုတ်သုတေသီများပူးတွဲရေးသားသည့်ယင်းစာတမ်းတွင်ပါရှိသည်။

အပေါများဆုံးရေအရင်းအမြစ်ဖြစ်သော်လည်း မသောက်နိုင် မသုံးနိုင်ဖြစ်နေသည့် ပင်လယ်ရေကို သောက်နိုင်သုံးနိုင်အောင် လုပ်ဆောင်ပြောင်းလဲပေးသည့် ရေချိုချက်စက်ရုံများကို လက်ရှိတွင် နိုင်ငံပေါင်း ၁၂၀ ခန့်၌ တည်ဆောက် အသုံးပြုနေကြသည်။ ပို၍ ဈေးသက်သာအောင်ကြံဆသည့် သုတေသနများ၊ လက်တွေ့တည်ဆောက်မှုများ အရှိန်ရလာနေသဖြင့် ကုန်ကျစရိတ်ပိုသက်သာသည့် ရေချိုချက် နည်းပညာများ ပိုမိုပြန့်နှံ့လာတော့မည်မှာ သေချာနေသည်။

2 thoughts on “ရေငန်မှရေချိုချက်ခြင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s