သဘာဝ၏ရေသန့်စင်နိုင်စွမ်း

မြစ်ရေကန်ရေများထဲသို့ ညစ်ညမ်းပစ္စည်းများ ဘက်ပေါင်းစုံမှ ဝင်ရောက်နေပြီး ကမ္ဘာ့နေရာ အတော်များများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းရေများကို မသန့်စင်မပြုပြင်ဘဲ သို့မဟုတ် လုံလောက်စွာ မသန့်စင် မပြုပြင်ဘဲ သောက်သုံးနေကြသည်။ ယင်းသို့ သောက်နေ၍ ရောဂါရကြ သေဆုံးနေကြသော်လည်း ဝင်နေသော အညစ်အကြေးပမာဏနှင့်စာလျှင် ကပ်ဘေးဆိုက်သည်အထိ ရောဂါဖြစ်ပွားနိုင်ပါလျက် မဖြစ်ခြင်းမှာ ရေထုသည် မိမိထဲရောက်လာသော အညစ်အကြေးများကို သဘာဝအလျောက် သန့်စင်ပေးနိုင်သော အရည်အသွေးကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။

အညစ်အကြေးတွင်ပါဝင်သည့် ရေထက်လေးသော အစိုင်အခဲကြီးငယ်များသည် အနည်ထိုင်ခြင်းဖြင့် ရေစီးထဲမှထွက် ကျန်ရစ်သည်။ မြစ်ကြမ်းပြင်၌ ထိုင်ကျန်သော အန္တရာယ်ရှိဇီဝဓာတုပစ္စည်းများသည် အညစ်အကြေးတွင်ပါဝင်သည့် ဘက်တီးရီယားတို့၏ ဓာတ်ပြုမှုကြောင့် တဖြည်းဖြည်းဓာတ်ပြိုကွဲလျက် အန္တရာယ်မရှိသော ဇီဝဓာတုပစ္စည်းများအဖြစ်သို့ရောက်သည်။

ပေါ့ပါးသောအမှုန်များသည်မူ ရေနှင့်အတူဆက်လက်မျောပါသွားသည်။ ထိုသို့ပါသွားသောအမှုန်နှင့် အညစ်အကြေးများသည် လှိုင်းများ၊ ဝဲဂယက်များ၊ ရေအပေါ်အောက်လှန်မှုများကြောင့် မြစ်ရေနှင့် ရောယှက်မိကြပြီး သိပ်သည်းမှု လျော့ကျသွားသည်။ လှိုင်းနှင့် ဝဲဂယက်များကြောင့်ပင် ရေထုနှင့်လေထု ထိတွေ့ ရောယှက်ကာ လေထဲမှအောက်ဆီဂျင်များ ရေထဲပျော်ဝင်လာသဖြင့် အောက်ဆီဂျင် လျော့နည်းမှုမှ သက်သာရာရစေသည်။

ရေ၏အရောင်နှင့်အရသာကိုပြောင်းလဲစေသော ဓာတ်ပစ္စည်းများ၊ အဆိပ်ဓာတ်အချို့နှင့် အောက်ဆီဂျင် စုပ်ယူနိုင်သောဓာတ်ပစ္စည်းများကို ရေထုထဲရှိအချို့အပင်ငယ်များ၊ အချို့သော အကျိုးပြုဘက်တီးရီးယား ပိုးကောင်များက သဘာဝအလျောက် ဓာတ်ပြုပြောင်းလဲ သန့်စင်ပေးနိုင်စွမ်း ရှိကြသည်။ အပင်ငယ်နှင့်အကျိုးပြု ဘက်တီးရီးယား များပြားသော သို့မဟုတ် ကြွယ်ဝသောဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်နေသည့် မြစ်ရေသည် အညစ်အကြေးများကို ပို၍သန့်စင်ပေးနိုင်သည်။

ရေစီးနေရင်း နေရောင်နှင့်ထိတွေ့သဖြင့် ရောဂါပိုးမွှားများသေကြေကြသည်။

ကမ္ဘာတွင် လူဦးရေမများသေးဘဲ ရေထုထဲရောက် အညစ်အကြေး ယနေ့ကဲ့သို့ မလွန်ကဲခဲ့ချိန်အထိ သဘာဝ၏အညစ်အကြေးသန့်စင်မှုစွမ်းရည်သည် ကောင်းစွာ အလုပ်လုပ်နိုင်ခဲ့သည်။ လူဦးရေနှင့် အညစ်အကြေးပမာဏ များလာသောအခါမှသာ ရေညစ်ညမ်းမှုသည် ရှေ့တန်းရောက်လာသည်။

အမှိုက်များ၊ အညစ်အကြေးများဖြင့်ပြည့်နေကာ ရေနေသတ္တဝါများ မရှင်သန်နိုင်တော့သည့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ စီတရမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာမှစီးထွက်လာသော မိလ’ာအညစ်အကြေးများ၏ ၈၀ ရာခိုင်နှုန်းမျှစီးဝင်နေသည့် ဘူရီဂင်္ဂါမြစ်၊ လူဦးရေနှစ်သန်းတို့အတွက် သောက်သုံးရေရယူနေသော်လည်း စက်ရုံထွက်အညစ်အကြေးများ အလုံးအရင်းနှင့်စီးဝင်နေသော တရုတ်နိုင်ငံ မြစ်ဝါမြစ်နှင့် အီတလီနိုင်ငံ ဆာနိုမြစ်တို့သည် ရေညစ်ညမ်းမှု၏ ထင်ရှားသောဥပမာများ ဖြစ်ကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s