
အိန္ဒိယနိုင်ငံတွင် ဆွာမိနီဂါမာနန်းတစ်ယောက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်လ ပြည့်ခဲ့သည်။ ရက်ပေါင်းအတန်ကြာအစာမစားဘဲနေရာမှ သတိလစ်သွား၍ ဆေးရုံသို့ပို့ထားရသည်။ အထူးကြပ်မတ်ကုသဆောင်တွင် နှာခေါင်းပိုက်များတန်းလန်းနှင့် သူ့ကိုမြင်ရသည်မှာမသက်သာလှ။ သူ့ကို ထောက်ခံသူများက အားပေးစကားပြောသည်ကို ဆွာမိနီဂါမာနန်း ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။ သူ့အခြေအနေသည် တဖြည်းဖြည်းဆိုးလာကာ စ၍ အစာမစားသည်မှ ရေတွက်လျှင် ၇၃ ရက်မြောက်နေ့တွင် သေဆုံးသွားတော့သည်။
အခြားသူများအစာငတ်ခံဆန္ဒပြကြခြင်းမှာ လူနေမှုစနစ်ကို ဘဝင်မကျ၍၊ ကုန်ဈေးနှုန်းတက်၍၊ အုပ်ချုပ်သူ များကို မကျေနပ်၍စသည်တို့ကြောင့် ဖြစ်သော်လည်း ဆွာမိနီဂါမာနန်း အစာငတ်ခံဆန္ဒပြခဲ့ခြင်း၏ အကြောင်းရင်းမှာ ထူးခြားလှသည်။ ဂင်္ဂါမြစ်ရိုးတစ်လျှောက် သတ္တုတူးဖော်နေမှုအပါအဝင် မြစ်ထဲသို့ အညစ်အကြေးမျိုးစုံရောက်ရှိနေသဖြင့် သူတစ်သက်တာလုံး ခင်တွယ်မြတ်နိုးလာခဲ့သော မြစ်ကြီး တစ်နှစ်ထက် တစ်နှစ် ပို၍ပို၍ ညစ်ညမ်းလာနေခြင်းအား တားဆီးလိုသည့်ဆန္ဒကို ဆွာမိနီဂါမာနန်းတစ်ယောက် အသက်စွန့်၍ ထုတ်ဖော်ခဲ့ခြင်းသာ ဖြစ်သည်။
မြစ်ရေညစ်ညမ်းမှု၏အခြေအနေကို အသက်စွန့်၍ထုတ်ဖော် ပြသသောလုပ်ရပ် မှန်မမှန်ကို ဆွာမိနီဂါမာနန်း ၏မိတ်ဆွေများအကြား အငြင်းပွားခဲ့ကြသော်လည်း ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဂင်္ဂါမြစ်ကြီး တစ်နှစ်ထက်တစ်နှစ် ပို၍ညစ်ညမ်းလာခဲ့သည့်အချက်ကိုမူ အားလုံးသဘောတူလက်ခံထားခဲ့ကြသည်။
ကိုးကွယ်ရာဟုယူဆကြသော်လည်း
အိန္ဒိယသားတို့သည် အစဉ်အဆက်ကပင် ဂင်္ဂါမြစ်ကို ကိုးကွယ်ရာဟုယူဆကြ၊ လူပေါင်းသန်း ၄၀၀ တို့က သောက်သုံးရေအဖြစ်မှီခိုအားထားကြသည်။ ဂင်္ဂါမြစ်ထဲသို့ရေဆင်းချိုးလျှင် ပြုခဲ့သောအပြစ်တို့ ကွာကျ ကင်းစင်သွားသည်ဟု ယုံကြည်ကြသည့်အလျောက် ယင်းမြစ်ရိုးတစ်လျှောက်တွင် လူနှစ်သန်းကျော်တို့ နေ့စဉ် ရေဆင်းချိုးနေကြသည်။ သို့သော်မြစ်ကြီး၏သန့်ရှင်းရေးကိုဂရုမစိုက်ခဲ့ကြ၍ ဆိုးရွားစွာညစ်ညမ်းလာခဲ့သည်။ မြစ်ရိုးတစ်လျှောက်ရှိမြို့ကြီးပေါင်း ၂၇ မြို့၊ မြို့ငယ်၊ ကျေးရွာများမှစွန့်ထုတ်လိုက်သောမိလ္လာရည်များသည် လုံးဝသန့်စင်ပြုပြင်ခြင်းမရှိဘဲ သို့မဟုတ် လုံလောက်စွာသန့်စင်ခြင်းမရှိဘဲ ဂင်္ဂါမြစ်ထဲဝင်ရောက်သည်။ ဥပမာ နယူးဒေလီမြို့တော်မှ မိလ္လာရည်ပေါင်း ဂါလန်သန်း ၅၀၀ ခန့်ကိုဂင်္ဂါမြစ်ထဲသို့နေ့စဉ်စွန့်ပစ်သည်။ ဗာရာဏသီမြို့မှ မြစ်တွင်းစီးဝင်သော မသန့်စင်ရသေးသည့်မိလ္လာရည်ပမာဏသည် တစ်ရက်လျှင် ဂါလန်သန်း ၅၀ မျှရှိသည်။
ဟိန္ဒူတို့၏ဓလေ့အရ မြစ်ကမ်းဘေးတွင် လူသေအလောင်း များကို မီးရှို့ခြင်း၊ <ကင်းကျန်ရစ်သော အလောင်းကောင်များကို မြစ်ထဲပစ်ချခြင်းတို့ကလည်း မြစ်ရေအရည်အသွေးကိုဆိုးရွားစေသည်။ ဗာရာဏသီတစ်မြို့တည်းတွင်ပင် တစ်နှစ်လျှင် လူသေအလောင်း ၄၀၀၀၀ တို့ကို ဂင်္ဂါမြစ်ကမ်းနဖူးတွင် မီးရှို့၍ အ<ကင်းအကျန်တို့ကို မြစ်ထဲမျှောသည်။ မြစ်ထဲတွင် လူသေအလောင်းများအပြင် တိရစ္ဆာန်အသေ ကောင်များကိုပါ အနှံ့အပြားမြင်နိုင်သည်။
ဂင်္ဂါမြစ်ကမ်းတစ်လျှောက်ရှိစက်ရုံများကလည်း မြစ်ရေ ညစ်ညမ်းမှုကို တစ်ဖက်တစ်လမ်းမှပိုမိုဆိုးရွားစေသည်။ ဂင်္ဂါမြစ်၏ အူတာပရာဒက်ရှ်ပြည်နယ်အပိုင်းတွင်ပင် စက်ရုံ ၁၅၀ နီးပါးရှိသည်။ ယင်း စက်ရုံများမှ ဟိုက်ဒရိုကလိုရစ်အက်စစ်၊ ပြဒါး၊ သတ္တုလေးများ၊ ဆိုးဆေးများအပါအဝင်စွန့်ပစ်ဓာတ်ပေါင်းများသည် ဂင်္ဂါမြစ်ထဲသို့ စီးဝင်သည်။ ကန်ပူးမြို့တွင် သားရေနယ်စက်ရုံပေါင်း ၄၀၀ ကျော်ရှိရာ ယင်းတို့မှ ခရိုမီယမ်နှင့် အခြားဓာတု အညစ်အကြေး စက်မှုစွန့်ပစ်အရည်များ တစ်နေ့လျှင် ဂါလန်ရှစ်သန်းမျှ ဂင်္ဂါမြစ်ထဲဝင်ရောက်သည်။ စက်ရုံထွက် အညစ်အကြေးများအပြင် စိုက်ခင်းများမှ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး အကျန်စသည့် စိုက်ပျိုးရေး အညစ်အကြေးများလည်း စီးဝင်လျက်ရှိရာ မိလ္လာရည်၊ စက်မှုစွန့်ထုတ်ရေ၊ စိုက်ခင်းများမှထွက်လာသော ရေညစ်စသည်ဖြင့် တစ်ရက်လျှင် ဂင်္ဂါမြစ်ထဲသို့ ညစ်ညမ်းရေဂါလန်သန်း ၁၂၀၀ မျှစီးဝင်သဖြင့် ဂင်္ဂါမြစ်သည် အိန္ဒိယနိုင်ငံတွင် အညစ်ညမ်းဆုံးမြစ်ကြီးဟု အသတ်မှတ်ခံခဲ့ရသည်။
စက်မှုလုပ်ငန်းများ၊ စိုက်ခင်းများနှင့်မြို့ရွာများမှထွက်သော စွန့်ပစ်အညစ်အကြေးများကို သန့်စင်စနစ်များ အပါအဝင် ဂင်္ဂါမြစ်ကို ကယ်တင်ရန် အမေရိကန်ဒေါ်လာသန်း ၆၀၀၀ ကျော်ကုန်ကျသည့် စီမံကိန်းနှစ်ခုဖြင့် ကြိုးစားလုပ်ဆောင်ခဲ့သည်။ ယင်းလုပ်ဆောင်မှုကြောင့် ဂင်္ဂါမြစ်ရေအရည်အသွေး များစွာတိုးတက်ခဲ့သည်ဟု အစိုးရပိုင်းက ၂၀၁၉ ခုနှစ်ကပြောသည်။ သို့သော် ကုလသမဂ္ဂ အပါအဝင် အချို့အဖွဲ့အစည်းများကမူ တိုးတက်သည်မှာမှန်သော်လည်း ကျေနပ်လောက်သည့်အဆင့်အထိမဟုတ်သေးဟု ထောက်ပြသည်။
ဂင်္ဂါမြစ်ရေညစ်ညမ်းမှု ရှုစားရန်
ဂင်္ဂါမြစ်ကြုံတွေ့နေရသောပြဿနာသည် ကမ္ဘာပေါ်ရှိမြစ်နှင့် ရေကန်အများအပြား ရင်ဆိုင်နေရသည့် ညစ်ညမ်းမှုဖြစ်စဉ်များအနက် တစ်ခုသာဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူ့မိလ္လာအညစ်အကြေးများ၏ ၈၀ ရာခိုင်နှုန်းကို လုံးဝသန့်စင်ခြင်းမရှိဘဲ ရေထုထဲစွန့်ပစ်နေကြသည်။ ရေကြောင့်ဖြစ်သောရောဂါများ ထူပြောနေသည်။ လူနေမြို့ရွာများမှထွက်သော အညစ်အကြေးများ၊ စက်မှုနှင့်စိုက်ပျိုးရေးအညစ် အကြေးများသည် ရေကောင်းရေသန့်များကို ရေအညစ်အညမ်းများအဖြစ်သို့ပြောင်းလဲပစ်နေသည်။ လူနေဒေသနှင့်ဝေးသော ပင်လယ်ရေပြင်ကိုပင် ရေနံယိုဖိတ်မှုများက ညစ်ညမ်းစေလျက်ရှိသည်။
လူ့မိလ္လာနှင့်တိရစ္ဆာန်တို့၏အညစ်အကြေးများ ရေထုထဲဝင်ရောက်လာရာတွင် ပါလာသော ရောဂါပိုးများကြောင့် ရေညစ်ညမ်းကာ ဝမ်းရောဂါတို့ဖြစ်ပွားပြီး လူ့အသက်ကိုပင်အန္တရာယ်ပေးကြောင်း ၁၈၅၄ ခုနှစ် လန်ဒန်မြို့ဆိုဟိုအရပ် ဝမ်းရောဂါဖြစ်ပွားမှုတွင် သမားတော်ဂျွန်စနိုးကသက်သေပြနိုင်ခဲ့သည်။ မသန့်ရှင်းသောရေနှင့် လူတွင်ရောဂါဖြစ် ပွားခြင်းတို့ဆက်စပ်နေကြောင်း ပထမဆုံးအကြိမ် အတိအကျ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုအချိန်မှစတွက်လျှင် နှစ်ပေါင်း ၁၆၀ ကျော်ကြာသော်လည်း ယင်းပြဿနာကို ယနေ့တိုင် ထိရောက်စွာ မဖြေရှင်းနိုင်ကြသေးချေ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေကြောင့်ဖြစ်သောရောဂါများကြောင့် တစ်နှစ်လျှင် လူငါးသန်းသေဆုံးနေကြသည်။ မိလ္လာအညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ခြင်းမရှိသည့် နေရာများတွင် အခြားရောဂါများကြောင့် သေဆုံးမှုထက် ရေမှတစ်ဆင့်ကူးစက်သောရောဂါများကြောင့် ဖျားနာသေဆုံးမှုက ပို၍များသည်။ ထိုသို့ဖြစ်ရသည်မှာ နည်းပညာပိုင်း လိုအပ်ချက်ကြောင့်မဟုတ်ဘဲ ငွေကြေးမပြည့်စုံမှု၊ ရေနှင့်ပတ်သက်သည့် အသိပညာပြည်သူများအကြား ထိရောက်စွာ လက်ခံကျင့်သုံးရာတွင် လိုအပ်ချက်ရှိမှုတို့ကြောင့် ဖြစ်သည်။