အရည်ပျော်ရေခဲပြင်များ

Massive icebergs from Jakobshavn Glacier melting in Disko Bay on sunny summer evening, Ilulissat, Greenland.

မြောက်လတ္တီတွဒ် ၆၆ ဒီဂရီ မျဉ်းကြောင်းကို အာတိတ်စက်ဝိုင်းဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းသည် နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ရုရှား၊ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဒိန်းမတ်နိုင်ငံ ဂရင်းလန်းကျွန်း၊ အိုက်စလန်တို့ကို ဖြတ်သည်။ ယင်းမျဉ်းကြောင်းဝန်းကျင်ဒေသများကို အာတိတ်စက်ဝိုင်း ဒေသများဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းဝန်းကျင်ဒေသများတွင် နွေပျမ်းမျှနေ့စဉ်အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထက် မပိုသည့်အပြင် သစ်ပင်များလည်း မပေါက်ရောက်နိုင်ချေ။

အာတိတ်စက်ဝိုင်းဒေသရှိ အာတိတ်သမုဒ္ဒရာသည် မကြာသေးမီ အချိန်ကအထိ အစဉ်ရေခဲနေသော နေရာ ဖြစ်သည်။ ရေခဲခွဲသင်္ဘောများမှလွဲ၍ ရိုးရိုးသင်္ဘောများဖြတ်မောင်း၍မရသော ရေခဲသမုဒ္ဒရာဖြစ်သည်။ သို့သော် လွန်ခဲ့သောနှစ်များမှ စ၍ ကမ္ဘာ၏ ပျမ်းမျှအပူချိန် တဖြည်းဖြည်း တက်လာသည်။ ၂၀၀၉ ခုနှစ် ဆောင်းဦးရာသီတွင် တိုင်းတာ ရရှိသော အာတိတ်ဒေသ အပူချိန်များသည် ပျမ်းမျှထက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၅ ဒီဂရီ စင်တီဂရီတ် အထိ ပိုနေသည်။ အာတိတ်သမုဒ္ဒရာ၏ အချို့နေရာများသည် စတင်အရည်ပျော်လျက် ရှိသည်။ နွေကာလတွင် သင်္ဘောများ ဖြတ်မောင်းနိုင်သည့် အခြေအနေသို့ ရောက်လာသည်။ ယင်းဒေသအောက် မြေလွှာများရှိ ဧရာမရေနံနှင့် သဘာ၀ ဓာတ်ငွေ့သိုက်များကို တူးဖော်ရန် လက်လှမ်းမီလာသည်။ အာတိတ်စက်ဝိုင်းဒေသအောက်ရှိ ရေနံပမာဏ စုစုပေါင်းသည် ဆော်ဒီအာရေဗျတို့ပိုင်ဆိုင်သော ရေနံပမာဏထက်ပင် များသေးသည်ဟု ဆိုသည်။ ထို့ကြောင့် အာတိတ်စက်ဝိုင်းဒေသများကို ဘေးပတ်ဝန်းကျင်နိုင်ငံများက အလေးထားစရာဖြစ်လာသည်။

ရေခဲပြင်အရည်ပျော်ကျုံ့ဝင်လာသဖြင့် ရေခဲပြင်များပေါ်တွင်သာ ရှင်သန်နိုင်သည့် ဝင်ရိုးစွန်းဝက်ဝံဖြူများအဖို့ “ပြေးစရာ ရေခဲပြင်မရှိ”သည့် အဖြစ်မျိုးနှင့် ကြုံတွေ့ရမည့်အန္တရာယ် ပေါ်လာသည်။ အချို့သော သိပ္ပံပညာရှင်တို့က မြောက်ဝင်ရိုးစွန်းဝန်းကျင်ရှိရေခဲပြင်များသည် လာမည့်အနှစ် ၂၀ အတွင်း နွေရာသီတွင် ပျောက်ကွယ်သွားမည်ဟု ခန့်မှန်းကြသည်။

အန္တာတိကရေခဲပြင်အခြေအနေ

ရေခဲပြင် အရည်ပျော်မှုသည် မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင် သာမက တောင်ဝင်ရိုးစွန်း အန္တာတိတ်ဒေသတွင်လည်း ဖြစ်ပေါ်လျက် ရှိသည်။ ကမ္ဘာ့တောင်ဘက် အန္တာတိကတိုက်ရှိ ရေခဲပြင်သည် ဂရင်းလန်းရေခဲပြင်ထက် ၁၀ ဆခန့် ပိုကြီး၍ ထုထည်အားဖြင့် ကုဗမိုင် ၇ သန်းမျှ ရှိသည်။

အန္တာတိကရေခဲပြင်များ၏ အချို့အစိတ်အပိုင်းများသည် ကျယ်ပြန့်ချဲ့ကားလာပြီး ကုန်းမြေကို ကျော်လွန်ကာ ပင်လယ်ထဲသို့ တဖြည်းဖြည်း ထိုးထွက် ရောက်ရှိတတ်ကြသည်။ ပင်လယ်ရေထဲသို့ ရောက်သော်လည်း အေးလွန်းသော ရေထုကြောင့် အရည်ပျော် မသွားဘဲ ရေခဲအသွင်ဖြင့်ပင် ရေတွင် ပေါ်နေသည်ကို “ကမ်းစပ်ရေခဲပြင်များ”ဟုခေါ်ကြသည်။ ကမ်းစပ်ရေခဲပြင်များသည် ကုန်းပိုင်းရှိ ပင်မရေခဲပြင်ကြီး နှင့် အဆက်ပြတ်မသွားဘဲ “ရေခဲတံတား”များနှင့် ဆက်နေကြသည်။ ယင်းကမ်းစပ်ရေခဲပြင်များကို ကမ္ဘာပေါ်တွင် အန္တာတိကတိုက်အပြင် ဂရင်းလန်းကျွန်းနှင့် ကနေဒါနိုင်ငံတို့တွင်လည်း တွေ့နိုင်သည်။

မြင့်တက်လာနေသော အပူချိန်ကြောင့် လွန်ခဲ့သောအနှစ် ၂၀ အတွင်း အန္တာတိကတိုက်၏ တောင်အမေရိကတိုက်ဘက်သို့ ငေါထွက်နေသော ကျွန်းဆွယ်ရှိ ကမ်းစပ်ရေခဲပြင်ပေါင်း ၇ ခု အရည်ပျော် ဆုံးရှုံးခဲ့သည်။ ယင်းကျွန်းဆွယ်သည် မြန်ဆန်စွာပူနွေးလာလျက် ရှိရာ လွန်ခဲ့သောအနှစ် ၅၀ အတွင်း ၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် တက်ခဲ့သည်။ ကမ္ဘာ့ပျမ်းမျှထက်ခြောက်ဆမျှ ဖြစ်သည်။ ကမ်းစပ်ရေခဲပြင် အရည်ပျော်မှုဖြစ်စဉ်၌ ဦးစွာ ရေခဲပြင် ရှိ ရေခဲများ အတုံးလိုက် ပဲ့ထွက်သည်။ ထို့နောက် ရေခဲတံတားတစ်ခုလုံး အရည်ပျော်ပြီး ကမ်းစပ်ရေခဲပြင်နှင့် ကုန်းတွင်းရေခဲပြင်အကြား အဆက်ပြတ် သွားသည်။ ကျန်ရစ်သော ကမ်းစပ်ရေခဲပြင်မှ ရေခဲများ ဆက်လက် အရည်ပျော်၍ ပဲ့ထွက်ကာ ရေခဲတောင်များအဖြစ် မျောသွားပြီး နောက်ဆုံး ကမ်းစပ်ရေခဲပြင်တစ်ခုလုံး ပျောက်သွားသည်။ ၂၀၀၉ ခုနှစ် မတ်လအတွင်း က အထက်ပါကျွန်းဆွယ်ရှိ ကမ်းစပ်ရေခဲပြင်တစ်ခု လုံးဝအရည်ပျော် ပျက်စီးသွားပြီး အခြားနှစ်ခုမှာလည်း အရည်ပျော်နေသည်ကို တွေ့ရကြောင်း ပညာရှင်တို့က ကြေညာသည်။

ရေခဲပြင်အရည်ပျော်ပုံဗီဒီယိုသရုပ်ဖော် ရှုစားရန်

ကမ်းစပ်ရေခဲပြင်များ ပျောက်ကွယ်ခြင်းသည် ပုလင်းအဝတွင် ဖော့ဆို့မရှိတော့သည့် သဘောနှင့် အလားတူသည်။ ကုန်းတွင်းရေခဲပြင်များသည် မိမိတို့၏ထိပ်တွင် ကမ်းစပ်ရေခဲပြင် ခံနေခြင်းမရှိတော့သဖြင့် ပင်လယ်ထဲသို့ အယင်ကထက် ပိုမိုလွယ်ကူစွာ တိုးထွက်လာနိုင်ကာ အရည်ပျော်သွား နိုင်သည့် အန္တရာယ် ရှိနေသည်။

တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်စဉ်

နွေရာသီတွင် အရည်ပျော်သော ရေခဲပြင်များ သမုဒ္ဒရာများဆီသို့ စီးဝင်သော ရေများ၏ အနွေးဓာတ်သည် သမုဒ္ဒရာများထဲတွင် စုပုံလာပြီး ဆောင်းဦးရာသီ အရောက်တွင် ရေပြင်အပေါ်ပိုင်းရှိ လေထုကို ပူနွေးလာစေသည်။ ထို့ကြောင့် နဂိုက နွေးနေသော လေထုကို ဆင့်ကဲချဲ့ကား အပူတိုက်သကဲ့သို့ ဖြစ်ကာ ဝင်ရိုးစွန်း ဒေသများကို ပိုမိုမြန်ဆန်စွာပူလာအောင်ဖန်တီးနေသည်။ ထို့ပြင် ရေခဲပြင်များ အရည်ပျော် လျော့နည်းလာမှု သည် ကမ္ဘာ့မျက်နှာပြင်၏ ရောင်ပြန်ဟပ်နိုင်စွမ်းကို လျော့နည်းစေသဖြင့် ရာသီဥတု ကို ပိုပူလာအောင် အားပေးလျက် ရှိသည်။

အရာဝတ္ထုတစ်ခုပေါ်သို့ နေရောင်နှင့် အခြားရောင်ခြည်များ ကျရောက်လျှင် အလင်းရောင်အချို့ကို ယင်း ဝတ္ထုက စုပ်ယူလိုက်ပြီး အချို့သည် ဝတ္ထု၏မျက်နှာပြင်ကိုရိုက်ခတ်၍ ပြန်ကန်ထွက်လာသည်။ အရောင်ရင့် မျက်နှာပြင်များသည် အလင်းရောင်ကို စုပ်ယူနိုင်အားကောင်းကြပြီး အဖြူရောင်နှင့် အခြား အရောင်နုများသည် အလင်းစုပ်ယူနိုင်စွမ်းအားနည်းကာ အလင်းအများအပြားကို ပြန်ကန်ထွက်စေသည်။ အနက်ရောင် အဝတ်အစားဝတ်ထားသောအခါများတွင် အနက်ရောင်သည် အလင်းကိုစုပ်ယူသဖြင့် ပူသည်ကို ခံစားရပြီး အဖြူကို ဝတ်ထားလျှင်မူ အနက်ရောင် ဝတ်စဉ်ကထက် အပူသက်သာကြောင်း တွေ့နိုင်သည်။

မျက်နှာပြင်တစ်ခုကို လာရောက် ရိုက်ခတ်သော ရောင်ခြည်ကို ယင်းမျက်နှာပြင်က ရောင်ပြန် ဟပ်ထုတ်နိုင်သည့် ပမာဏအား တိုင်းတာသည့် ယူနစ်ကို အယ်လ်ဘီဒို(albedo)ဟု ခေါ်သည်။ မျက်နှာပြင် တစ်ခု၏ အယ်လ်ဘီဒိုတန်ဖိုးသည် ၁ ဖြစ်လျှင် ယင်းမျက်နှာပြင်သည် လာရောက် ရိုက်ခတ်သမျှ အလင်းရောင် အားလုံးကို ပြန်ဟပ်ထုတ်နိုင်စွမ်း ရှိသည်။ အယ်လ်ဘီဒိုတန်ဖိုးသည် ၀ ဖြစ်လျှင်မူ ယင်းမျက်နှာပြင်သည် လာရောက် ရိုက်ခတ်သမျှ အလင်းရောင်အားလုံးကို စုပ်ယူလိုက်သည်။

ဆီးနှင်းနှင့်ရေခဲပြင်များသည် နေရောင်ကို ရောင်ပြန်ဟပ်ထုတ်နိုင်စွမ်း ကောင်းကြပြီး အယ်လ်ဘီဒိုတန်ဖိုး ၀ ဒသမ ၈ မှ ၀ ဒသမ ၉ အထိ ရှိကြသည်။ သို့သော် ကမ္ဘာ့အပူချိန်မြင့်တက်လာ၍ ရေခဲပြင်အရည်ပျော်မှု များလာသောအခါ အောက်ခံမြေသား ပေါ်လာသည်၊ ပင်လယ်ရေပြင်ဧရိယာ များလာသည်။ ပေါ်လာသော မြေသားနှင့် ရေပြင်တို့သည် ရေခဲပြင်ကဲ့သို့ ရောင်ပြန်ဟပ်အား မကောင်းတော့ဘဲ စုပ်ယူအားသာ များသည်။ အယ်လ်ဘီဒိုတန်ဖိုး လျော့နည်းလာသည်။ ဤတွင် မျက်နှာပြင်သည် ပိုမိုပူလာလျက် လက်ကျန်ရေခဲပြင်ကို ထပ်၍အရည်ပျော်စေသည်။ ယင်းဖြစ်စဉ်သည် ကနဦး ပေါ်ပေါက်သော အပူဓာတ်ကြောင့် ဖြစ်ထွန်းလာသော အခြေအနေက အပူ ဓာတ် ပို၍များလာအောင် တုံ့ပြန်ခြင်းဖြစ်၍ “ထပ်တိုး သက်ရောက် တုံ့ပြန်မှု(positive feedback)သံသရာ”ဟုခေါ်သည်။

ရေခဲပြင်အရည်ပျော် မှု၏ “ထပ်တိုး သက်ရောက်တုံ့ပြန်မှုသံသရာ” ကြောင့် ကမ္ဘာ့ မျက်နှာပြင် အချို့အစိတ်အပိုင်းများ၏ အယ်လ်ဘီဒိုတန်ဖိုး ကျဆင်းလာနေခြင်းသည် ပူနွေးကမ္ဘာအတွက် ထိတ်လန့်ဖွယ် ကောင်းလှ သည်။

One thought on “အရည်ပျော်ရေခဲပြင်များ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s