ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုတွင်းသို့တိုးတက်ရောက်ရှိလာခြင်း၏ တိုက်ရိုက် အကျိုးဆက်မှာ လေထုတွင်း သဘာဝဖန်လုံအိမ်အာနိသင် တိုးမြင့်လာခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်သည် သဘာဝကြောင့် ဖြစ်ပေါ်နေသော အလောတော်ကမ္ဘာ့ပျမ်းမျှအပူချိန်ကို မြင့်တက်လာစေလျက် ရှိသည်။
စက်မှုတော်လှန်ရေးခေတ်မတိုင်မီက ကမ္ဘာ့အပူချိန်နှင့် ယင်းအချိန်နောက်ပိုင်း ကမ္ဘာ့အပူချိန်တို့ကို နှိုင်းယှဉ် လေ့လာလျှင် လူတို့ကြောင့် ပေါ်ပေါက်သော ထပ်ဆောင်းဖန်လုံအိမ်အာနိသင်၏ သက်ရောက်မှုကို ထင်ရှားစွာ တွေ့နိုင်သည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ ဆယ်နှစ်လျှင် ပျမ်းမျှ ၀ ဒသမ ၁၅ ဒီဂရီ စင်တီဂရိတ် နှုန်းဖြင့် မြင့်တက်နေခဲ့ရာ ၂၀ ရာစုပျမ်းမျှအပူချိန်သည် ၆၀ . ၄ ဒီဂရီဖာရင်ဟိုက်(၁၅ . ၈ ဒီဂရီစင်တီဂရိတ်)ဖြစ်ကြောင်း အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုလေ့လာရေးအဖွဲ့ NOAA (National Oceanic and Atmospheric Administration) က ဆိုသည်။
ယင်းအဖွဲ့ကပင် ၂၀၂၀ ဇူလိုင်လ၏အပူချိန်သည် ၂၀ ရာစုပျမ်းမျှထက် ၁ . ၆၇ ဒီဂရီ ဖာရင်ဟိုက်(၀ . ၉၃ ဒီဂရီစင်တီဂရိတ်)တက်ခဲ့သဖြင့် အမြင့်ဆုံးအပူစံချိန်ဖြစ်သည်ဟု ထုတ်ပြန်သည်။
အပူချိန်တက်နေမှု၏ သာဓကများမှာ အပူလှိုင်း ဖြစ်ပေါ်မှု များလာခြင်း၊ တောမီးလောင်မှု နေရာပို၍များလာ၊ အကြိမ်ပို၍စိပ်လာခြင်း ဖြစ်သည်။ သမပိုင်းဒေသဖြစ်သော အမေရိကန်နိုင်ငံ အော်ရဂန်နှင့် ဝါရှင်တန်ပြည်နယ်တို့တွင်ပင် တောမီးများ အကြီးအကျယ်လောင်ခဲ့သည်။
ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း
လေထုအပူချိန်ကို သာမိုမီတာများဖြင့် တိုင်းတာမှုသည် ၁၆၅၉ ခုနှစ်ကတည်းက ရှိခဲ့ပြီး ဥရောပနှင့် အမေရိကန်တွင် ၁၇၀၀ ပြည့်နှစ်လွန်ချိန်မှစ၍ ကျယ်ပြန့်လာသည်။ ထိုစဉ်က တည်ထောင်ခဲ့သည့် အချို့သော မိုးလေဝသစခန်းများသည် ယနေ့တိုင် အလုပ်လုပ်နေဆဲ ဖြစ်ရာ အင်္ဂလန် အလယ်ပိုင်းရှိ စခန်းအချို့သည် နေ့စဉ်မိုးလေဝသအချက်အလက်များကို ၁၇၇၂ ခုနှစ်မှယနေ့တိုင် စဉ်ဆက်မပြတ် တိုင်းတာ ထားရှိနိုင်သည်။ ကမ္ဘာ့ဒေသအလုံးစုံကို ခြုံငုံမိသော တိုင်းတာချက်များမှာ ၁၈၈၀ ပြည့်နှစ်မှ အစပြုခဲ့သည်။
အပူချိန်တိုင်းတာရေးစံများ
ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တွက်ရာတွင် မှန်ကန်တိကျသောပျမ်းမျှအပူချိန်ကိုရရန် ကမ္ဘာ့မိုးလေဝသအဖွဲ့က သတ်မှတ်ပေးထားသည့် စံချိန်စံညွှန်းများအတိုင်းလုပ်ရန် လိုအပ်သည်။ ဥပမာ အပူချိန်သည် အမြင့်ပေါ် မူတည်၍ ပြောင်းသည့်အတွက် စခန်းရှိ သာမိုမီတာသည် မြေပြင်မှ ၁ ဒသမ ၂၅ မီတာနှင့် ၂ မီတာ (၄၉ လက်မနှင့် ၇၉ လက်မ)အတွင်း ထားရှိရသည်။ သာမိုမီတာကို နေရောင်မစုပ်နိုင်သည့် အဖြူရောင် သေတ္တာတွင်း၌ထားရမည်။ လေဝင်လေထွက် ကောင်းစေရန် တရုတ်ကတ် သို့မဟုတ် အခြား လေစုပ်ကိရိယာ တပ်ထားရသည်။
ပျမ်းမျှအပူချိန်ကို တွက်ချက်လျှင် မိုးလေဝသစခန်းများကို ကမ္ဘာအနှံ့တွင် တညီတညာတည်း ဖြန့်ကြက်ထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် ထိုသို့ထားရှိရန် လက်တွေ့တွင် မဖြစ်နိုင်၍ အခြေအနေပေးသည့် နေရာများတွင်သာ ထားရှိရသည်။
ကမ္ဘာ့အပူချိန်ကို တိုင်းတာရာတွင် သမုဒ္ဒရာရေထု၏အပူချိန်ကိုလည်း ထည့်သွင်းတွက်ချက်သည်။ ရေပြင်ပေါ် အစဉ်အမြဲ ချထားသောတိုင်းတာရေးစခန်းများ မရှိသော်လည်း အချက်အလက်များကို ရေပြင်အနှံ့သွားနေသည့် သင်္ဘောများ၊ အာကာသထဲရှိ ဂြိုဟ်တုများမှ ရရှိသည်။ ရေပြင်နှင့် လေထုတို့သည် ထိစပ်နေကြရာ ရေပြင်၏ အပူချိန်ကိုရလျှင် ယင်းနှင့် ထိစပ်နေသော လေထုအပူချိန်ကို အနီးစပ်ဆုံး ရတော့သည်။
ထိုသို့ ခက်ခဲသော၊ ပြောင်းလဲနေသော အခြေအနေ အမျိုးမျိုးကြားမှ နှစ်တစ်နှစ်အတွက် ရရှိသော အပူချိန် တိုင်းတာချက်ပေါင်းများစွာကို စာရင်းအင်းပညာ၊ ကွန်ပျူတာစသည့် နည်းပညာများဖြင့် ချိန်ညှိကာ ကမ္ဘာ့ ပျမ်းမျှ အပူချိန်ကို ထုတ်ယူတွက်ချက်ကြသည်။ ယခုအခါ အဓိက သုံးနေရာတို့က ကမ္ဘာ့ပျမ်းမျှ အပူချိန်များကို တွက်ချက်ထုတ်ပြန်ပေးနေရာ ယင်းတို့မှာ အင်္ဂလန်နိုင်ငံရှိ အရှေ့အင်ဂလီယာတက္ကသိုလ်University of East Anglia၊ အမေရိကန်အာကာသအဖွဲ့အစည်း(နာဆာ)၏ အောက်ရှိ ဂေါဒတ် အာကာသ လေ့လာရေးဌာနNASA Goddard Space Flight Center နှင့် အမေရိကန်အမျိုးသား သမုဒ္ဒရာနှင့် လေထုလေ့လာရေး အဖွဲ့NOAA (National Oceanic and Atmospheric Administration)တို့ ဖြစ်ကြသည်။
အပူချိန်အပြောင်းအလဲ
ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်လျှင် ကမ္ဘာ့အပူချိန် ယခုမည်ရွေ့မည်မျှ ရှိနေသည်ကို ဖော်ပြသည့် ပကတိကိန်း(absolute value)ထက် လွန်ခဲ့သောနှစ်ကာလတစ်ခုအတွင်း(ဥပမာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း) ဖြစ်ပေါ်ခဲ့သောပျမ်းမျှအပူချိန်ထက် ယခုနှစ် ယခုလ မည်မျှတက်ခဲ့သည် ကျခဲ့သည်တို့ကို ညွှန်းဆိုသည့် သွေဖည်ကိန်း(anomaly)ဖြင့် ဖော်ပြကြသည်။
အကြောင်းမှာ ပကတိကိန်း(ပကတိအပူချိန်)သည် တိုင်းတာရေးစခန်းများ၏ အရေအတွက်နှင့်တည်နေရာ (အနိမ့်အမြင့်၊ မြို့ပြနှင့်အနီးအဝေးစသည်)တို့ကြောင့် ဒေသတစ်ခုလုံးခြုံငုံဖြစ်ပေါ်နေသောအပူချိန်ကို တိကျစွာ မဖော်ထုတ်နိုင်ဘဲ သွေဖည်ကိန်းသည်မူ အထက်ပါအချက်များ၏သက်ရောက်မှု များစွာနည်းပါးသဖြင့် အပူချိန်ပြောင်းလဲမှုကို ပကတိကိန်းထက် ပိုမိုတိကျစွာ ပြဆိုနိုင်သောကြောင့် ဖြစ်သည်။
ဤဆောင်းပါအစပိုင်းတွင်ဖော်ပြထားသောအပိုဒ်ကို ပြန်ကြည့်လျှင် ၂၀ ရာစုနှစ်၏ ပျမ်းမျှကမ္ဘာ့အပူချိန် ၆၀ . ၄ ဒီဂရီဖာရင်ဟိုက်(၁၅ . ၈ ဒီဂရီစင်တီဂရိတ်)သည် ပကတိကိန်းဖြစ်သည်။ ယင်းပကတိကိန်းထက် မြင့်မားသော ၂၀၂၀ ဇူလိုင်လ၏ အပူချိန် ၁ . ၆၇ ဒီဂရီဖာရင်ဟိုက်(၀ . ၉၃ ဒီဂရီစင်တီဂရိတ်)သည် သွေဖည်ကိန်းဖြစ်သည်။
ပူးတွဲပါ ဂရပ်မျဉ်းသည် ၁၈၈၀ ပြည့်နှစ်မှ ၂၀၂၁ အထိ အပူချိန်တက်လာမှု သွေဖည်ကိန်းများကို ဖော်ပြသည်။

ရေပါလိုက်ပူ
အပူချိန် တက်မှုသည် လေထုတွင်း၌သာမဟုတ်၊ ရေထုတွင်းသို့ပါ ကူးစက် ရောက်ရှိနေသည်။ ပြောင်းလဲ လာနေသော သမုဒ္ဒရာရေထုအပူချိန်နှင့် ရေစီးကြောင်းတို့ကြောင့် ကမ္ဘာ့ငါးနှင့်ရေသတ္တဝါမျိုးစိတ် ထောင်နှင့် ချီ၍ ပို၍အေးသောဝင်ရိုးစွန်းအရပ်များသို့ ဦးတည်ပြောင်းရွှေ့သွားမည်ဖြစ်၍ ဒေသအများအပြားတွင် ငါးဖမ်းမိနှုန်း အကြီးအကျယ် လျော့နည်းသွားနိုင်သည်။
အတ္တလန်တိတ် သမုဒ္ဒရာ၏ အမေရိကန်ဘက် ကမ်းရိုးတန်းတွင် ခေါ့ဒ်ခေါ် ငါးကြီးဆီ ထုတ်ပေးသည့် ငါးဖမ်းမိမှု ၂၀၅၀ ပြည့်နှစ်တွင် ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းနိုင်သည်။ အချို့သော မျိုးစိတ်များသည် ပတ်ဝန်းကျင်အသစ်တွင် လိုက်လျောညီထွေမနေနိုင်ပါက သေဆုံးမျိုးတုံးကြမည့် အန္တရာယ်လည်း ရှိသည်။ ငါးမျိုးစိတ်များ အပူပိုင်းနှင့် သမပိုင်းမှ အအေးပိုင်းသို့ ပြောင်းရွှေ့မှုကြောင့် အာဖရိက၊ အာရှနှင့် တောင်အမေရိကတိုက် ၃၃ နိုင်ငံရှိ ငါးဖမ်း လုပ်ငန်းများ အကြီးအကျယ် ထိခိုက်မည်။ ယင်း ၃၃ နိုင်ငံတို့တွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံးဟု ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် နိုင်ငံ ၁၉ နိုင်ငံ ပါဝင်သည်။ သို့သော် အအေးပိုင်းဒေသနေ တံငါများမှာ ယင်းဖြစ်စဉ်ကြောင့် ငါးဖမ်းမိနှုန်း ပိုလာမည် ဖြစ်၍ အမြတ်ထွက်ကြမည်။
3 thoughts on “တောက်လျှောက်တက်လာနေသောကမ္ဘာ့အပူချိန်”