
ဇလဘူမိပညာရှင်ဦးမြင့်သိန်းက ရန်ကုန်တွင် အဝီစိတွင်းပေါင်း နှစ်သိန်းခန့်ရှိသည်ဟု ခန့်မှန်းသည်။ မြို့လယ် တိုက်ကြိုတိုက်ကြား မြေညီထပ်မီးဖိုခန်းရှိတွင်းများမှစကာ မြို့သစ်များရှိ ပေ ၄၀ ခြား၊ အချို့နေရာများတွင် ပေ ၂၀ ခြားရှိသည့်တွင်းများကိုပါ စဉ်းစားလျှင် ဦးမြင့်သိန်းမှန်းတာ မှန်သည်ဟုထင်၏။
တစ်တွင်းတစ်ရက်ဂါလန် ၃၀၀ ထုတ်လျှင် တွင်းပေါင်းနှစ်သိန်းမှ တစ်ရက် ရေဂါလန်သန်း ၆၀ ထွက်သည်။ အချို့အိမ်သုံးတွင်းများသည် တစ်ရက် ဂါလန်ထောင်ချီ၊ အချို့စက်ရုံအလုပ်ရုံတွင်းများသည် တစ်ရက်ဂါလန် သောင်းချီထုတ်နေကြသောကြောင့် စုစုပေါင်းထုတ်သုံးသည့်ပမာဏ ဂါလန်သန်း ၆၀ ထက် မလျော့နိုင်၊ ပိုဖို့ပဲရှိသည်။
လျှော့ပေါ့ကိန်းတစ်ရက်ဂါလန်သန်း ၆၀ သည် တစ်လဂါလန်သန်း ၁၈၀၀၊ ခုနစ်လဆိုလျှင် ဂါလန်သန်း ၁၂၀၀၀ ကျော်ဖြစ်သည်။ ယင်းကိန်းဂဏန်းသည် ရန်ကုန်သို့ရေပေးနေသောကန်ကြီးလေးကန်အနက် အငယ်ဆုံးလှော်ကားကန်ထဲရှိ ရေပြည့်ပမာဏနှင့်ညီသည်။
တစ်နည်းဆိုရလျှင် ရန်ကုန်သားတို့သည် ခုနစ်လကြာတိုင်း လှော်ကားကန်တစ်ကန်စာနှင့်ညီမျှသည့် မြေအောက်ရေများကို ထုတ်သုံးနေကြသည်။ ဤနည်းအတိုင်း ဆက်တွက်လျှင် နှစ်နှစ်သုံးလ(၂၇ လ)ကြာတိုင်း ရန်ကုန်ရေပေးရေး၏ အကြီးဆုံးကန်ဖြစ်သည့် ငမိုးရိပ်ကန်တစ်ကန်စာနှင့်ညီမျှသော မြေအောက်ရေများကို ထုတ်သုံးနေကြကြောင်း သိနိုင်သည်။
၁၉၅၀ နှစ်များ၊ အလွန်ဆုံး ၁၉၆၀ နှစ်များလောက်အထိတော့ မိုးရေ ပုံမှန်စိမ့်ဝင်နေ၍ ရန်ကုန်မြေအောက်ရေအဝင်အထွက်မျှခဲ့သည်ဟုထင်သည်။ ၁၉၈၀ နောက်ပိုင်း အပြိုင်းအရိုင်းပေါ်လာသည့် အဆောက်အအုံများ၊ ကွန်ကရစ်နှင့်ကတ္တရာပြင်များကြောင့် ရေစိမ့်ဧရိယာ နည်းသွားသည်။ အကျိုးဆက်အဖြစ် ရန်ကုန်ရှိ တွင်းတိုင်းလိုလိုရေနည်းသွားကြသည်ကိုတော့ အားလုံးသိပြီး ဖြစ်သည်။ ဘယ်လောက်ဝင်၍ ဘယ်လောက်ထွက်နေသလဲ၊ တိကျသော မှတ်တမ်းမှတ်ရာများ မရှိပါ။
မြေအောက်ရေဝင်ပမာဏကို ခန့်မှန်းကြည့်ပါမည်။
ရန်ကုန်တွင် ယခုနှစ်မိုး ၉၃ လက်မရွာမည်ဟု ယူဆသည်။ ရန်ကုန်ဧရိယာ စတုရန်းမိုင် ၂၃၀ အနက် မိုးရေ စိမ့်ဝင်နိုင်သောဧရိယာက ၂၅ ရာခိုင်နှုန်း ဖြစ်လျှင် ၅၇ .၅ စတုရန်းမိုင်ပေါ် ရွာကျသော မိုးရေများသည်သာ မြေအောက်သို့စိမ့်ဝင်နိုင်သည်။
ယင်းအကျယ်အဝန်းပေါ်ကျသည့်မိုးရေသည် အကုန်စိမ့်မဝင်။ သဘာဝမြေသားပင်ဖြစ်သော်လည်း စိမ့်ဝင်မှုအနည်းအများကွာသေးသည်။ တစ်ဖန် မိုးသည်းလျှင် စိမ့်ဝင်တာနည်းပြီး မိုးဖွဲဖွဲရွာလျှင် စိမ့်ဝင်တာများသည်။ ရွာကျပမာဏ၏ ၂၀ ရာခိုင်နှုန်းစိမ့်ဝင်သည်ဆိုပါစို့။
အထက်ပါအချက်တို့ဖြင့် ချတွက်လိုက်သောအခါ ရန်ကုန်တွင်မြေအောက်သို့ မိုးရေဂါလန်ပျမ်းမျှတစ်ရက် ၅၁ သန်းခန့်စိမ့်ဝင်သည်ဟု ခန့်မှန်းအဖြေကို ရသည်။ (ချောင်းရေ ကန်ရေ စွန့်ပစ်ရေတို့ မြေအောက်စိမ့်ဝင်နိုင်သော်လည်း မိုးရေကိုသာ တွက်သည်။)
အထွက်ထက်အဝင်က ပျမ်းမျှတစ်ရက်ဂါလန်ကိုးသန်းနည်းနေသည်။ စနစ်တကျ သုတေသနလုပ်ခြင်း မဟုတ်သော်လည်း အနီးစပ်ဆုံးဖြစ်နိုင်ခြေကို စဉ်းစားတွက်ချက်ခြင်းကြောင့် အများကြီးတော့မလွဲနိုင်ဟု ထင်သည်။ (စွမ်းနိုင်သူများ သုတေသနစာတမ်းတစ်ခုပြုစုဖို့ကောင်းသည်)
လက်တွေ့တွင်လည်း ရန်ကုန်မြေအောက်ရေပြင်ကျဆင်းနေသည်ကို အားလုံးသိကြသည်။
ဘာလုပ်ကြမည်နည်း။
မြေအောက်ရေလျှော့သုံးခိုင်းမည်လော၊ အောင်မြင်ဖို့ခက်ခဲပါမည်။ အရေးယူမှု အလွန်အားနည်းသောနိုင်ငံဖြစ်၍ မြေအောက်ရေဥပဒေ ထွက်လာသည့်တိုင်အောင်မှ တကယ်လျှော့သုံးအောင် ကြီးကြပ်ဖို့မလွယ်ပါ။ ပညာပေးစည်းရုံးလျှင် စိတ်လိုလက်ရလိုက်လုပ်သူအချို့တော့ရှိလိမ့်မည်။
နိုင်ငံအများအပြားတွင်တော့ ပညာပေးခြင်း၊ အရေးယူခြင်းတို့အပြင် လျော့နည်းသွားသောမြေအောက်ရေ၏ နေရာတွင် မိုးရေ မြစ်ရေတို့ဖြင့်ပြန်ဖြည့်ကြသည်။ Managed Aquifer Recharge, Artificial Recharge ဟု ခေါ်ကြသည်။
မြန်မာတွင် ကိုယ့်ခြံကိုယ့်ဝင်းထဲတစ်နိုင်တစ်ပိုင်လုပ်နေသူတွေရှိသည်။ ကျယ်ကျယ်ပြန့်ပြန့်လုပ်တာ မရှိသေး။ ဇလဘူမိပညာရှင်များ၊ အင်ဂျင်နီယာများ၏အားကိုယူ၍ အကောင်အထည်ဖော်လျှင် မဖြစ်နိုင်စရာမရှိပါ။ လုပ်ရင်ရမှန်းသိဖို့ပဲ လိုပါသည်။