မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း

လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀၀ ခန့်အထိ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဟူ၍ မရှိခဲ့ဘဲ ဧရာဝတီမြစ်ဝသည် ပြည်မြို့နေရာတွင် တည်ရှိခဲ့သည်။၊ နောက်ပိုင်းတွင် ယင်းနေရာ အောက်ပိုင်း၌ သဲခုံကြီးများ ပေါ်ထွန်းလာသည်၊ တွံတေး မြောင်းမြနှင့် ပုသိမ်မြို့ ဖြစ်လာမည့် နေရာများသည် ပင်လယ်ထဲက ကျွန်းများ အသွင်ဖြင့် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်၊ ယခု ပဲခူး ဟင်္သာကုန်းသည် ဗုဒ္ဓဘုရားရှင် ပွင့်ပေါ်ချိန် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ၃၀၀၀ ခန့်က ပင်လယ်ထဲက ကျွန်းကလေး တစ်ကျွန်း ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဖြစ်တည်လာပုံ အဆင့်ဆင့် (ဒေါက်တာအုန်းမြင့်ထံမှ ရရှိသည်)

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေစီးတွင် ပါလာသော နုန်းနှင့်သဲများ ဖြည်းဖြည်းချင်း စုပုံ အနည်ထိုင်လာရင်း နှစ်ပေါင်း များစွာ ကြာသောအခါ ယနေ့ မြင်တွေ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဖြစ်လာသည်ဟု ဘူမိမှတ်တမ်းများအရ သိရသည်။

မြစ်ဝကျွန်းပေါ်တစ်ခုဖြစ်တည်လာပုံ

မြစ်ဝကျွန်းပေါ်တစ်ခုဖြစ်တည်လာပုံဗီဒီယိုရှုစားရန်(ကြာချိန် ၁ မိနစ် ၉ စက္ကန့်) Click here

နုန်းနှင့် သဲများကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဖြစ်ထွန်းလာခဲ့ရာမှ လက်ရှိအချိန်တွင် နုန်းပြင်ကြီးသည် ပင်လယ်ထဲသို့ မိုင်ပေါင်းများစွာ ထိုးထွက်နေကြောင်း အောက်ပါပုံတွင် မြင်နိုင်သည်။

The Moderate Resolution Imaging Spectroradiometer (MODIS) aboard NASA’s Aqua satellite

ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ဂြိုဟ်တုမှဗီဒီယိုရိုက်ချက် ရှုစားရန်

စုပုံလာသော နုန်းနှင့် သဲများ၏ ပမာဏ မည်မျှများပြားကြောင်း ဆည်မြောင်း အင်ဂျင်နီယာများ ကိုယ်တွေ့ သိရှိကြရာ ဆည်မြောင်းညွှန်မှူး(ငြိမ်း)ဦးအေးမြင့်က သထုံဘက်တွင် တာဝန်ကျစဉ် သူ့အတွေ့အကြုံကို အောက်ပါအတိုင်း မျှဝေထားသည်။

နွေစပါး စိုက်နိုင်ရေးအတွက် မိုးကုန်ကတည်းက ချောင်းတွေ မြစ်ငယ်လေးတွေ ပိတ်၊ တာတမံ တုတ်ပြီး မိုးရေ စုဆောင်းသိုလှောင်ရတယ်။ အဲဒီမိုးရေနဲ့ နွေစပါးစိုက်ပြီးတော့ နောက်မိုး မလာမီ ရေစီးရေလာအတွက် ချောင်းကို ပြန်ဖွင့်ပေးကြရတယ်၊ ပြန်ဖွင့်ချိန်မှာ တမံနဲ့ကပ်လျက် ချောင်းထဲမှာ တစ်နွေလုံး စုပုံလာခဲ့တဲ့ နုန်းတွေဟာ ချောင်းဘေး ဝဲယာက လယ်တွေနဲ့အညီ ကမ်းတိုက်နီးနီး ပိတ်ဆို့ တင်ကျန်နေတာကို တွေ့ရတယ်။ အဲဒီနုန်းတွေက မိုးတွင်းတွေမှာ စစ်တောင်းမြစ်ရိုးအတိုင်း စီးဆင်းလာခဲ့ပြီး ပင်လယ်ဝနား ရောက်နေတဲ့ နုန်းတွေ ဖြစ်တယ်၊ ပင်လယ်ဒီရေနဲ့ ပြန်ပါလာပြီး တမံရဲ့ အောက်မှာ လာပုံနေတာ။ ချောင်းပြန်ဖွင့်အပြီး မိုးရာသီ ရောက်ချိန် အပေါ်ရေ ဆင်းလာမှ နုန်းတွေ ရေစား မျောပါသွားပြီး ချောင်းလုံး ပြန်ပေါ်တယ်။ မိုးတွင်း ဇွန်လ ဇူလိုင်လကုန်လောက်မှ ချောင်းပြင်တစ်ခုလုံး နုန်းကင်းစင်ပြီး ပွင့်သွားတာ နှစ်စဉ်တွေ့ခဲ့ရဖူးပါတယ်။

ဦးအေးမြင့်တွေ့ခဲ့သော စစ်တောင်းမြစ်၏အစိတ်အပိုင်းတစ်ခုတွင်ပင် နုန်းပမာဏအလွန်များလှရာ စစ်တောင်းမြစ်တစ်ခုလုံးဆိုလျှင် မည်မျှများပြားကြောင်း မှန်းဆကြည့်နိုင်ပါသည်။

ပူးတွဲပုံသည် အမြင့်မိုင် ၂၄၀ ခန့်၌ ပျံသန်း နေသည့် နိုင်ငံတကာ အာကာသ စခန်း (International Space Station (ISS)) ရှိ ယာဉ်မှူးတစ်ဦးက ၂၀၁၉ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဧရာဝတီနှင့်စစ်တောင်းမြစ်ဝများအား ရိုက်ယူခဲ့သည့်ပုံများ ဖြစ်သည်။

ဤပုံ၌လည်း ပင်လယ်ထဲသို့ မိုင်ပေါင်းများစွာ ထိုးထွက်နေသော နုန်းပြင်ကြီးကို မြင်နိုင်သည်။

နေရောင်က ကင်မရာရှိရာသို့ ရောင်ပြန်ဟပ်နေသော အပိုင်းကို တောက်ပစွာ မြင်ရသည်။ ထိုသို့ တောက်ပနေမှ ကမ်းရိုးတန်း အခြင်းအရာများကို ကောင်းစွာ မြင်ရသဖြင့် ကင်မရာကို တမင်တကာ ချိန်ရွယ်ရိုက်ထားခြင်း ဖြစ်သည်။

MODIS Science Team ၏ ခန့်မှန်းချက်အရ ဧရာဝတီ၊ စစ်တောင်းနှင့် သံလွင်မြစ်များမှ တစ်နှစ်လျှင် နုန်းအနည် တန်ချိန် သန်း ၃၅၀ ခန့် မုတ္တမ ပင်လယ်ကွေ့ ရေထုထဲသို့ ဝင်ရောက်နေသည်ဟု ဆိုသည်။ Virginia Institute of Marine Science, United States မှ Courtney K. Harris ဦးဆောင်သော ပညာရှင်များကမူ တစ်နှစ်လျှင် နုန်းအနည် တန်ချိန် ၄၈၅ သန်း ဝင်ရောက်သည်ဟု ခန့်မှန်းသည်။

ပုံ၌ စိတ်ဝင်စားဖွယ်အချက်နှစ်ခုရှိသည်။

ပထမအချက်မှာ ဧရာဝတီမြစ်တွင် မြစ်ဝကျွန်းပေါ်ရှိပြီး စစ်တောင်းမြစ်၌ မြစ်ဝကျွန်းပေါ် မရှိပေ။

မြစ်တစ်စင်းသည်-

၁-ရေစီးနှေးပြီး ပုံမှန် စီးနေမှ နုန်းများ အနည်ထိုင်ပြီး မြစ်ဝကျွန်းပေါ် ဖြစ်တည်လာမည်။

၂-မြစ်ဝ၌ လှိုင်းထန်လျှင် မြစ်ဝကျွန်းပေါ် မရှိနိုင်။

၃-မြစ်ဝ၌ ဒီရေအားကောင်းလျှင် မြစ်ဝကျွန်းပေါ် မရှိနိုင်။

စိတ်ဝင်စားဖွယ် အခြားတစ်ချက်အဖြစ် ဧရာဝတီနှင့် စစ်တောင်းမြစ်များမှ ပို့ချသော နုန်းအနည်များ ကမ်းရိုးတန်းမှ မိုင်ပေါင်းများစွာ ဝေးသော ရေအောက်ကြမ်းပြင်အထိ ရောက်ရှိနေသည်ကို တွေ့နိုင်သည်။

ယင်းအနည်များ တဖြည်းဖြည်း များလာရင်း နောင်နှစ်ပေါင်း သိန်းသန်း ကြာသောအခါ ကုန်းမြေအသစ်များ အဖြစ် ပေါ်ထွက်လာစရာ အကြောင်း ရှိသည်။ ထိုသို့ကုန်းမြေအသစ် အဖြစ် ပေါ်ထွက်လာနိုင်သောကြောင့် ယင်းနေရာကို Prodelta ဟု ခေါ်သည်။ “မြစ်ဝကျွန်းပေါ် လောင်းလျာ”ဟု ပြန်ဆိုနိုင်မည် ထင်သည်။ ပုံတွင် 7 ပြထားသော အပိုင်းဖြစ်သည်။

အနည်ပို့ချမှုကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ကျယ်ပြန့်လာမှု အခြေအနေကို လေ့လာချက် အချို့ ရှိသည်၊ စာတမ်းတစ်ခု (ကိုးကား-၂) တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်သည် တစ်နှစ်လျှင် ပျမ်းမျှ ၁၀ . ၄ မီတာနှုန်းဖြင့် ပြန့်ကားလာနေသည်ဟု ဖော်ပြထားသည်၊ အခြားစာတမ်း တစ်ခု (ကိုးကား-၃) ကမူ အနည်ပို့ချ၍ ဧရာဝတီ မြစ်ဝကျွန်းပေါ် ကြီးထွားလာနေမှုနှင့် တိုက်စားခံရခြင်းကြောင့် မြေသား ဆုံးရှုံးနေမှုတို့ မျှခြေတွင် ရှိနေသည်ဟု ဆိုသည်၊ အခြား လေ့လာချက်တစ်ခု အရ ဧရာဝတီ မြစ်ဝကျွန်းပေါ်သည် တစ်နှစ်လျှင် ၄၆ မီတာနှင့် ၆၁ မီတာကြား ရှေ့တိုးလာနေသည်ဟု သိရသည်။ အလားတူ စစ်တောင်းမြစ်ဝတွင်လည်း မြစ်ဝကျွန်းပေါ် တစ်ခု ဖြစ်လာနိုင်ချေ ရှိသည်ဟု ဆိုနိုင်သည်။

သို့သော် မြစ်ဝကျွန်းပေါ် ပေါ်ထွန်းခြင်းသည် နှစ်ပေါင်း သိန်းသန်းချီ ကြာသော ဖြစ်စဉ်တစ်ခု ဖြစ်ပြီး အနည်ပို့ချခြင်း အပြင် အခြားအကြောင်းများလည်း ရှိသေးသည်။

လောလောဆယ်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင်ရော၊ စစ်တောင်းမြစ်ဝတွင်ပါ ကြုံတွေ့နေရသည်မှာ မြင့်တက်လာနေသည့် ပင်လယ်ရေပြင်၏ အန္တရာယ် ဖြစ်သည်။

ယင်းအန္တရာယ်နှင့် ရင်ဆိုင်နေရသော ဖြစ်ရပ်များကို အောက်ပါလင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

ဖျာပုံခရိုင် ဒေါ်ညိမ်းကျေးရွာအုပ်စု၏ ဖြစ်စဉ်

ပင်လယ်ရေက ဖျက်ဆီးလိုက်သော စစ်တောင်းမြစ်၀ ရွာတစ်ရွာ

ကိုးကား –
၁ – https://modis.gsfc.nasa.gov/gallery/individual.php?db_date=2019-12-11

၂ – Dan Chen et al. Recent evolution of the Irrawaddy (Ayeyarwady) Delta and the impacts
of anthropogenic activities: A review and remote sensing survey (www.elsevier.com/locate/geomorph)

၃ – Peter J Hedley et al. Evolution of the Irrawaddy delta region since 1850 (The Geographical Journal
Vol. 176, No. 2)

၄ – https://www.frontiersin.org/articles/10.3389/feart.2022.820326/full

မှတ်ချက်။ ၅ . ၅ . ၂၂ တွင် ပြင်ဆင် ရေးသားသည်။

Key words: မြစ်ဝကျွန်းပေါ် ဧရာဝတီမြစ် စစ်တောင်းမြစ် သံလွင်မြစ်

5 thoughts on “မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s