
ပင်လယ်၊ သမုဒ္ဒရာဟုဆိုကြရာ၌ ကျယ်ပြောသောရေပြင်ကို ဤကားပင်လယ်၊ ဤကားသမုဒ္ဒရာဟု ခွဲခြား ပြောဆိုရန် တိကျသော သတ်မှတ်ချက်မရှိချေ။ ကုန်းမြေက ထိစပ်ထား၊ ဝိုင်းရံထားသောရေငန်ထုတစ်ခုကို ပင်လယ်ဟုခေါ်၍ ပင်လယ်ထက် ကြီးမား ကျယ်ပြောသော ရေငန်ထုကို သမုဒ္ဒရာဟု ဆိုကြသည်။ သမုဒ္ဒရာ၏ အချို့အစိတ်အပိုင်းကို ပင်လယ်ဟု သတ်မှတ်ခြင်းမျိုးလည်း ရှိသည်။ ကမ္ဘာတွင် ပင်လယ်ဟု သတ်မှတ်ထားသော ရေငန်ထုပေါင်း ၅၀ ရှိရာ ပင်လယ်သေသည် အလွန်ထူးခြားသည်။
ပင်လယ်သေသည် အာရှတိုက်၏ အနောက်တောင်ဘက်တွင် ရှိသည်။ ပင်လယ်သေ၏အနောက်ဘက်တွင် အစ္စရေးနိုင်ငံရှိပြီး အရှေ့ဘက်တွင် ဂျော်ဒန်နိုင်ငံရှိသည်။ ပင်လယ်သေ၏ ရေပြင်သည် ပျှမ်းမျှ ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၄၀၀ ခန့်နိမ့်၍ ကမ္ဘာတွင်အနိမ့်ဆုံးနေရာလည်း ဖြစ်သည်။
အဘက်ဘက်မှကုန်းမြေဖြင့်ဝိုင်းထား၍ ကုန်းတွင်းပင်လယ်ဖြစ်သော ပင်လယ်သေတွင်းသို့ အဓိကစီးဝင်သော မြစ်မှာ ဂျော်ဒန်မြစ် ဖြစ်သည်။ ဂျော်ဒန်မြစ်သည် ပင်လယ်သေတွင်းသို့ မြောက်ဘက်မှစီးဝင်ပြီး အခြား ချောင်းငယ်များသည် အရှေ့ဘက်မှ ပင်လယ်သေတွင်းသို့ စီးဝင်သည်။ ယင်းမှ စီးထွက်သောမြစ်ချောင်းဟူ၍ မရှိချေ။ စီးဝင်လာသမျှရေတို့သည် အငွေ့ပျံခြင်းဖြင့်သာလျှင် ထွက်ကြသည်။
ပင်လယ်သေတည်ရှိရာ အရှေ့အလယ်ပိုင်းဒေသသည် ပူပြင်းသောနေရာ ဖြစ်သည့်အတိုင်း ရေအငွေ့ပျံမှု လည်း များသည်။ ဝင်သမျှရေတို့ အခြားနည်းများဖြင့်မထွက်ဘဲ အငွေ့ပျံရုံသာ ပျံကြသဖြင့် ကာလကြာသော် ပင်လယ်သေ၌ ဓာတ်ဆားပမာဏ များသည်ထက်များလာ၍ သိပ်သည်း ပျစ်နှစ်လာသဖြင့် ပင်လယ်သေ၏ ရေသည် အခြားသော ပင်လယ်သမုဒ္ဒရာရေတို့ထက် အငန်ဓာတ်ခြောက်ဆမျှ ပိုများသည်။ ဆားဓာတ်နှင့် မက်ဂနီစီယမ်ကလိုရိုက်၊ ကယ်လ်စီယမ် ကလိုရိုက်၊ ပိုတက်စီယမ်ကလိုရိုက်၊ မက်ဂနီစီယမ်ဘရိုမိုက် စသော ဓာတ်ပစ္စည်း ၂၁ မျိုးမျှ ပင်လယ်သေတွင်ပျော်ဝင်နေရာ ၁၂ မျိုးသည် အခြားမည်သည့်ပင်လယ်တွင်မှ မတွေ့နိုင်သောဓာတ်ပစ္စည်းများ ဖြစ်သည်။
ထိုသို့ ဆားနှင့်ဓာတ်ပစ္စည်းများပျော်ဝင်မှု များလွန်းသောကြောင့် ဘက်တီးရီးယားအနည်းငယ်မှလွဲ၍ မည်သည့်ရေသတ္တဝါမှ မရှင်သန်နိုင်သောရေမျိုး ဖြစ်၍ ပင်လယ်သေဟုခေါ်ကြခြင်း ဖြစ်သည်။ ဓာတ်ပစ္စည်းပျော်ဝင်မှု များလွန်းသော အချက်ကြောင့်ပင် ရေသည် လွန်စွာသိပ်သည်းနေလျက် လူတို့ပင်လယ်သေထဲဆင်းလျှင် အလိုလို ရေပေါ် ပေါ်နေသည်။
ပင်လယ်သေရှိ ဓာတ်ဆားတို့သည် လူတို့အတွက်မူ ဆေးဘက်ဝင်သည်ဟုကျော်ကြားသည်။ ပင်လယ်သေတွင် စိမ်ပါက လန်းဆန်းခြင်း၊ အသားအရေ စိုပြည်ခြင်း၊ သွေးလှည့်ပတ်မှုကောင်းခြင်း၊ အစာချက်မှုကောင်းခြင်း၊ ရောဂါများပျောက်ကင်းခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရနိုင်သည်ဟု ရှေးခေတ်ကတည်းကပင် လူသိများသည်။ ပင်လယ်သေဝန်းကျင်ရှိ သဘာဝစိမ့်စမ်းများမှ ထွက်သော စမ်းရေတို့သည် သောက်သုံးလျှင် ဆေးဘက်ဝင်သည်ဟုဆိုကာ ပုလင်းသွတ်၍ အမြောက်အများ ထုတ်လုပ်ရောင်းချကြသည်။
ဤသို့ ထူးခြားလှသော ပင်လယ်သေသည် ရေတဖြည်းဖြည်း ခန်းခြောက်လာလျက် ရှိသည်။ အကြောင်းရင်း တစ်ခုမှာ အစ္စရေးနှင့်ဂျော်ဒန်တို့က ပင်လယ်သေတွင်းသို့ စီးဝင်လာသော မြစ်ရေတို့ကို သောက်သုံးရန်နှင့် စိုက်ပျိုးရန်စသည့် အကြောင်းအမျိုးမျိုးဖြင့် ကြားဖြတ်သုံးစွဲမှုကြောင့် ရေအဝင်နည်းသွားခြင်းဖြစ်သည်။
ပင်လယ်သေခန်းခြင်းအကြောင်းများတွင် ရေကိုကန်ကြီးများတွင်ထည့်ပြီး အငွေ့ပျံစေကာ ရေတွင် ပျော်ဝင်နေသော ဖော့စဖိတ်စသော ဓာတ်ပစ္စည်းများကို စက်မှုလုပ်ငန်းသုံး ပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်မှုများလည်း ပါသည်။

လူ့ပယောဂအပြင် သဘာဝအကြောင်းတစ်ရပ်ကလည်း ပင်လယ်သေခန်းခြောက်စေရန် ဖန်တီးပေးနေသည်။ ယင်းမှာ ပင်လယ်သေကြမ်းပြင်၌ ရေစိမ့်တွင်းများဖြစ်ပေါ်ကာ ရေများ မြေလွှာများကြားသို့စိမ့်ဝင်ဆုံးရှုံးနေမှု ဖြစ်သည်။

ဖော်ပြပါအကြောင်းများကြောင့် လွန်ခဲ့သော အနှစ် ၅၀ ကျော်က အလျား မိုင် ၅၀၊ အကျယ် ၁၁ မိုင်ရှိကာ စတုရန်းမိုင် ၄၀၀ ခန့် ကျယ်ဝန်းခဲ့ပြီး ယခုအခါ စတုရန်း မိုင် ၃၀၀ ခန့်သာ ကျယ်တော့သည်။ ရေသာ ခန်းခြောက်စ ပြုနေသည်မဟုတ်သေး၊ ပင်လယ်သေဝန်းကျင်ရှိ ရှားပါးအပင်နှင့်အကောင်များလည်း မျိုးတုံး ပျောက်ကွယ်နေသည်။
ပင်လယ်သေကိုကယ်တင်ရန်အတွက် အခြားနည်းလမ်းများကို စဉ်းစားခဲ့ရာ ပထမနည်းမှာ မြေထဲပင်လယ်မှ ရေများကို တူးမြောင်းဖြင့်သွယ်ယူကာ ပင်လယ်သေထဲထည့်မည့်နည်း ဖြစ်သည်။ ပင်လယ်သေသည် မြေထဲပင်လယ်ထက် များစွာနိမ့်သဖြင့် တူးမြောင်းတလျှောက် အလိုအလျောက် စီးလာသည့် မြေထဲပင်လယ် ရေတို့ကို လမ်းခုလတ်မှ ဆီးခံ၍ ရေအားလျှပ်စစ် ထုတ်ယူပြီးမှ ပင်လယ်သေထဲ စီးဝင်စေလျှင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ကာ လျှပ်စစ်ဓာတ်အားလည်းရ ပင်လယ်သေသည်လည်း ရေပြန်ပြည့်သည့် အကျိုးနှစ်မျိုးကို ရမည်။ သို့သော် အကောင်အထည်မဖော်နိုင်သေးချေ။
နောက်တစ်နည်းမှာ ပင်လယ်သေ၏ အနောက်တောင်ဘက်ရှိ ပင်လယ်နီမှ ရေများကို ပင်လယ်သေထဲသို့ လွှဲယူဖြည့်တင်းပေးရန် ဖြစ်သည်။ သို့သော် ယင်းအစီအစဉ်ကို ဂျော်ဒန်က သဘောမတူဟုဆိုသည်။