ရေစီးသန်သောမြစ်အချို့၏ကမ်းပါးတလျှောက် မြေပြိုသည်ကို ကိုယ်တိုင်သော်လည်းကောင်း၊ သတင်းများတွင်သော်လည်းကောင်း မြင်ဖူးကြသည်။ ကမ်းရိုးတန်းများတလျှောက် လှိုင်းဒဏ် ဒီရေဒဏ်တို့ကြောင့် မြေများ ပဲ့ပါကာ ပင်လယ်ထဲသို့ဆုံးရှုံးနေသည်ကိုမူ မြစ်ကမ်းပါးတလျှောက် မြေပြိုမှုလောက်အသိမများကြချေ။

ရာသီဥတုပြောင်းလဲ၍ ပင်လယ်ရေပြင်မြင့်တက်လာနေသဖြင့် ကမ်းရိုးတန်းမြေဆုံးရှုံးမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်။ မြေဆုံးရှုံးမှုပမာဏသည် မြေသားအမျိုးအစား၊ တည်နေရာ၊ ရေစီးကြောင်း လှိုင်းပုတ်ခြင်း လေပြင်းတိုက်မှုစသည်တို့အပေါ် မူတည်၍ တစ်နေရာနှင့်တစ်နေရာ ကွဲပြားသည်။ ဂြိုဟ်တုဓာတ်ပုံများဖြင့် တိုင်းတာချက်အရ ၁၉၈၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားတွင် ကမ်းရိုးတန်းမြေဧရိယာ စုစုပေါင်းစတုရန်းကီလိုမီတာ ၂၈၀၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကမ်းရိုးတန်းမြေဆုံးရှုံးမှုပမာဏကြီးမားသောနေရာများတွင် နယ်သာလန်နိုင်ငံ တောင်ပိုင်းရှိ Ter Heijde and Kijkduin ဒေသလည်း ပါဝင်သည်။ ယင်းနေရာ၌ ပင်လယ်ထဲပဲ့ပါပြိုကျသွားသော ကမ်းရိုးတန်းမြေနေရာများတွင် ကမ်းလွန်ပင်လယ်ထဲမှ သဲများကို တစ်နှစ်လျှင် ကုဗမီတာ ၁၂ သန်းမျှစုပ်ယူ၍ ပြန်ဖို့နေခဲ့ရသည်။ အနာဂတ်တွင် ထို့ထက်ပိုများသောသဲများဖြင့် နှစ်စဉ်ပြန်ဖို့ရရန် သေချာနေရာ ဒတ်ချ်အင်ဂျင်နီယာတို့သည် ရေရှည်အတွက် ပိုကောင်း ပိုသက်သာသောနည်းကို ကြံဆကြရာ မြေကြီးပဲ့ပါဆုံးရှုံးနေသော ကမ်းရိုးတန်းရှေ့တွင် သဲသောင်ကြီးတစ်ခု ဖန်တီး၍ အကာအကွယ်ပေးရန် ဆုံးဖြတ်ကြသည်။ ဦးဆောင်သူမှာ Professor of Coastal Morphodynamics, Marcel Stive ဖြစ်သည်။

အင်ဂျင်နီယာများသည် ကမ်းလွန်ရေပြင်အောက်မှ ၂၁ . ၅ သန်း ကုဗမီတာမျှသော သဲများကိုစုပ်ယူကာ ကမ်းခြေ၏ရှေ့ရေပြင်ထဲတွင် ၁၂၈ ဟက်တာကျယ်သော သဲပြင်ကြီးဖြစ်လာအောင် ဖို့သည်။ သဲဖို့သောနေရာကို တွက်ချက်ရွေးချယ်ခြင်းသည် အလွန်ပညာသားပါလှသည်။ ယင်းနေရာရှိ ပင်လယ်ရေစီးကြောင်း၊ ဒီရေပမာဏနှင့်အတက်အကျသဘာဝ၊ လှိုင်းဖြစ်ပေါ်ပုံ၊ လေတိုက်ခတ်မှုစသည်တို့ကို အသေအချာ မှန်ကန်စွာ တွက်ချက်နိုင်ခြင်းကြောင့် သဲများကို တစ်နေရာတည်းတွင်သာ ဆက်တိုက် ဖို့လိုက်ခြင်း ဖြစ်သော်လည်း အင်ဂျင်နီယာတို့ အကာအကွယ်ပေးလိုသည့် ကမ်းခြေတလျှောက် ၂ . ၄ ကီလိုမီတာ ရှည်သည့်သဲပြင်ကြီးဖြစ်အောင် ရေစီး၊ ဒီရေ၊ လှိုင်းနှင့်လေတို့က သဘာဝအလျောက် ဖြည်းဖြည်းချင်း ဖြန့်ထုတ်ပေးလိုက်သည်။ သဲများ ဖြည်းဖြည်းချင်းနေရာရွေ့လာသဖြင့် သဲအင်ဂျင်(Sand Engine) / သဲမော်တာ(Sand Motor)ဟု ကင်ပွန်းတပ်သည်။

ဒတ်ချ်အင်ဂျင်နီယာတို့သည် ကမ်းခြေကို တိုက်စားဖျက်ဆီးနေသော ရေစီး၊ ဒီရေ၊ လှိုင်းနှင့်လေတို့ကို တစ်ဖက်လှည့်ပြန်လည်အသုံးချ၍ ကမ်းခြေကို အကာအကွယ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ပေါ်လာသောသဲပြင်ရှည်ကြီးသည် မူလကမ်းခြေထက် လှိုင်းဒဏ်ခံရမှု နည်းသဖြင့် နှစ်ပေါင်း ၂၀ မျှ နောက်ထပ် သဲဖို့စရာလိုတော့မည်မဟုတ်ချေ။ တစ်နှစ်လျှင် ကုဗမီတာ ၁၂ သန်းမျှသဲဖို့နေရရာမှ ၂၁ . ၅ သန်းကုဗမီတာ တစ်ကြိမ်တည်း ဖို့လိုက်ရုံဖြင့် နှစ်ပေါင်း ၂၀ ခံသွားမည်။

ဒတ်ချ်အင်ဂျင်နီယာတို့သည် သဲပြင်ကြီးကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်၊ မြေအောက်ရေရရှိရေးတွင် အထောက်အကူရရန်လည်း လုပ်ဆောင်ခဲ့သည်။ ပေါ်လာသောသဲပြင်ကြီးကြောင့် အများပြည်သူ အပန်းဖြေအနားယူစရာနေရာအသစ်တစ်ခုတိုးလာသည်။ ယူရိုသန်း ၇၀ မျှအကုန်အကျခံ၍ ၂၀၁၁ ခုနှစ်က လုပ်ဆောင်ခဲ့သော ယင်းစီမံကိန်းသည် ယခု ၂၀၂၁ ခုနှစ်တွင် ၁၀ နှစ်ပြည့်ခဲ့ပြီ။ ဒတ်ချ်အင်ဂျင်နီယာတို့ ကြိုတင်တွက်ချက်မျှော်မှန်းခဲ့သည့်အတိုင်း သဲပြင်ကြီး တဖြည်းဖြည်း ရှည်ထွက်လာနေသည်။

One response to “ကမ်းခြေမြေဆုံးရှုံးမှုမှကာကွယ်ခြင်း”

  1. သဲခုံစွယ်နှင့် ပင်လယ်ရေပြင်မြင့်တက်မှု – Water Security and the Changing Climate Avatar

    […] အကာအကွယ်ပေးသော စီမံကိန်းအကြောင်း ဤနေရာကိုနှိပ်၍ […]

    Like

Leave a reply to သဲခုံစွယ်နှင့် ပင်လယ်ရေပြင်မြင့်တက်မှု – Water Security and the Changing Climate Cancel reply