
ဒေသတစ်ခု၏ ရေရရှိရေး အခြေအနေကို သိရန်၊ အနာဂတ် ရေရရှိရေး အလားအလာကို ခန့်မှန်း တွက်ချက်ရန် Terrestrial Water Storage (TWS) သည် အရေးပါသော အချက်များအနက် တစ်ခု ဖြစ်သည်။ မြေအောက်ရေ၊ မြေမျက်နှာပြင် အနီးရှိ သစ်မြစ်ဇုန်၊ မြေဆီလွှာ စသည်တို့ရှိရေ၊ သစ်ပင်များထဲရှိ ရေ၊ မြစ်ရေ၊ ကန်ရေ၊ ဆီးနှင်း၊ ရေခဲပြင်၊ ရေခဲမြစ်တို့၏ အစုအပေါင်းသည် Terrestrial Water Storage (TWS) ဖြစ်၍ ယင်းကို “မြေပေါ်မြေအောက်ရေ” ဟု ပြန်ဆိုနိုင်သည်။
ဒေသတစ်ခုရှိ မြေပေါ်မြေအောက်ရေ ပမာဏသည် ယင်းဒေသတွင် ဖြစ်ပေါ်သော ရေကြီးရေလျှံမှု၊ မိုးခေါင်မှုတို့အပေါ် မူတည်၍ အပြောင်းအလဲ ရှိသော်လည်း ယခင်က မြေပြင်တိုင်းတာချက်များ မစုံလင်ခြင်း၊ ဒေသတစ်ခု၏ မြေပြင်တိုင်းတာချက်နှင့် အခြားတစ်ခု၏ တိုင်းတာချက်များအကြား အချိတ် အဆက် အားနည်းခြင်း စသည်တို့ကြောင့် လေ့လာရန် မပြည့် မစုံ ဖြစ်နေခဲ့ရာမှ ဂရေ့စ်ဂြိုဟ်တုများက ၂၀၀၂ ခုနှစ်မှ စ၍ ရေဘက်ဆိုင်ရာ အချက်အလက်များကို အာကာသထဲမှ စဉ်ဆက်မပြတ် တိုင်းတာနေခြင်းကြောင့် ကမ္ဘာ့ဒေသအားလုံး၏ မြေပေါ် မြေအောက်ရေ ပမာဏ အတိုးအလျော့များကို ဖော်ထုတ်နိုင်ခဲ့သည်။
နှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီး စသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ်ရွေ့လျားနေရာ ယင်းရွေ့လျားမှုကြောင့် ဖြစ်ပေါ်သော ကမ္ဘာ့ဒြပ်ဆွဲအားပြောင်းလဲမှုကို ဂရေ့စ်ဂြိုဟ်တု နှစ်လုံးက မှတ်တမ်းတင်ပြီး ဒေသတစ်ခုအတွင်း ရေထု အတိုးအလျော့ကို တွက်ချက်ပုံဖော်ပေးသည်။ ဂရေ့စ်သည် ရေအရင်းအမြစ်များကို တိုက်ရိုက် တိုင်းတာနိုင်သည့် ပထမဆုံး ဂြိုဟ်တုများဖြစ်၍ ယင်းတို့မှရသည့် အချက်အလက်များသည် အခြားဂြိုဟ်တုများမှ ရသည်ထက် ပိုမိုတိကျသည်။
ဂရေ့စ်ဂြိုဟ်တုမှ ရသော အချက်အလက်များအပေါ် အခြေခံကာ ထုတ်ပြန်သော ကမ္ဘာ့မိုးလေ၀သအဖွဲ့၏ အစီရင်ခံစာ တစ်ခု (The State of Climate Services 2021: Water) တွင် ဖော်ပြထားချက်အရ ကမ္ဘာ့ မြေပေါ် မြေအောက်ရေ ပမာဏသည် ၂၀၀၂ ခုနှင့် ၂၀၂၁ ခုနှစ် အကြား ကာလ၌ တစ်နှစ်လျှင် ပျမ်းမျှ တစ်စင်တီမီတာနှုန်းဖြင့် လျော့ကျသွားကြောင်း သိရသည်။
မြေပေါ်မြေအောက်ရေ ကျဆင်းမှု၏ အဓိက အကြောင်းရင်းများမှာ ရေခဲအရည်ပျော်ခြင်း၊ မြေအောက်ရေ ထုတ်ယူ သုံးစွဲမှု များပြားလှခြင်း၊ ရာသီဥတုပြောင်းလဲခြင်းတို့ကြောင့် ဖြစ်သည်။
ရေခဲ အများဆုံးရှိသော အန္တာတိကတိုက်နှင့် ဂရင်းလန်းကျွန်းတို့တွင် မြေပေါ် မြေအောက်ရေ အများဆုံး လျော့ကျသည်။ ရေခဲပြင် မရှိသော စိုစွတ်ဒေသများတွင် နွေအခါ ရေပမာဏ လျော့ကျသော်လည်း မိုးအခါ၌ ပြန်လည် မြင့်တက်လာသဖြင့် မြေပေါ်မြေအောက်ရေ အဝင်အထွက် မျှခြေ၌ ရှိသည်။ ခြောက်သွေ့ ဒေသများ၌မူ လူတို့ သုံးစွဲမှု၊ အထူးသဖြင့် မြေအောက်ရေ အလွန်အကျွံ ထုတ်ယူခြင်းကြောင့် မြေပေါ် မြေအောက်ရေ လျော့နည်းလာလျက် ရှိသည်။
ဂရေ့စ်ဂြိုဟ်တုများက ၂၀၀၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်ကြား၊ ၁၄ နှစ်ကာလအတွင်း ဒေသအလိုက် ရေအရင်းအမြစ် အတိုးအလျော့ကို လေ့လာခဲ့ရာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ ဘင်္ဂလားဒက်ရှ်၊ မြန်မာနှင့် တရုတ်နိုင်ငံ တောင်ပိုင်းတို့ကို ဒေသတစ်ခု အဖြစ် သတ်မှတ် လေ့လာခဲ့သည်။
လေ့လာချက်အရ ယင်းဒေသတွင်း မိုးနှင့်ဆီးနှင်း ရွာကျမှုသည် ၁၉၉၈ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်ကြားက ပုံမှန် ထက် များခဲ့သော်လည်း ၂၀၀၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်ကြား၊ ၁၄ နှစ်ကာလအတွင်း၌မူ တစ်နှစ်လျှင် ၁၀ မီလီမီတာနှုန်း နည်းလာခဲ့သည်။ တစ်ချိန်တည်းတွင် ဆည်မြောင်းရေသွယ် စိုက်ခင်းများက ရေရယူမှုကြောင့် ဒေသတွင်း မြေပေါ် မြေအောက်ရေသည် တစ်နှစ်လျှင် ၂၃ ဂိုင်ဂါတန်နှုန်းဖြင့် လျော့နည်းလာနေကြောင်း သိရသည်။
ဤဒေသသည် ကမ္ဘာတွင် ဆည်မြောင်း ရေသွယ်စိုက်ခင်း တတိယအများဆုံး ရှိသည့် ဒေသဖြစ်ရာ မိုးပုံမှန် မရပါက မြေပေါ်မြေအောက် ရေပမာဏ ဆက်လက် လျော့နည်း ကျဆင်းနေလိမ့်မည်။
မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက်ရေ အခြေအနေကို သီးခြားလေ့လာချက် မရှိသော်လည်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့၏ အစီရင်ခံစာ (The State of Climate Services 2021: Water) ၌ ဖော်ပြထားသည့် အောက်ပါပုံအရ မြန်မာ၏ မြေပေါ်မြေအောက် ရေပမာဏသည်လည်း လျော့နည်း ကျဆင်းနေကြောင်း သိနိုင်သည်။

ဂရေ့စ်ဂြိုဟ်တုနှင့် အခြားလေ့လာချက်များမှရရှိသည့် အချက်အလက်များဖြင့် ပေါင်းစပ်ပုံဖော်ထားသော ၂၀၂၀ ဒီဇင်ဘာ ၂၈ ရက် အာရှနှင့်မြန်မာ မြေအောက်ရေ (အတိမ်ပိုင်း) အခြေအနေပြပုံ (click here) တွင် အပြာရောင် ဒေသများသည် ပုံမှန်ထက် စိုစွတ် (မြေအောက်ရေ များ) နေပြီး အစိမ်း၊ အညိုရောင်ချယ် ဒေသများသည် ပုံမှန်ထက် ခြောက်သွေ့ (မြေအောက်ရေ လျော့နည်း) နေကြောင်း ညွှန်းဆိုသည်။ ယင်းပုံအရ မြန်မာသည် မြေအောက်ရေ လျော့နည်းသည့် အပိုင်းတွင် ပါသည်။
တစ်ဖန် ဂရေ့စ်ဂြိုဟ်တုဖြင့် နောက်ထပ် လေ့လာချက်တစ်ခု (click here) အရ အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်၊ မလေး ကျွန်းဆွယ်နှင့် မြန်မာတို့တွင် ၂၀၀၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကာလအတွင်း စုစုပေါင်း မြေပေါ် မြေအောက်ရေ ပမာဏသည် ယင်းမတိုင်မီ ကာလကထက် လျော့နည်းနေကြောင်း သိရသည်။ အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်တို့တွင် မြေအောက်ရေ အထုတ်များ၍ ဖြစ်ပြီး မလေးကျွန်းဆွယ်၌ မိုးရွာသွန်းမှု လျော့နည်း၍ ရေပမာဏ ကျဆင်းခြင်းဟု ဆိုသည်။
အခြား လေ့လာချက် တစ်ခုအရ အပူချိန် တစ်ဒီဂရီ စင်တီဂရိတ် တက်တိုင်း ဧရာ၀တီမြစ်ဝှမ်း၏ ရေအရင်းအမြစ် ပြန်လည်ပြည့်တင်းမှု ၃၉ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း တွက်ချက်ရရှိရာ ရာသီဥတု ပြောင်းလဲမှုသည် ဧရာ၀တီမြစ်အပေါ် သက်ရောက် လွှမ်းမိုးနေကြောင်း သိရသည်။
ယင်းတွေ့ရှိချက်များမှာ ရေပမာဏ ပကတိကိန်းကို မပြဘဲ ကာလတစ်ခုအတွင်း ရေအတိုး အလျော့ကိုသာ ပြခြင်း ဖြစ်သည်။ ပကတိကိန်းဖြင့် ဆိုပါက မြန်မာနိုင်ငံသည် ရေပေါကြွယ်နေသေးသော်လည်း အထက်ပါ လေ့လာချက်များက မြေပေါ်မြေအောက်ရေ လျော့နည်းလာနေသည်ကိုသာ ညွှန်ပြလျက်ရှိရာ နိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ဒေသနှင့် အခြားရေရှားဒေသများ၏ အခြေအနေမှန်ကို အလေးအနက်ထား၍ သုတေသန လုပ်သင့်လှသည်။
Keywords ; မြန်မာ့ရေအရင်းအမြစ်၊ မြေအောက်ရေ၊ ဂရေ့စ်ဂြိုဟ်တု
(၂၂ . ၆ . ၂၂ တွင် ဖြည့်စွက်ပြင်ဆင်ရေးသားသည်။)
ကိုးကား –
1 – Divergent Causes of Terrestrial Water Storage Decline Between Drylands and Humid Regions Globally, Linli An,Jida Wang, 16 November 2021
၂ – 2021 State of Climate Services Water (WMO)