အန္တာတိကတိုက်(Antarctica)သည် ကမ္ဘာ့တောင်ဘက်စွန်းရှိ စတုရန်းကီလိုမီတာ ၁၄ သန်းကျယ်သော ရေခဲဖုံးကုန်းမြေဖြစ်သည်။ ဖုံးနေသောရေခဲထုသည် လေးမိုင်အထိထူကာ ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံးရေခဲလွှာအဖြစ် တည်ရှိသည်။ ယင်းရေခဲလွှာရှိ ရေချိုပမာဏသည် ကမ္ဘာပေါ်ရှိ ရေချိုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။

အန္တာတိကတိုက်၏အပူချိန်သည် နှစ်တစ်နှစ်၏ အချိန်အတော်များများတွင် ရေခဲမှတ်အောက်သို့ ရောက်နေသည်။ အန္တာတိကတိုက်၏ အရှေ့ဘက်တစ်နေရာတွင် ၂၀၁၀ ပြည့်နှစ်က အနှုတ် ၉၂ . ၃ ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ဖူးသည်။

အန္တာတိကတိုက်သည် လေအမြဲလိုလို တိုက်ခတ်နေသောနေရာဖြစ်သည်။ ပျမ်းမျှလေတိုက်နှုန်း တစ်နာရီ ၁၂ မိုင်ဖြစ်ပြီး တစ်ချိန်က တစ်နာရီမိုင် ၂၀၀ အထိတိုက်ခဲ့ဖူးသည်။

ယင်းတိုက်ပေါ်တွင် အမြဲတန်းနေထိုင်သောလူမရှိဘဲ သုတေသနပညာရှင်များသာ အချိန်ပိုင်းနှင့် နေနိုင်သည်။ ကမ္ဘာလှည့်ခရီးသည်အချို့လည်း လာရောက်လည်ပတ်ကြသည်။

အေးလွန်းသဖြင့် သစ်ပင် ချုံပင်များလုံးဝမပေါက်နိုင်ဘဲ ရေညှိ ရေမှော်တို့သာ ပေါက်ရောက်နိုင်သည်။ အအေးကြိုက်သောပင်ဂွင်းငှက်များ၏ ပျော်စံရာ ဖြစ်သည်။

ထိုမျှအေးသောအန္တာတိကရေခဲပြင်၏ အချို့နေရာများသည်ပင် ရာသီဥတုပြောင်းလဲမှုကြောင့် စတင်အရည်ပျော်နေသည်။ အန္တာတိကတိုက်၏ အပူချိန်မြင့်တက်နှုန်းသည် ကမ္ဘာ့ပျမ်းမျှထက်ပိုမိုသည်။

၂၀၂၀ နွေအခါက အန္တာတိကတိုက်တွင် အနိမ့်ဆုံးအပူချိန်သည် ရေခဲမှတ်ထက် သုံးရက်ဆက်တိုက် ကျော်လွန်ခဲ့သည်။ အပူချိန်အမြင့်ဆုံးအဖြစ် ၂၀၂၀ ဇန်နဝါရီ ၂၄ က ၉ . ၂ ဒီဂရီစင်တီဂရိတ်အထိ တက်ခဲ့သည်။

ယခုအခါ တစ်နှစ်လျှင်ဘီလျံတန် ၂၀၀ မျှသောရေခဲတို့အရည်ပျော်နေသည်။ ရေခဲအရည်ပျော်မှု နှစ်စဉ်တိုးတက်နေသည်။ အန္တာတိကဒေသတွင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ရေခဲတန်ချိန်သုံးထရီလျံမျှ အရည်ပျော်ဆုံးရှုံးခဲ့သည်။

ကမ္ဘာ့ပင်လယ်ရေပြင်မြင့်တက်လာခြင်းတွင် အန္တာတိကရေခဲအရည်ပျော်ခြင်းက အဓိကအကြောင်းတစ်ခုအနေနှင့် ပါဝင်သည်။

One response to “အန္တာတိကဒေသ”

  1. အန္တာတိက – Water Security and the Changing Climate Avatar

    […] ဆက်စပ်ဖတ်ရှုရန်အန္တာတိကရေခဲပြင်အရည်ပျော်မှုအန္တာတိကဒေသ […]

    Like

Leave a reply to အန္တာတိက – Water Security and the Changing Climate Cancel reply