ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ

နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကိုမေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့်ပြောကြသည်။ ယင်း ‘မိုးလေဝသ’ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူးတတွဲတွဲ ရေးသားပြောဆိုနေကြသော စကားလုံးတစ်ခုမှာ ‘ရာသီဥတု’ ဖြစ်သည်။ အချို့က မိုးလေဝသနှင့်ရာသီဥတုတို့ကိုရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။

ရာသီဥတုဆိုသည်မှာ

နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာယင်းအရပ်၏ မိုးလေဝသအခြေအနေဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ်ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံးပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာ ရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ်မိုးလေဝသအခြေအနေကိုမေးလျှင် ပူသည်၊ မိုးရွာသည်စသည့်အဖြေများကိုသာ ကြားရမည်။ အဆိုပါ နေ့စဉ်ကြုံတွေ့ရသော မိုးလေဝသအခြေအနေများကို ကာလကြာစုပေါင်း၍ အီကွေတာဒေသတွင် ပူအိုက်စွတ်စိုသောရာသီဥတု ရှိသည်ဟု ဆိုရသည်။ ဝင်ရိုးစွန်းအရပ်များတွင်မူ နေ့စဉ် အေးခဲသောမိုးလေဝသအခြေအနေများကိုသာ တစ်နှစ်ပတ်လုံး ကြုံတွေ့ခံစားကြရသဖြင့် ယင်းအရပ်များတွင် အေးသောရာသီဥတုရှိသည်ဟု အသိအမှတ်ပြုကြသည်။

သုတေသနနှင့်နည်းစနစ်များ တစ်ဟုန်ထိုးတိုးတက်လာသော ယနေ့ခေတ်တွင် ရာသီဥတုကို အထက်ပါအတိုင်း ‘ဒေသတစ်ခု၌ ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော မိုးလေဝသအခြေအနေများ’ဟုသာ သတ်မှတ်ပြောဆိုခြင်းသည် ပြည့်စုံလုံလောက်ခြင်းမရှိတော့ဟု ပညာရှင်အများက ယူဆကြသည်။ ရာသီဥတုကိုဖြစ်ပေါ်စေရာတွင် ပါဝင်ခြယ်လှယ်သည့် ရေထု၊ လေထု၊ မြေထုတို့အပြင် သက်ရှိများကို တစုတစည်းတည်း သဘောထား၍ သတ်မှတ်လေ့လာသည့် ဘိုင်အိုစဖီးယားခေါ်ဇီဝထု သဘာ၀ အစိတ်အပိုင်းများ၏ ဆက်စပ်ပတ်သက်မှုကိုပါ ထည့်သွင်းတွက်ချက်လာသည်။

ပြောင်းလဲနေသောရာသီဥတု

ပညာရပ်၏တိုးတက်ပြောင်းလဲခြင်းကို လိုလားကြိုဆိုကြသော ရာသီဥတုဗေဒပညာရှင်တို့သည် ယင်းတို့ မလိုလားသော မကြိုဆိုလိုသော ပြောင်းလဲခြင်းတစ်ခုကို လွန်ခဲ့သောရာစုနှစ်အတွင်းမှစ၍ တွေ့ရှိခဲ့ကြသည်။ ယင်းမှာ ရာသီဥတုဗေဒအခြေစိုက်ရာ ကမ္ဘာ့ရာသီဥတုစနစ်ကြီးတစ်ခုလုံး ပြောင်းလဲနေခြင်းပင် ဖြစ်သည်။

တစ်နေ့ချင်း၊ ရက်သတ္တတစ်ပတ်ချင်း သုံးသပ်ပါက ဒေသတစ်ခု၏ မိုးရွာ၊ နေပူ စသည့် မိုးလေဝသအခြေအနေများ၏ ပြောင်းလဲနေမှုကို သိသာစွာမမြင်နိုင်သော်လည်း ယင်းဖြစ်စဉ်တို့၏ ရေရှည်မှတ်တမ်းများဖြစ်ကြသော ရာသီဥတုအခြေအနေကို လေ့လာသောအခါ ကမ္ဘာ့ဒေသအားလုံး၏ ရာသီဥတုမှာ ပြောင်းလဲလာခဲ့ပြီဖြစ်ကြောင်း ခိုင်လုံစွာ သိလာကြသည်။

ဤနေရာ၌ ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ နွေရာသီမှ မိုးရာသီ၊ မိုးရာသီမှ ဆောင်းရာသီ စသည်ဖြင့် ရာသီတစ်မျိုးမှနောက်တစ်မျိုးသို့ ကူးပြောင်းရောက်ရှိခြင်းကို မဆိုလိုဘဲ ရာသီတစ်ခုအတွင်း၌ ပုံမှန်ဖြစ်နေကျ အခြေအနေများ ပုံမှန်မှသွေဖည်လာခြင်းကို ဆိုလိုသည်။ အချို့နေရာများတွင် မိုးရွာသွန်းသည့် နေ့ရက်များတိုးလာနေပြီး အချို့ဒေသများတွင်မူ မိုးခေါင်သည့်ကာလ ရှည်လျားလာနေသည်။ ကမ္ဘာ၏ ‘ခေါင်ဖျား’ဟု ဆိုသော အာတိတ်ဒေသ၊ ကမ္ဘာ၏ ‘အောက်ခြေ’ဖြစ်သော အန္တာတိကဒေသ၊ ဟိမဝန္တာတောင်ထိပ်များစသည်တို့၌ ရေခဲပြင်များ တတိတိအရည်ပျော်လာနေသည်။ ပင်လယ်ရေပြင် တအိအိ မြင့်လာနေသည်။ သီးနှံအချို့၏ မှည့်ဝင်းချိန် ရိတ်သိမ်းခူးဆွတ်ချိန်များ တရွေ့ရွေ့ ပြောင်းလာနေသည်။ အပူပိုင်းဒေသတွင်သာ ရှင်သန်နိုင်ခဲ့သည့် ရောဂါပိုးသယ်သတ္တဝါအချို့ သမပိုင်းသို့တိုင် တစ်စတစ်စ နယ်ချဲ့ရောက်ရှိ၍ ရောဂါဘယဖြစ်ပွားမှုနယ်ပယ်နှင့် အရေအတွက် တိုးပွားလာနေသည်။ ရာသီပြောင်းမှုကိုမခံနိုင်၍ မျိုးသုဉ်းသွားသော သက်ရှိမျိုးစိတ်အရေအတွက် တဖြည်းဖြည်း များပြားလာနေသည်။ ရေအောက်သန္တာကျောက်တန်းများ တဖြုတ်ဖြုတ်ပျက်စီးလာနေသည်။ ယင်းတို့မှာ ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ ဖြစ်ကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s