ကမ္ဘာ့အပူချိန်တက်ခြင်းသတင်းများ၊ ထုတ်ပြန်ချက်များတွင် ဒီဂရီဝက် တစ်ဒီဂရီ နှစ်ဒီဂရီ စသဖြင့် တက်ခြင်းကို ဘေးအန္တရာယ်ဟု အရေးတကြီးဖော်ပြနေကြရာ သာမန်တွေးပါက ယင်းမျှတက်ရုံဖြင့် ဘေးအန္တရာယ်ကြီးများ ကြုံရမည်ဆိုခြင်းသည် ဖြစ်နိုင်ပါမည်လောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။

အဆိုပါသံသယကို လူတိုင်းဖြစ်ဖူးကြသော ဥပမာနှင့် ချေဖျက်နိုင်သည်။ လူ့ခန္ဓာကိုယ်၏ ပုံမှန်အပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ်ရာ နေမကောင်းဖြစ်လျှင် အချို့ ၃၉၊ ၄၀၊ အချို့ထို့ထက်ပို၍ တက်သည်။ ကိုယ်အပူချိန်တက်ခြင်းသည် အချိန်ပိုင်းမျှ သို့မဟုတ် တစ်ရက်တာမျှသာကြာလျှင် နောက်တစ်နေ့တွင် လူကောင်းနီးနီးဖြစ်သွားသည်။

သို့သော် တစ်ဒီဂရီမျှသာ တက်သော်လည်း လေးငါးရက်ဆက်တိုက်ဖြစ်လာသောအခါ ခန္ဓာတွင်း ဇီဝကမ္မစနစ်ချို့ယွင်းကာ မအီမလည် အစားအသောက်ပျက် မလှုပ်ချင်မကိုင်ချင် ဖြစ်လာတော့သည်။

ထိုနည်းအတိုင်း ကမ္ဘာကြီးသည်လည်း တစ်နှစ် နှစ်နှစ်မျှမဟုတ်၊ ဆယ်စုနှစ်ပေါင်းများစွာ အပူချိန် ဆက်တိုက်တက်လာသောအခါ (ဒီဂရီအနည်းငယ်မျှသာဖြစ်သော်လည်း) ရာသီဥတုစနစ်၊ ရေသံသရာ၊ ဂေဟစနစ်စသည်များ၏ လည်ပတ်လှုပ်ရှားမှု ပျက်ယွင်းကာ မုန်တိုင်းတိုက် ရေကြီး ရေခဲပြင်အရည်ပျော် ပင်လယ်ရေပြင်မြင့်တက် မိုးခေါင်စသည့် သဘာဝဘေးများ ပေါ်ပေါက်လာသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်း(အိုင်ပီစီစီ)၏ဒုတိယဥက္ကဋ္ဌဟောင်း ကိုဘာရက်က “သိပ္ပံပညာရပ်ရှုထောင့်ကဆိုရင် အပူချိန်ဒီဂရီရဲ့အစိတ်အပိုင်းတိုင်းဟာ ရာသီဥတုပြောင်းလဲမှုရဲ့ဆိုးကျိုးတွေကို ဖန်တီးရာမှာ အရေးပါလှပါတယ်”ဟု ဆိုသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်း(အိုင်ပီစီစီ)က ကမ္ဘာ့အပူချိန်သည် ၁၈၅၀-၁၉၀၀ နှစ်များကထက် ၁ . ၅ ဒီဂရီပိုမြင့်သည့်အခြေအနေသို့ လျင်မြန်စွာ ဦးတည်နေသည်ဟု ထုတ်ပြန်ထားသည်။ ၁ . ၅ ဒီဂရီထက်ပိုမတက်အောင် ထိန်းမထားနိုင်လျှင် တွေ့ကြုံရမည့် သဘာဝဘေးများသည် အလွန့်အလွန်ဆိုးရွားမည်ဟု အားလုံးကသဘောတူကြသည်။ ၁ . ၅ ထက်ပို၍ ၂ ဒီဂရီပိုတက်သွားလျှင်မူ မတွေးဝံ့လောက်အောင် ဆိုးရွားမည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်ငါးမျိုးတို့၏ ၁၈၅၀-၁၉၀၀ နှစ်များကထက် ၁ . ၅ ဒီဂရီထက်ပိုလျှင် ဖြစ်လာနိုင်ခြေနှင့် ၂ ဒီဂရီထက်ပိုလျှင် ဖြစ်လာနိုင်ခြေများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(မှတ်ချက် – လက်ရှိအပူချိန်သည် ၁၈၅၀-၁၉၀၀ နှစ်များကထက် ၁ . ၁ ဒီဂရီခန့်တက်ပြီးဖြစ်သည်။ ထို့ကြောင့် “၁၈၅၀-၁၉၀၀ နှစ်များကထက် ၁ . ၅ ဒီဂရီထက်ပိုလျှင်”ဟု ဆိုလျှင် “လက်ရှိထက် ၀ . ၄ ဒီဂရီပိုလျှင်”ဟု ယူရန်ဖြစ်သည်။ “၁၈၅၀-၁၉၀၀ နှစ်များကထက် ၂ ဒီဂရီထက်ပိုလျှင်”ဟု ဆိုလျှင် “လက်ရှိထက် ၀ . ၉ ဒီဂရီထက်ပိုလျှင်”ဟု ယူရန် ဖြစ်ပါသည်။)

အပူဒဏ်ခံရမှု

၁၈၅၀-၁၉၀၀ နှစ်များကထက် ၁ . ၅ ဒီဂရီတက်လျှင် ပြင်းထန်သောအပူလှိုင်းများကို ကမ္ဘာ့လူဦးရေ၏ ၁၄ ရာခိုင်နှုန်းသည် ငါးနှစ်တစ်ကြိမ် ကြုံရနိုင်သည်။

၂ ဒီဂရီတက်လျှင် ကမ္ဘာ့လူဦးရေ၏ ၃၇ ရာခိုင်နှုန်းအထိ ခံရမည်။

၁ . ၅ ဒီဂရီတက်လျှင် ပူပြင်းလွန်းသောရက်များ လက်ရှိထက် တစ်နှစ်လျှင် ၁၉ ရက်ပိုလာမည်။

၂ ဒီဂရီတက်လျှင် လက်ရှိထက် ၃၅ ရက်ပိုလာမည်။

အာတိတ်ဒေသရေခဲပြင်

အာတိတ်ဒေသရေခဲပြင်သည် တဖြည်းဖြည်းကျုံ့ဝင်သေးငယ်လာလျက်ရှိရာ ၁ . ၅ ဒီဂရီပိုတက်လျှင် နွေအခါ ရေခဲပြင်လုံးဝအရည်ပျော်သွားမှုကို နှစ် ၁၀၀ တွင် တစ်ကြိမ် ကြုံရမည်။

၂ ဒီဂရီပိုတက်လျှင် ၁၀ နှစ်တွင် တစ်ကြိမ် ကြုံရမည်။ (ဆယ်ဆဆိုးရွားမည်) (အာတိတ်ရေခဲပြင်သည် ကမ္ဘာ့အပူချိန်ကို ထိန်းသိမ်းရာ၌ အရေးပါသည်။)

ပင်လယ်ရေပြင်မြင့်တက်မှု

၁ . ၅ ဒီဂရီထပ်တက်လျှင် ပင်လယ်ရေပြင်သည် ၁၉၈၆-၂၀၀၅ ကနှင့်စာလျှင် ၀ . ၄ မီတာတက်မည်။

၂ ဒီဂရီထပ်တက်လျှင် ၀ . ၄၆ မီတာတက်မည်။ ကမ္ဘာ့ကမ်းရိုးတန်းဒေသများ၏ ၇၀ ရာခိုင်နှုန်းကျော်တွင် ပင်လယ်ရေပြင်တက်လာသောကြောင့် ရေလွှမ်းမိုးခြင်း၊ ကမ်းခြေပျက်စီးခြင်း၊ ရေချိုများထဲသို့ရေငန်ဝင်ခြင်းစသည်တို့နှင့် ကြုံရမည်။

သန္တာကျောက်တန်းပျက်စီးမှု

၁ . ၅ ဒီဂရီထပ်တက်လျှင် သန္တာကျောက်တန်းများသည် ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးမည်။

၂ ဒီဂရီတက်လျှင် သန္တာကျောက်တန်းများ ၉၉ ရာခိုင်နှုန်းအထိ ပျက်စီးမည်။

ငါးဖမ်းဆီးရမိမှု

ရေသတ္တဝါတို့ခိုလှုံရာသန္တာကျောက်တန်းများ ပျက်စီးခြင်း၊ ကာဘွန်ဒိုင်အောက်ဆိုက်ပျော်ဝင်လာသဖြင့် ပင်လယ်ရေ အက်စစ်ဓာတ်ကဲလာခြင်းစသည်တို့ကြောင့် ငါးဖမ်းဆီးရရှိမှုသည် ၁ . ၅ ဒီဂရီတက်လျှင် တစ်နှစ်တန်ချိန် တစ်သန်းခွဲလျော့နည်းပြီး ၂ ဒီဂရီတက်လျှင် တစ်နှစ်တန်ချိန် သုံးသန်းလျော့နည်းမည်။

2 responses to “ကမ္ဘာ့အပူချိန်ဒီဂရီအနည်းငယ်တက်ရုံမျှဖြင့်”

  1. ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်း အစည်းအဝေး – Water Security and the Changing Climate Avatar

    […] ကမ္ဘာ့ပျမ်းမျှအပူချိန် ၁ . ၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုတက်လျှင် ဖြစ်ပေါ်လာနိုင်သည်များ လေ့လာရန် […]

    Like

  2. ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး – Water Security and the Changing Climate Avatar

    […] ဆက်လက်လေ့လာရန် ကမ္ဘာ့အပူချိန် အနည်းငယ်တက်ရုံမျှဖြ… […]

    Like

Leave a reply to ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး – Water Security and the Changing Climate Cancel reply