
၁၉၉၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကြားကာလအတွင်း စုစုပေါင်းရေခဲ ၂၇ . ၄ ထရီလျံတန်အရည်ပျော်ခဲ့သည်။
အန္တာတိတ်ဒေသမှ ၉ . ၉ ထရီလျံတန်(၃၆ ရာခိုင်နှုန်း)
အာတိတ်ဒေသမှ ၇ . ၆ ထရီလျံတန်(၂၈ ရာခိုင်နှုန်း)
တောင်ထိပ်ရေခဲပြင်များမှ ၆ . ၁ ထရီလျံတန်(၂၂ ရာခိုင်နှုန်း)
ဂရင်းလန်းကျွန်းမှ ၃ . ၈ ထရီလျံတန်(၁၄ ရာခိုင်နှုန်း)
ရေခဲအရည်ပျော်နှုန်းသည် ၁၉၉၀ ပြည့်နှစ်များမှစ၍ တစ်နှစ်လျှင် ၀ . ၈ မှ ၁ . ၂ ထရီလျံတန်နှုန်း တိုးမြင့်လာလျက်ရှိသည်။
(ရည်ညွှန်း – Earth’s ice imbalance – Thomas Slater et al.)
ရေခဲပြင်များ အရည်ပျော်သည်ဟု ဆိုလိုက်လျှင် တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲပြင်များကို မျက်စိထဲတွင် မြင်ယောင်လာတတ်ကြသည်။ ဝင်ရိုးစွန်းရေခဲပြင်နှစ်ခုအနက် ပင်လယ်ရေပြင်ကို မြင့်တက်စေသည်မှာ တောင်ဝင်ရိုးစွန်း အန္တာတိကတိုက် ရေခဲပြင်များ အရည်ပျော်ခြင်းကြောင့် ဖြစ်ပြီး မြောက်ဝင်ရိုးစွန်း ရေခဲပြင် အရည်ပျော်ခြင်းသည် ရေပြင်ကို မြင့်တက်စေရာတွင် အရေးမပါချေ။
ထိုသို့ ဖြစ်ရခြင်းတွင် အကြောင်းရင်းနှစ်ခု ရှိသည်။
ပထမအကြောင်းမှာ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသရှိ ရေခဲပမာဏသည် တောင်ဝင်ရိုးစွန်း အန္တာတိတ် ဒေသရှိ ရေခဲပမာဏနှင့် စာလျှင် အလွန့်အလွန် နည်းပါးလှသည်။
ဒုတိယအကြောင်းမှာ အန္တာတိတ်ရေခဲပြင်သည် ကုန်းပေါ်ရေခဲပြင် ဖြစ်ပြီး အာတိတ်ရေခဲပြင်သည် ရေပေါ် ရေခဲပြင် ဖြစ်သည်၊ ရေပေါ်ရေခဲပြင် အရည်ပျော်သောကြောင့် ရေပြင်မြင့်တက်လာခြင်း အလွန်နည်းပါးသည်။
ရေနှင့် ရေခဲတုံးများ ထည့်ထားသော ခွက်ထဲတွင် ရေခဲတုံးများ အရည်ပျော်သော်လည်း ခွက်ထဲရှိ ရေပြင် မြင့်တက်မလာသည်ကို ထောက်၍ ယင်းဖြစ်စဉ်ကို နားလည်နိုင်သည်။ ရေခဲတုံး၏ ထုထည်နှင့် ယင်းရေခဲတုံး အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော ရေထုထည်တို့ အကြမ်းအားဖြင့် တူညီသည်။
ပင်လယ်ရေပြင်ကို မြင့်တက်စေရာတွင် တောင်ဝင်ရိုးစွန်း အန္တာတိကရေခဲပြင်ပြီးလျှင် အဓိက အရေးပါသည်မှာ ဂရင်းလန်းကျွန်းပေါ်ရှိ ရေခဲပြင်များ ဖြစ်သည်။
ပူးတွဲပါဇယားကိုကြည့်လျှင် ဂရင်းလန်း ရေခဲပြင်ထုထည်သည် အန္တာတိကရေခဲပြင်ထုထည်၏ ဆယ်ပုံတစ်ပုံခန့်ရှိပြီး မြောက်ဝင်ရိုးစွန်း ရေခဲပြင်ထက် အဆပေါင်း ၄၀၀ နီးနီး များနေသည်ကို တွေ့နိုင်သည်။
ရေခဲပြင် | ထုထည်(ကုဗကီလိုမီတာ) |
အန္တာတိက | ၃၀ ၀၀၀ ၀၀၀ |
ဂရင်းလန်း | ၂ ၉၀၀ ၀၀၀ |
အာတိတ် | ၇ ၈၀၀ |
ထို့ကြောင့် ပင်လယ်ရေပြင်မြင့်တက်လာခြင်းအကြောင်းကို ပြောလျှင် တောင်ဝင်ရိုးစွန်းရေခဲပြင်နှင့် ဂရင်းလန်းရေခဲပြင်များ အရည်ပျော်ခြင်းကိုသာ ရည်ညွှန်းကြသည်။