အင်းတော်ကြီးကန်နှင့်အင်းလေးကန်တို့ကို နှိုင်းယှဉ်လေ့လာခြင်း

အင်းတော်ကြီးကန်နှင့် အင်းလေးကန်သည် အရှေ့တောင်အာရှတွင် အကြီးဆုံးသော ကုန်းတွင်းရေချိုကန်ကြီး နှစ်ကန် ဖြစ်သည်။

တည်နေရာ၊ အကျယ်အဝန်း

အင်းတော်ကြီးကန်သည် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ်တွင်တည်ရှိသည်။ ပင်လယ် ရေမျက်နာပြင် အထက် ၁၁၅ မီတာတွင်တည်ရှိပြီး တောင်မြောက်နီးပါးသွယ်တန်းနေသည့် ကန်ရေပြင် အထက် မီတာ ၃၅၀ ခန့် မြင့်မားသော တောင်တန်းများကဝန်းရံလျက်ရှိသည်။ ရွှံ့နွံတော၊ ရေနက်ကွင်း အပါအဝင်ရေလွှမ်းဧရိယာအကျယ်အဝန်းမှာ ၁၁၈ .၆ စတုရန်းကီလိုမီတာကျယ်ဝန်း၍ ပုံပျက်နေသော ရှည်မျောမျော ဘဲဥပုံသဏ္ဍာန်တည်ရှိသည်။ ရေပြင်အကျယ်အဝန်း ၁၁၈ စတုရန်း ကီလိုမီတာရှိသည်။

အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်တွင်တည်ရှိသည်။ ပင်လယ် ရေမျက်နာပြင်အထက် ၅၉၈ မီတာတွင်တည်ရှိပြီး တောင်မြောက်နီးပါးသွယ်တန်းနေသည့် ကန်ရေပြင် အထက် မီတာ ၉၀၀ ခန့်မြင့်မားသောတောင်တန်းများက ဝန်းရံလျက်ရှိသည်။ ရွှံ့နွံတော၊ ရေနက်ကွင်း အပါအဝင်ရေလွှမ်းဧရိယာအကျယ်အဝန်းမှာ ၁၈၂ .၈ စတုရန်းကီလိုမီတာရှိ၍ ပုံပျက်နေသော ရှည်မျောမျော အနားပြိုင်စတုဂံပုံသဏ္ဍာန်ရှိသည်။ ရေပြင်အကျယ်အဝန်း ၄၈ .၃ စတုရန်းရှိသည်။ ကန်ရေပြင်ချင်းယှဉ်ပါက အင်းတော်ကြီးကန်က နှစ်ဆကျော်ပိုကျယ်သော်လည်း ရေလွှမ်းဧရိယာများဖြစ်သော ရွှံ့နွံတောနှင့်ကျွန်းမျောဧရိယာပါ တိုင်းတာလိုက်လျှင် အင်းလေးကန်က တစ်ဆခွဲခန့်ပို၍ကျယ်သည်။

ကန်ရေပြင်ချင်းယှဉ်ပါက အင်းတော်ကြီးကန်က နှစ်ဆကျော်ပိုကျယ်သော်လည်း ရေလွှမ်းဧရိယာများဖြစ်သော ရွှံ့နွံတောနှင့်ကျွန်းမျောဧရိယာပါ တိုင်းတာလိုက်လျှင် အင်းလေးကန်က တစ်ဆခွဲခန့်ပို၍ကျယ်သည်။

လူမှုစီးပွား

အင်းတော်ကြီးကန်ရေပြင်အတွင်း စိုက်ပျိုးနိုင်သော ရေပေါ်ကျွန်းမျောများမရှိခြင်းကြောင့် ကန်ပတ်လည်တွင် လယ်ယာစိုက်ပျိုးရေးဖြင့်အသက်မွေးသော ကျေးရွာအနည်းငယ်သာ တွေ့ရသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ နယ်မြေမလုံခြုံခြင်းတို့ကြောင့် လူဝင်လူထွက်နည်းပါးသည်။

အင်းလေးကန်ရေပြင်အတွင်း စိုက်ပျိုးနိုင်သော မြေနုကုန်းများ၊ ရွှံ့နွံတောများ၊ ရေနက်ကွင်းများ၊ ရေပေါ်ကျွန်းမျောများ ရှိခြင်း၊ လူနေသိပ်သည်းခြင်းတို့ကြောင့် ကန်ရေပြင်အတွင်းတွင် ကျေးရွာများ ရာနှင့်ချီ၍ တွေ့ရသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားခြင်း၊ နယ်မြေလုံခြုံမှုရှိခြင်းတို့ကြောင့် လူဝင်လူထွက်များပြားသည်။

အင်းလေးသည် အင်းတော်ကြီးနှင့်နှိုင်းစာလျှင် လူမှုစီးပွားအတွက် အသုံးပြုမှုကို ပို၍ခံရသည်။

ရာသီဥတု၊ ရေဝေရေလဲဒေသ

အင်းတော်ကြီးကန်သည် သမပိုင်းမုတ်သုံရာသီဥတုအတွင်း ကျရောက်သဖြင့် မိုးများပြီးအေးမြသည်။ တစ်နှစ်လျှင်ပျမ်းမျှမိုးရေချိန် ၇၆ .၄၈ လက်မခန့်ရရှိသည်။ အင်းတော်ကြီးကန်အတွင်းသို့ အမြဲတမ်း စီးဝင်သောချောင်းများမှာ နန့်မွန်းချောင်း၊ မိုင်းနောင်ချောင်း၊ နန့်ရင်ခချောင်း၊ နန့်စန္ဒချောင်းနှင့် လှည်းပုံချောင်း စသည်တို့ဖြစ်သည်။ ရေဝေရေလဲဧရိယာ ၁၀၂၆ စတုရန်းကီလိုမီတာခန့်ရှိသည်။

အင်းတော်ကြီးရေသည် အင်းတော်ချောင်းအတိုင်းမြောက်အရပ်သို့စီးထွက်သွားပြီး အရှေ့ဘက်ရှိ ဧရာဝတီမြစ်ထဲသို့စီးဝင်သည်။ စီးထွက်သည့်ပုံစံမှာ အပေါ်မှလျှံထွက်သောပုံစံ(overflow type) ဖြစ်သည်။ အင်းတော်ကြီးကန်၏ပျမ်းမျှရေအနက်မှာ ၅၆ ပေရှိပြီး အနက်ဆုံးမှာ ၇၅ ပေဖြစ်သည်။

အင်းလေးကန်မှာ အပူပိုင်းမုတ်သုံရာသီဥတုအတွင်း ကျရောက်နေပြီး အမြင့်ပိုင်းတွင်တည်ရှိ၍ မိုးအသင့်အတင့်ရွာပြီးအေးမြသည်။ ကန်၏အနောက်ဘက်ရေဝေရေလဲဧရိယာတွင် တစ်နှစ်ပျမ်းမျှမိုးရေချိန် ၄၀ လက်မခန့်နှင့် အရှေ့ဘက်ရေဝေရေလဲဧရိယာတွင် ၅၈ .၅ လက်မခန့် ရရှိသည်။ အင်းလေးကန်အတွင်းသို့အမြဲတမ်းစီးဝင်သောချောင်းများမှာ နန်းလတ်ချောင်း၊ သန်းထောင်ချောင်း၊ အင်းတိမ်ချောင်း၊ နန့်ပန်ချောင်းနှင့် မိုင်းပြိုးချောင်းစသည်တို့ ဖြစ်သည်။ ရေဝေရေလဲဧရိယာမှာ ၃၉၄၆ စတုရန်းကီလိုမီတာခန့်ရှိသည်။

အင်းလေးကန် အတွင်းမှရေများသည် နန့်ဘီလူးချောင်းအတိုင်း တောင်အရပ်သို့စီးထွက်သွားပြီး သံလွင်မြစ် ထဲသို့ စီးဝင်သည်။ စီးထွက်သည့်ပုံစံမှာ ချောင်းအတိုင်းစီးထွက်သွားသောပုံစံ (channel flow type)ဖြစ်သည်။ အင်းလေးကန်၏ပျမ်းမျှရေအနက်မှာ ၁၅ ပေရှိပြီး အနက်ဆုံးပေ ၄၀ ရှိသည်။

အင်းလေးကန်သည် အင်းတော်ကြီးကန်ထက် မိုးရေချိန်ရရှိမှု ထက်ဝက်မျှနည်းသော်လည်း ရေဝေရေလဲ ဧရိယာ သုံးဆခွဲခန့်ပို၍ကျယ်သည်။

ရေဝင်ရေထွက်

အင်းတော်ကြီးကန်မှစီးထွက်သောရေသည် လျှံကျရေထွက် အမျိုးအစားဖြစ်၍ တဝက်တပျက် ရေသေကန် အမျိုးအစားဖြစ်သည်။ အင်းလေးကန်မှ စီးထွက်ရေမှာမူ စီးဆင်းရေလမ်းကြောင်းနှင့်ရေစီးနှုန်းအတော်အတန်ရှိ၍ ရေရှင်ကန်အမျိုးအစားဖြစ်သည်။ ရေဝင်ရေထွက်ပိုကောင်း၍ သဘာဝအားဖြင့်သန့်ရှင်းသည်။

အင်းလေးကန်သည်လွင်ပြင်အဖြစ်တည်ဆောက်နေသော ရေကန်အမျိုးအစားဖြစ်၍ သဘာဝအလျောက် တိမ်ကောသွားမည့်ကန်အမျိုးအစားဖြစ်သည်။ သိုသော်လည်း ကျယ်ပြောလှသော ရေဝေရေလဲဧရိယာ အတွင်းရှိ သစ်တောများအဆမတန်ပြုန်းတီးလာခြင်း၊ တောင်စောင်းများတွင်ထွန်ယက်စိုက်ပျိုးခြင်းကြောင့် အနည်အနှစ်များ ကန်တွင်းသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာခြင်း၊ ကန်အတွင်း သွားလာ နေထိုင် စိုက်ပျိုးမှု များပြားလာခြင်းတို့ကြောင့် အရှိန်အဟုန်ဖြင့် တိမ်ကောလာသည်။

၂၀၂၀ ပြည့်နှစ်အခြေအနေ

၂၀၁၉ မိုးရာသီတွင် မိုးရွာသွန်းမှုနည်းခြင်း(၂၀၁၉ ခုနှစ်၌ မိုးရွာသွန်းမူသည် ၄၇ . ၄၄ လက်မသာရှိသဖြင့် ပုံမှန်ရွာသွန်းမြဲထက်လက်မ ၂၀ ခန့်ကျဆင်းသွား)၊ အိုင်ပတ်လည်ရှိ ရေဝေရေလဲဒေသများ ပျက်စီးလာခြင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အင်းတော်ကြီးကန် စံချိန်တင် ရေခန်းခြောက်ခဲ့သည်။ အကျိုးဆက်အနေနှင့် အင်းတော်ကြီးရေပြင်သည် ၂၀၁၇ ခုနှစ်နှင့်စာလျှင် ၂၀၂၀ ၌ ၀ .၅၀ မီတာကျဆင်းသွားသည်။

အင်းလေးကန်သည် လွန်ခဲ့သောငါးနှစ်ကျော်ကစတင်ကာ နွေရာသီရောက်တိုင်း ရေခမ်းခြောက်လာနေသည်။ ၂၀၂၀ ပြည့်နှစ်သည်အဆိုးဆုံးဟုဆိုရမည်။ နှစ်ပေါင်း ၆၀၀ ကျော်က ဆောက်လုပ်ခဲ့သည့် အမြင့်ပေ ၂၀ ခန့်ရှိ တာရိုးအစိတ်အပိုင်းတစ်ခု ပေါ်လာသည်။

(အယ်စိုးမင်း၏ဆောင်းပါးကို အနည်းငယ်တည်းဖြတ်ဖြည့်စွက်ထားခြင်းဖြစ်ပါသည်။)

နောက်ဆက်တွဲ

(အလဲဗင်း သတင်းစာ ၁၅ . ၁ . ၂၂ ထုတ်ပါ အင်းတော်ကြီးသတင်း)

ကချင်ပြည်နယ် အင်းတော်ကြီးကန်အ နီးရှိ ကျေးရွာများဖြစ်သည့် မိုင်းနောင်ကျေးရွာ နှင့် မန်မုံကိုင်ကျေးရွာအနီးရှိ ရွှေတူးဖော်ထုတ် လုပ်သည့်လုပ်ငန်းများမှ စွန့်ပစ်မြေနှင့် ရေ များသည် အင်းတော်ကြီးကန်အတွင်းသို့ တိုက် ရိုက်စီးဝင်နေပြီး ဝင်ရောက်သည့်ပမာဏ သိသာစွာ များပြားလာသည်။

“မိုင်းနောင်ရွာနဲ့ မန်မံကိုင်ရွာနားမှာ မျော တွေလုပ်တော့ (ရွှေတူးဖော် ) မျောမြီးရေတွေ၊ နွံတွေက ( ရွှေတူးဖော်သည့်စွန့်ပစ်မြေစာများ) မိုင်းနောင်ချောင်းနဲ့ မန်မုံကိုင်ရွာနားမှာရှိတဲ့ ချောင်းထဲကတစ်ဆင့် အင်းထဲကို ရောက်ကုန် တာ။ မိုင်းနောင်ချောင်းမှာ ပါလာတဲ့ နွံတွေက အင်းထဲကို ပို့ချတာလေ။ အရင်ကဆို အဲဒီနေ ရာက ( မိုင်းနောင်ချောင်းပေါက်ဝ ) ရေ ၁၄/ ၁၅ တောင် နက်တယ်။ အခုတော့ အဲဒီနေရာ အင်းကောသွားပြီ ပြောရမှာပေါ့။ ရေလည်း တိမ်ကုန်ပြီ။ မိုင်းနောင်ချောင်းဘေးက တချို့ လယ်တွေလည်း ပျက်ကုန်တာပဲ။ မျောမြီးနွံ တွေ ရေတွေက လယ်ထဲကိုဝင်တော့ စပါးစိုက် လို့မရ ထွန်လို့မရတော့ဘူးလေ “ဟု အင်းတော် ကြီးကန်အနီးရှိ ဒေသခံရွာသားတစ်ဦးက ပြော ကြားသည်။

အင်းတော်ကြီးကန်အနီး ရွှေတူးဖော်မှု များသည် ယခင်က အနည်းငယ်သာရှိခဲ့သော် လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ၌ သိသာစွာများပြားလာသည်။

အင်းတော်ကြီးကန်သည် ကချင်ပြည် နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် တည်ရှိ ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့် မြောက် အ လျား ၁၄ မိုင်၊ အနံ ခုနစ်မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄ ဒသမ ၆၇ စတုရန်းမိုင် ကျယ်ဝန်း၍ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ ၇၀၀ အမြင့်တွင် တည်ရှိသည်။

အင်းတော်ကြီးကန်အား ဘေးမဲ့တောအဖြစ် ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး UNESCO ၏ ဇီဝအဝန်းနယ်မြေ ( UNESCO Biosphere Reserve) တစ်ခုအဖြစ် ၂၀၁၇ ခုနှစ်တွင် စာရင်းသွင်းခဲ့သည်။ အင်းတော်ကြီးကန် ဘေးမဲ့တောအတွင်းတွင် မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသော ငှက်မျိုးစိတ် ၁၀ ခုအပါအဝင် မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်း ဖွား မြန်မာလေးကွက်လိပ် (Burmese peacock turtle) နှင့် ဒေသရင်းဖွား ငါးမျိုးစိတ်အများအပြားရှိပြီး နှစ်စဉ် ဆောင်းခိုငှက် ၂၀၀၀၀ ကျော် ဝင်ရောက်သော နေရာလည်းဖြစ်သည်။

Leave a comment