
ဒဂုံမြို့သစ် ၄ မြို့နယ် အပါအဝင် သာကေတနှင့် ဒေါပုံမြို့များသို့ ရေပေးဝေမည့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှာ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအစိုးရများ အကြား Exchange of Note နှင့် Loan Agreement များကို လက်မှတ် ရေးထိုး နိုင်ခဲ့ပါတယ်။ ချေးငွေပမာဏကတော့ ဂျပန်ယန်း ၂၃.၆၈၃ ဘီလီယံ ဖြစ်ပြီး၊ အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနှင့် ချေးငွေပြန်ဆပ် ရမည့် ကာလကတော့ နှစ်ပေါင်း လေးဆယ် ဖြစ်ပါတယ်။
လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ နေ့စဉ်ရေဂါလန် သန်း ၄၀ ပေးဝေနိုင်မှာ ဖြစ်ပြီး၊ ရေပေးဝေရေးဇုန်-၇ ဖြစ်တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ နေ့စဉ် ရေဂါလန် ၁၃ သန်း၊ ရေပေးဝေရေးဇုန်-၈ ဖြစ်တဲ့ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဆိပ်ကမ်းသို့ နေ့စဉ် ရေဂါလန် ၁၄ သန်း၊ ရေပေးဝေရေးဇုန်-၂ မှာပါဝင်တဲ့ သာကေတနှင့် ဒေါပုံသို့ နေ့စဉ် ရေဂါလန် ၃ သန်း၊ သီလဝါအထူးစီးပွားရေးဇုန်သို့ နေ့စဉ် ရေဂါလန် ၁၀ သန်း အသီးသီး ပေးဝေသွားမှာ ဖြစ်ပါတယ်။
ဇုန်အလိုက်ရေပေးဝေရေးစနစ်မှာ ရေဖြန့်ဖြူးပေးဝေရေး ရေလှောင်ကန်(Service Reservoir)နှင့် ရေတွန်းစက်ရုံ(Pumping Station)များ တည်ဆောက်သွားမှာဖြစ်ပြီး၊ အဆိုပါရေလှောင်ကန်များမှ ဇုန်အလိုက် ရေဖြန့်ဖြူးပေးဝေသွားမှာဖြစ်ပါတယ်။ အဲဒီလို ရေဖြန့်ဝေတဲ့အခါမှာ ဇုန်အတွင်းမှာရှိတဲ့ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များ (DMA, District Meter Area)ကို ရေဖိအား ညီညီမျှမျှ ပေးဝေသွားနိုင်ဖို့အတွက် SCADA(Supervisory Control and Data Acquisition) System ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ရေပေးဝေရေးဇုန်-၇ ရဲ့ Service Reservoir နှင့် Pumping Station များကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်ရဲ့ အရှေ့ဘက် ၁၃၁ ရပ်ကွက်မှာ တည်ဆောက်ထားပါတယ်။ Service Reservoir ကတော့ ရေဂါလန် ၄.၆ သန်းဆန့်ပြီး၊ Pumping Station စွမ်းရည်ကတော့ တစ်နာရီကို ရေဂါလန် ၇ သိန်း ဖြန့်ဝေ ပေးနိုင်မှာ ဖြစ်ပါတယ်။
ရေပေးဝေရေးဇုန်-၈ ရဲ့ Service Reservoir နှင့် Pumping Station များကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၆၉ ရပ်ကွက်မှာ တည်ဆောက် ထားပါတယ်။ Service Reservoir ကတော့ ရေဂါလန် ၆ သန်းဆန့်ပြီး၊ Pumping Station စွမ်းရည်ကတော့ ဇုန်-၈ အတွက် တစ်နာရီကို ရေဂါလန် ၁၁ သိန်းနှင့် သီလဝါ အထူး စီးပွားရေးဇုန်အတွက် တစ်နာရီကို ရေဂါလန် ၃.၈ သိန်း ဖြန့်ဝေ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဇုန်-၈ Service Reservoir မှ သီလဝါအထူးစီးပွားရေးဇုန်ထိ ပေးဝေသွားမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းမှာပါဝင်တဲ့ ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်းကိုတော့ YCDC မှ ဆောင်ရွက်ခဲ့တာဖြစ်ပြီး စမ်းသပ်လည်ပတ်နေပြီ ဖြစ်ပါတယ်။ ရေသန့်စင်စက်ရုံကတော့ အမှတ်-၂ လမ်းနှင့် အမှတ်-၇ လမ်းဆုံအနီးမှာ တည်ရှိပါတယ်။ လဂွန်းပြင်ဆည်ရေကို ရယူသန့်စင်မှာဖြစ်လို့ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။
ရေပို့ပိုက်လိုင်း(Transmission Pipe)အရှည် ၂၇.၄ မိုင်၊ ရေဖြန့်ဝေပိုက်လိုင်း (Distribution Pipe)ပိုက်လိုင်း အရှည် ၁၇၉.၆ မိုင်ရှိပါတယ်။ ပိုက်အရွယ်အစားများ ကတော့ အသေးဆုံးအချင်း 100 mm မှ အကြီးဆုံးအချင်း 1000 mm အထိ ပိုက်အရွယ်စုံ ပါဝင်ပါတယ်။ DMA ပိုက်လိုင်းကွန်ရက်ပေါင်း ၅၆ ခု တည်ဆောက်မှာဖြစ်ပါတယ်။ SCADA စနစ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်သို့ ရေပေးပို့မည့် ပဲခူးမြစ်အောက်ဖြတ် ရေပို့ပိုက်လိုင်းဆက်သွယ်(Bago River Pipeline Crossing) သော လုပ်ငန်းမှာလည်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပါသည်။ ပြီးစီးပြီး ရေဖြန့်ဝေပေးနိုင်တဲ့ နေရာများကို စမ်းသပ်ပေးဝေရင်းဖြင့် ၂၀၂၂ ခုနှစ် မတ်လမှာ စီမံကိန်းအားလုံး ပြီးစီးတော့မှာ ဖြစ်ပါတယ်။
JICA ODA LOAN နဲ့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်သီလဝါ အထူးစီးပွားရေးဇုန်သို့ နေ့စဉ်ရေဂါလန် ၁၀ သန်း ရောင်းချရငွေများနှင့် ရေသုံးစွဲသူပြည်သူများမှ ပြန်လည်ရရှိမည့် ရေဖိုးရေခများဖြင့် ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။