မြို့ပြ၊ အပူကျွန်းနှင့် သစ်ပင်

ကမ္ဘာ့မြေမျက်နှာပြင်၏ စတုရန်းကီလိုမီတာ ၄ . ၅ သန်းမျှသောမြေပြင်ကို မြို့များက နေရာယူထားသည်။ ၂၀၂၀ ပြည့်နှစ်စာရင်းအရ ကမ္ဘာ့လူဦးရေသန်း ၄၄၀၀ သည် မြို့ကြီးများ၌ နေထိုင်ကြသည်။ မြို့နေလူဦးရေ ဆက်လက်တိုးပွားလာနေရာ ၂၀၃၅ ခုနှစ်တွင် မြို့ကြီးများ၌ ကမ္ဘာ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမျှ နေကြမည်ဟု ခန့်မှန်းရသည်။

မြို့ကြီးများရှိ ကားများ စက်ရုံများ စသည်တို့မှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက် ထုထည်သည် လေထဲရောက် ယင်းဓာတ်ငွေ့ပမာဏ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမျှရှိသည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့်အတူ နိုက်ထရိုဂျင်အောက်ဆိုက်၊ အမိုးနီးယား၊ ဆာလ်ဖာဒိုင်အောက်ဆိုက်နှင့် အိုဇုန်းတို့လည်း မြို့များမှ ထွက်ပေါ်ကာ လေထုကို ညစ်ညမ်းစေလျက် ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူခုနစ်သန်းမျှ သေဆုံးနေသည်ဟု ဆိုသည်။

ယင်းဓာတ်ငွေ့များကို တန်ပြန်နိုင်သည့်နည်းတစ်နည်းမှာ မြို့များတွင် သစ်ပင်များကို ဖြစ်နိုင်သမျှ များများစိုက်ပေးခြင်း ဖြစ်သည်။

သစ်ပင်များသည် အဆိပ်ဓာတ်ငွေ့အများစုနှင့် အမှုန်များကို ဖယ်ရှားပေးခြင်းဖြင့် လေထုညစ်ညမ်းမှုကို သက်သာရစေသည်။ အရွယ်ရောက်ပြီးသစ်ပင်တစ်ပင်သည် တစ်နှစ်လျှင် ကာဘွန်ဒိုင်အောက်ဆိုက် ၁၅၀ ကီလိုဂရမ်ကို စုပ်ယူနိုင်သည်။ ယနေ့လန်ဒန်မြို့ရှိသစ်ပင်များထဲ၌ ကာဘွန်တန်ချိန်ပေါင်း နှစ်သန်းခွဲမျှ စုပ်ယူသိုမှီးထားသည်ဟု ခန့်မှန်းကြသည်။

သစ်ပင်တစ်ပင်သည် တစ်နှစ်လျှင် ပေါင် ၂၆၀ မျှသောအောက်ဆီဂျင်ကို ထုတ်ပေးသည်။

မြို့များရှိ ကတ္တရာနှင့် ကွန်ကရစ်ပြင်များက ထုတ်လွှတ်သောအပူဓာတ်သည် အလွန်များပြားသည်။ မြက်ခင်းတစ်ခုသည် နွေရက်တစ်ရက်တွင် ၄၂ ဒီဂရီထက်ပိုမပူနိုင်သော်လည်း ကတ္တရာပြင်သည် ၇၅ ဒီဂရီစင်တီဂရိတ်၊ ကွန်ကရစ်ပြင်သည် ၆၅ ဒီဂရီစင်တီဂရိတ်မျှ ပူပြင်းနိုင်သည်။

မြို့ပြနယ်မြေသည် ယင်းအပူများကြောင့် ပတ်ပတ်လည် မြို့ပြင်နယ်မြေထက် ပိုပူနေသဖြင့် မြို့ပြတို့ကို အပူကျွန်းများ(Heat Islands)ဟု ခေါ်ဝေါ်ကြသည်။ မြို့ပြအပူကျွန်းများသည် ပတ်ဝန်းကျင်ထက် ပျမ်းမျှ ၅ ဒီဂရီမှ ၁၀ ဒီဂရီအထိ ပိုပူသည်။

ဤပုံသည် ၂၀၂၂ ခုနှစ် မေလက အိန္ဒိယနှင့် ပါကစ္စတန် နေရာအချို့တွင် ပြင်းထန်သော အပူလှိုင်းများ ကျရောက်စဉ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နှင့် ဝန်းကျင်ဒေသများကို နိုင်ငံတကာ အာကာသ စခန်းမှ ရိုက်ယူထားသောပုံ ဖြစ်သည်။ ပုံတွင် နယူးဒေလီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာတို့တွင် အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် အထိ ရောက်နေသည်ကို အနီရောင်အကွက်များ အသွင်ဖြင့် မြင်နိုင်ပြီး အဆောက်အဦး မရှိသော ကွင်းပြင်များတွင် အပူချိန် လျော့နည်းနေသည်ကို တွေ့နိုင်သည်။

မြို့များတွင် စနစ်တကျ တွက်ချက် သတ်မှတ်ထားသော နေရာများ၌ သစ်ပင်စိုက်ထားလျှင် သစ်ပင်မရှိသည်ထက် ၂ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီစင်တီဂရိတ်ခန့် အပူချိန်လျော့နည်းသည်။

သစ်ပင်များ ရှိခြင်းကြောင့် မိုးရေများ မြေအောက်သို့ စိမ့်ဝင်နိုင်သည်။ သစ်ပင်များ၏ အရိပ်ကြောင့် မြေပြင်မှ ရေငွေ့ပြန် ဆုံးရှုံးခြင်းကို လျော့ပါးစေသည်။

အိမ်ဝန်းကျင်၌ သစ်ပင်များရှိလျှင် သွေးတိုးနှင့်စိတ်ဖိစီးမှု လျော့နည်းသည့်အပြင် စိတ်ကျန်းမာ ရွှင်လန်းစေကြောင်း သုတေသနပြု တွေ့ရှိပြီး ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s