(ဤဆောင်းပါးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စာရေးသူ၏ ဖေ့စ်ဘုတ်ဂရုတွင် စက်ရေတွင်းတူးလုပ်ငန်း လုပ်ကိုင်နေကြသူများ၊ ရေရရန် ခက်ခဲနေသူများ ပြောဆိုကြလာသဖြင့် စာရေးသူ သင်ကြားခဲ့သော ပညာနှင့် လက်တွေ့ အတွေ့အကြုံကိုအခြေခံ၍ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ပြန်လည်ဆွေးနွေးမှုများလည်း ဝမ်းသာစွာ ပြုလုပ်ဖြစ်ခဲ့ပါသည်။ ထိုစဉ်က ရေးသားသည့်အတိုင်း ပြန်လည်ဖော်ပြထားပါသည်။)
၁။ မြေအောက်ရေထုတ်ယူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စူးစမ်းရှာဖွေရေးလုပ်ငန်းများကို ယခုအခါ ဘက်စုံ စနစ်တကျ တိုးတက်လုပ်ကိုင်လာကြသည်။ မမြင်ရသောရေ ရှိနိုင်မည့် မြေအောက်ထဲသို့ လူကိုယ်တိုင် ဆင်းကြည့်သကဲ့သို့ မြေလွှာ၏ သိပ္ပံပညာရပ်ဆိုင်ရာ အချက်အလက်များကို ကွန်ပြူတာနည်းပညာ အခြေခံ ကွန်ပျူတာပုံစံထုတ် စူးစမ်းရေးနည်းစနစ်များ ဖြစ်သည်။
၂။ သို့သော် မြေအောက်ရေစူးစမ်းရှာဖွေသည့် နည်းစနစ်များသည် မြေလွှာစူးစမ်း အဓိပ္ပာယ်ဖော်စက် (တာရာမီတာ မြေအောက်ရေလွှာရှာစက်) (အရပ်အခေါ်-ရေရှာစက်) တစ်ခုတည်းကို အားထားအသုံးချပြီး အဖြေထုတ်ယူပါက ပြည့်စုံမှန်ကန်တိကျသောအဖြေရနိုင် မရနိုင် စဉ်းစားဖွယ်ဖြစ်ပါသည်။
၃။ ဘူမိဗေဒ၊ ဘူမိရုပ်သွင်ပညာ၊ ဇလဘူမိဗေဒပညာ၊ ဇလဗေဒပညာရပ်များကို တွဲဖက် လေ့လာ တိုင်းတာမှသာ ပြီးပြည့်စုံသောအဖြေ ရရှိနိုင်ပါမည်။ တိုင်းတာသူသည် ထိုပညာရပ်များကိုလည်း အခြေခံ သိနားလည်ထားရပါမည်။
ရေရှာသည့်စက်ကိုအသုံးပြုပြီး မြေအောက်ရေရှာဖွေရာတွင် –
၄။ မြေအောက်ရေအောင်းလွှာ ဖြစ်တည်ဖွဲ့စည်းပုံ၊ သိုလှောင်ထားရှိပုံ ယေဘုယျ ပုံပန်းသဏ္ဍန်ကို သိထားဖို့ လိုပါသည်။
မြေအောက်ရေသည်
(က)။ နုန်းတင်မြေနုပို့ချရာဒေသ၌ ရေအောင်းလွှာသည် အလျားလိုက်(သို့)ဇယားပုံ(သို့)အနည်ပို့ချစဉ်က အခြေအနေ ပုံပန်းသဏ္ဍန် (horizontal / linear /tabular configuration) စသည့် အနေအထားများအတိုင်း ဖြစ်တည်နေကြသည်။ မြေအောက်ရေနေနှင့်ရေအောင်းလွှာများကို သိသာစွာ အတွေ့ရများသည်။
(ခ)။ ကွဲအင်များ ပတ်ကြားအက်များရှိသည့် မီးတောင်ကျောက်နှင့် အသွင်ပြောင်းကျောက်အတွင်း၌ မြေအောက်ရေသည် ထိုကွဲအင်၊ ပတ်ကြားအက်များတလျှောက် စီးဆင်းနေကြသည်။
အဆိုပါ စီးဆင်းနေသည့်ပုံစံကို ရှေ့နောက်အစီအစဉ်တကျ စီးဆင်းခြင်းဟု ခေါ်ကြ၏။
(ဂ)။ ထုံးကျောက်လွှာများအတွင်း မြေအောက်ရေစီးဆင်းပုံသည် ရေစီးဆင်းနေသည့် မြေအောက် ရေမြောင်း၊ လှိုင်ခေါင်းများ၏ ပုံသဏ္ဍန်အတိုင်းဖြစ်သည်။ ထိုသို့ အသွင်ပြောင်းကျောက်လွှာအတွင်း စီးဆင်းခြင်းကို ပညာရပ်အခေါ်အဝေါ်အရ (either a linear or tubular configuration)ဟုခေါ်ကြသည်။
(ဃ)။ မီးသင့်ကျောက်များတွင်လည်း မီးတောင်သွင်ပြင်လက္ခဏာရှိသည့် ကျောက်ကျိုးပဲ့ဇုံများ၊
မြေအောက်ရေစီးကြောင်းများအတွင်း ဖြစ်တည်နေသည့် မြေအောက်ရေများသည် အထက်ပါ အသွင်ပြောင်းကျောက်လွှာတွင် စီးဆင်းပုံအတိုင်းဖြစ်သည်။ ရေအောင်းလွှာ အမျိုးအစားမှာ ဖိအားရှိ ရေအောင်းလွှာ ပုံစံဖြစ်သည်။

၅။ မြေအောက်ရေ စူးစမ်းလေ့လာရေးနည်းများစွာရှိသည်။ လေ့လာမည့် စီမံကိန်းနေရာဒေသ၏ ဘူမိဗေဒ အခြေအနေ၊ မြေပြင်အနေအထားနှင့် လုပ်ဆောင်သည့် နည်းစနစ်ပေါ်တွင် များစွာတည်သည်။မှန်ကန်သည့် နည်းစနစ်မှာ ပထမမြေပေါ်စူးစမ်းလေ့လာရေးနည်း ဖြစ်သည်။ မြေပေါ်စူးစမ်းလေ့လာရေးတွင် နယ်မြေဒေသ၏ ဘူမိဗေဒပညာ၊ ဘူမိရုပ်သွင်ပညာ၊ ဇလဗေဒပညာ။
၆။ မြေအောက်ရေကဏ္ဍ စနစ်တကျဖွံဖြိုးတိုးတက်ရေးအတွက် မြေအောက်ရေ စူးစမ်းလေ့လာရေး လုပ်ငန်းများကို အောက်ပါ မြေပေါ်စူးစမ်းလေ့လာရေးနည်းများဖြင့် လေ့လာရသည်။
က။ ရိုးရာအစဉ်အလာနည်းများ
၁။ ခက်ရင်းခွပုံဒုတ်ချောင်းဖြင့် မြေအောက်ရေရှာနည်း၊ (Divining Rod- Water Diviners)
၂။ မြေထမင်းအိုး ဟင်းအိုးများ အသုံးပြုရှာနည်း (Earthen pots)
၃။ တိရစ္ဆာန်တို့၏ဗီဇစရိုက် (Animal instinct) ဖြင့် ရှာဖွေနည်း
၄။ သစ်သီး၊ သစ်ပင်များဖြင့်ရှာဖွေနည်း (Vegetation method)
၅။ မြန်မာ့ရိုးရာကွမ်းရွက်ဖြင့် ရေရှိမရှိ၊ စမ်းသပ်နည်း (Using Betel leaf Method)
ခ။ ဘူမိဗေဒ၊ ဘူမိရုပ်သွင်နှင့် ဇလဗေဒ၊ မိုးလေဝသဆိုင်ရာအချက်အလက်များကို အခြေခံ၍ စူးစမ်းလေ့လာခြင်း (Geological, Geomorphological and Meteorological & hydrological Exploration for Groundwater)
ဂ။ မြေပေါ်ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာသည့်နည်းများ (Surface Geophysical Exploration Methods)
ထိုနည်းဖြင့် စူးစမ်းလေ့လာရာတွင် လေ့လာရာဒေသ၏ လက်ရှိစက်ရေတွင်းများမှ ရရှိသော ဇလဘူမိဗေဒ ဆိုင်ရာ အချက်အလက်များ၊ မြေသဘာဝ၊ ဘူမိဗေဒအခြေအနေ၊ ကျောက်လွှာ၊ မြေလွှာ အမျိုးအစား၊ နေထားဘူမိဗေဒအရ ကျောက်လွှာအတိမ်းအစောင်း၊ လွှာတွန့်ကုန်း၊ လွှာတွန့်ချိုင့်စသည်တို့နှင့် သဘာဝ အပင်ပေါက်ရောက်မှု အခြေအနေများကို တွဲဖက်လေ့လာပြီး ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုကို ပြုရာသည်။ ထိုအချက်အလက်များကို အခြေခံ၍ မိမိတူးဖော်လိုသည့် စက်ရေတွင်းနေရာ၊ တူးဖော်ရမည့် ခန့်မှန်းအနက်ပေ၊ ရေရရှိနိုင်မှုအခြေအနေနှင့် တွင်းအရွယ်အစား၊ အရည်အသွေးတို့ကို ခန့်မှန်းနိုင်သည်။
မြေပေါ်ဘူမိရူပဗေဒ စူးစမ်းလေ့လာရေးနည်းများကို အောက်တွင်ဖော်ပြထားသည်။
၁။ ကမ္ဘာ့မြေထုဆွဲငင်အားကို အခြေခံတိုင်းတာနည်း (Gravity Method)
၂။ သံလိုက်နည်းဖြင့်ရှာဖွေနည်း (Magnetic Method)
၃။ ဆိုက်စမစ်ငလျင်လှိုင်းလွှတ်တိုင်းတာနည်း (Seismic Method)
၄။ လျှပ်စစ်သံလိုက်စက်ကွင်းဖြင့် တိုင်းတာနည်း (Electromagnetic Method/ EM)
၅။ လျှပ်စစ်ခုခံမှုနည်းဖြင့် တိုင်းတာနည်း (Electrical Resistivity Method) ၇။ မြေပေါ်ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာသည့်နည်းများနှင့် အခြေခံ
(Surface Geophysical Exploration Methods)
ထိုနည်းဖြင့် စူးစမ်းလေ့လာရာ၌ လေ့လာရာဒေသရှိ တူးဖော်ထားပြီးသည့် စက်ရေတွင်းများမှ ရရှိသော ဇလဘူမိဗေဒဆိုင်ရာ အချက်အလက်များ၊ မြေသဘာဝ၊ ဘူမိဗေဒအခြေအနေ၊ ကျောက်လွှာ မြေလွှာ အမျိုးအစား၊ နေထားဘူမိဗေဒအရ ကျောက်လွှာအတိမ်းအစောင်း၊ လွှာတွန့်ကုန်း၊ လွှာတွန့်ချိုင့် စသည်တို့နှင့် သဘာဝအပင်ပေါက်ရောက်မှု အခြေအနေများကို တွဲဖက်လေ့လာပြီး ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာမူ့ကိုပြုရာသည်။ ထိုအချက်အလက်များကို အခြေခံ၍ တိုင်းတာမည့်နေရာ ရွေးချယ်ရသည်။ အဆိုပြုသည့်စက်၊ ရေတွင်းနေရာ၊ တူးဖော်ရမည့်အနက်ပေ၊ ရေရရှိနှိင်မှု၊ ခန့်မှန်းရေထွက်နှုန်းနှင့် တွင်းအရွယ်အစား၊ အရည်အသွေးတို့ကို ခန့်မှန်းနှိင်သည်။
မြေပေါ်ဘူမိရူပဗေဒ စူးစမ်းလေ့လာရေးနည်းများကို အောက်တွင် ဖော်ပြထားသည်။
လျှပ်စစ်ခုခံမှုနည်းဖြင့် တိုင်းတာနည်း၏ ရည်ရွယ်ချက်
၁။ မြေမျက်နှာပြင်အောက်ရှိ မြေလွာများ၏ ပြန့်နှံ့နေသော ခုခံနိုင်စွမ်းအားကို သိရှိရန်ဖြစ်သည်။ တိုင်းတာမှုများမှတဆင့် မြေအောက်ရေ ခိုအောင်းနေသောအလွှာနှင့် မြေအောက်ရေ မခိုအောင်းနိုင်သော အလွှာများ၏ ခုခံနိုင်မှုအား (Rho)ကို သိနိုင်သည်။ မြေလွှာ၏ခုခံမှုကိန်းသည် မတူကွဲပြားသော ဘူမိဗေဒ ဆိုင်ရာ အချက်အလက်များဖြစ်သည့် ပျော်ဝင်ပစ္စည်း (အရည်ပါဝင်မှု၊ အစိုင်အခဲ)နှင့် စိမ့်တာနှုန်း၊ အရည်ပျော်ဝင်နေသည့် အနေအထား၊ ပမာဏတို့နှင့် ဆက်စပ်နေသည်။
၂။ လျှပ်စစ်ခုခံမှုနည်းဖြင့် တိုင်းတာနည်းကို ဆယ်စုနှစ်များစွာက အစပြု၍ ဇလဘူမိဗေဒဆိုင်ရာ၊ သတ္တုတွင်း လုပ်ငန်းများဆိုင်ရာ၊ ဘူမိအင်ဂျင်နီယာစူးစမ်းရေးလုပ်ငန်းများတွင် အသုံးပြုခဲ့ကြသည်။ ဘူမိရူပဗေဒ စူးစမ်းနည်းသည် မြေလွှာများ လျှပ်စစ်ဂုဏ်သတ္တိကို အခြေခံတိုင်းတာနည်းဖြစ်သည်။
၃။ လျှပ်စစ်ခုခံမှုတိုင်းတာနည်းသည် ပုံမှန်အားဖြင့် လျှပ်စစ်စီးပစ္စည်းနှစ်ခု (two current electrodes C1and C2) ကတစ်ဆင့် မြေကြီးထဲသို့ လျှပ်စစ်စီးဆင်းစေပြီး လျှပ်စစ်စွမ်းအား ပြန်လည် တုံ့ပြန်ပေးသည့် လျှပ်စစ်ငုတ်နှစ်ခု (two potential electrodes / P1 and P2)တွင် လျှပ်စစ်ဗို့အားကွာခြားမှုကို တိုင်းတာသည်။ လျှပ်စစ်စီကြောင်း (I) နှင့် ဗို့အား (V) တို့၏ တန်ဖိုးညီမျှခြင်းမှာ –
ƿ a = K V/I
Ƿ = လျှပ်စစ်ခုခံမှုတန်ဖိုး Resistivity value (Rho)
a = ယူနစ်ဧရိယာ
ဤညီမျှခြင်း၌ K သည် လျှပ်ကူးပစ္စည်း ၄ ခု (4 Electrodes) ကို သုံး၍ ရရှိမည့် (pa) တန်ဖိုးကို တွက်ချက်ရာတွင် သုံးသည့် လျှပ်ကူးပစ္စည်းလေးခုပေါ် မူတည်သော ဂျီသြမေတြီကိန်းသေတန်ဖိုး (geometric factor) ဖြစ်သည်။ လျှပ်စစ်လွှတ်ခုခံမှုတိုင်းနည်းတွင် လျှပ်ကူးပစ္စည်း(လျှပ်စစ်ငုတ်) အစီအစဉ်ထားရှိမှု electrode arrangement) ကို လျှပ်ကူးပစ္စည်းစီစဉ်ထားမူ (Array)ဟုခေါ်ကြသည်။ အခြားသော လျှပ်ကူးပစ္စည်း (Array)များမှာ (Wenner, Schlumberger) နှင့် (dipole- dipole) ခင်းကျင်းခြင်းတို့ဖြစ်သည်။ အခင်းအကျင်းခြင်းပုံသဏ္ဍန်များကို ပညာဗဟုသုတအဖြစ် အောက်တွင် ဖော်ပြထားသည်။

၄။ ထောင်လိုက်လျှပ်စစ်လှိုင်းလွှတ်နည်း (Vertical Electrical Sounding)

မြေပေါ်မှထောင်လိုက် လျှပ်စစ်လွှတ်စူးစမ်းနည်းသည် အောက်ဖော်ပြပါ ပုံသဏ္ဍန် (Configuration) အမျိုးအစားများ၌ရှိသော မြေအောက်ရေအောင်းလွှာကို ရှာဖွေရာတွင် ပိုမိုအသုံးဝင်သည်။ မြေအောက်ရေ ရှာဖွေရေးတွင် ရှေးအကျဆုံးနှင့် အသုံးဝင်ဆုံးသောနည်းပညာ ဖြစ်သည်။
(က) ခက်ဖျာရေဆင်းပုံရှိသော ရေအောင်းလွှာပုံသဏ္ဍာန် အမျိုးအစား (Dendritic configuration)
(ခ) လိုဏ်ခေါင်းပေါက်များ၊ အခန်းပုံပန်းသဏ္ဍာန်အမျိုးအစား (Cavernous configuration) (ဂ) စားပွဲပိတ်ပုံပန်းသဏ္ဍာန်အမျိုးအစား (Tabular configuration) (ဃ) အဖြောင့်အနေအထား ပုံပန်းသဏ္ဍာန်အမျိုးအစား (Linear configuration) ရှိသော တွဲဆက်အက်ကြောင်းနှင့် ကျယ်ပြန့်သော အက်ကြောင်းများ (Joints and fissures) င) မြင့်မားသော တောင်ခြေရှိ မတ်စောက်သောကုန်းပုံသဏ္ဍန် မြေလွှာအစုအပုံနှင့် မတ်စောက် ကျဉ်းမြောင်းသော တောင်ကြားနှင့် မြေပြန့်လွင်ပြင်ကြားရှိ ယပ်တောင်ပုံ မြေစုမြေပုံ (alluvial fans & cones)များနှင့် ကျောက်လွှာများအတွင်း ကြေမွစာများဖြင့် ပြည့်နေသည့်ပျော်ရည်စီးကြောင်းများ၊ (solution channels collapsed breccia)
မြန်မာနိုင်ငံတွင် ထိုနည်းစနစ်ဖြင့် မြေအောက်ရေရှာဖွေရေးလုပ်ငန်းများကို ၁၉၇၈ ခုလွန်နှစ်များက စတင် အသုံးပြုသည်။ ယခုအခါ ခေတ်မီအဓိပ္ပာယ်ဖော်တွက်ချက်ပေးသည့် တွက်ချက်နည်း အပြည့်အစုံ ထည့်သွင်းထားသော ဆော့ဝဲပါသည့် အဆင့်မြင့်ကွန်ပြူတာများကို အသုံးပြုနေကြသည်။ စာရေးသူတို့ခေတ်ကကဲ့သို့ (Two Layers Master Graph, Four layers Graphs, Auxiliary Graphs) များကို ကိုယ်တိုင် တိုင်းတာတွက်ချက် အသုံးမပြုကြတော့ပေ။ (သို့အတွက် ရှာဖွေတွက်ချက်၊ ပုံဖော်ထားသောအဖြေ မှန်၊ မမှန်စစ်ဆေးနိုင်မှု အားနည်းသည်)။
၅။ ထောင်လိုက်လျှပ်စစ်လွှတ်တိုင်းတာနည်း
(Electrical Survey [Vertical Electrical Sounding [VES])
ထောင်လိုက် လျှပ်စစ်လွှတ်တိုင်းတာနည်းသည် လျှပ်စစ်စီးဝင်၊ လက်ခံရယူစေမည့် အီလက်ထရုပ် ၄ ခု (4 electrodes) စနစ်ဖြင့် တိုင်းတာသည့်နည်းဖြစ်သည်။ မြေလွှာထဲသို့ အီလက်ထရုပ် ၂ ခု (2 electrodes) မှလျှပ်စစ်စီးဝင်စေသည်။ အီလက်ထရုပ် ၄ ခု (4 electrodes)၏ အကွာအဝေး အချိုးအလိုက် မြေအောက်တွင် လျှပ်စစ်လိုင်းပြန့်နှံ့သွားသည်။ အတွင်းအီလက်ထရုပ် ၂ ခု (2 electrodes) က ရရှိသည့် ဘူမိလျှပ်စစ်ဆိုင်ရာ ကိန်းဂဏန်းများ (Geo-electrical characteristic potential)ကို တွက်ချက်ဖော်ပြပေးသည်။ ဖြစ်နိုင်ခြေရှိသော ဘူမိလျှပ်စစ်လှိုင်း ပြန့်နှံသွားသည့် ကျောက်လွှာမြေလွှာ အတိမ်အနက်တို့ကို ဘူမိလျှပ်စစ်အလွှာ( Geoelectrical layer) ဖြင့် ပြသည်။ လျှပ်စစ်လှိုင်းစီးဝင်ပုံ၊ ခုခံမှုကိန်းရယူပုံတို့ကို အောက်တွင်ဖော်ပြထားသည်။

ထောင်လိုက်လျှပ်စစ်လွှတ်တိုင်းတာနည်းအခြေခံသဘော
ထောင်လိုက်လျှပ်စစ်လွှတ်တိုင်းတာနည်းသည် အလျားလိုက် အနည်ပို့ချထားသော မြေလွှာ၊ ကျောက်လွှာများ၏ လျှပ်စစ်ခုခံကိန်းပြောင်းလဲမှု၊ ပြန့်နှံ့မူကို ရှင်းလင်းစွာ တွေ့ရသည်။ သို့သော် မြေအောက်ရေနှင့် ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုများတွင် လေ့လာရာဒေသ၏ ဘူမိဗေဒသည် ကျောက်လွှာ၊ မြေလွှာပုံစံ တမျိုးတည်းမက မြေလွှာများထပ်နေပါက လျှပ်စီးကြောင်း ဖြတ်သွားရာတလျှောက် လျှပ်စစ်ခုခံမှုကိန်းတန်ဘိုးများသည် ရုတ်တရက် ပြောင်းလဲတတ်သည်။ ထိုအခြေအနေမျိုးတွင် ထောင်လိုက် လျှပ်စစ်လွှတ်တိုင်းတာနည်း တစ်ခုတည်းဖြင့် ပြည့်စုံမှန်ကန်သောအဖြေကိုမရနိုင်ပေ။ အခြားသောနည်းများနှင့် တွဲဖက်လုပ်ဆောင်သင့်သည်။
လျှပ်စစ်လွှတ်တိုင်းတာသည့်နည်းများက ရရှိသည့် လျှပ်စစ်ခုခံမူကိန်းတန်ဖိုးများနှင့် တိုင်းတာသည့်ဒေသရှိ မြေလွှာ၏ အခြေခံဘူမိဗေဒတို့ကို တိုက်ဆိုင်စစ်ဆေးနိုင်ရန်အတွက် အရေးကြီးသည့်အချက်မှာ ဘူမိရူပဗေဒပညာရှင်သည် အခြေခံဘူမိဗေဒကို နားလည်ထားရမည်။
မီးသင့်ကျောက်နှင့် အသွင်ပြောင်းကျောက်တို့၏ လျှပ်စစ်ခုခံမှုကိန်းတန်ဖိုးသည် မြင့်မား၏။ ခုခံမှုကိန်းသည် ကျောက်များတွင် ဖြစ်ပေါ်နေသည့် ကွဲအင်အနေအထားနှင့် ကွဲအင်များအတွင်း မြေအောက်ရေခိုဝင်နေမှု အနည်းအများအပေါ် တည်သည်။ ယေဘုယျအားဖြင့် အနယ်ကျကျောက်တွင် ရေစိမ့်ဝင်ပေါက်များနှင့် ရေပါဝင်မှုများသဖြင့် ခုခံမှုကိန်းတန်ဖိုးနည်းသည်။ စွတ်စိုသောမြေလွှာနှင့် သန့်စင်သော မြေအောက်ရေ သည်လည်း ယေဘုယျအားဖြင့် ခုခံမှုတန်ဖိုးမများပေ။ ခိုအောင်းနေသောရေသည် အငန်ဓာတ်ပါရှိပါက လျှပ်စစ်ခုခံမှု တန်ဖိုးပိုနည်းပေမည်၊ ရွှံ့ဆန်သောမြေသည် သဲဆန်သောမြေထက် ခုခံမှုကိန်းတန်ဖိုး ပိုနည်းသည်။
အခြေခံအကြောင်းရင်းမှာ ပါဝင်ဖွဲ့စည်းထားသော သတ္တုအမျိုးအစား များစွာမတူညီသော ကျောက်များနှင့် မြေအမျိုးအစားများ၏ ခုခံမှုတန်ဖိုးများသည် သတ်မှတ်ဇုံများအတွင်း ရှိနေနိုင်သော်လည်း ယေဘုယျတန်ဖိုး တူညီနိုင်သည်ကို သတိပြုရမည်။ အဘယ်ကြောင့်ဆိုသော် ကျောက်လွှာနှင့်မြေလွှာတို့၏ ရေစိမ့်တာနှုန်း၊ ပျော်ဝင်နေသည့်ရေပမာဏနှင့် ဓာတ်ဆား၊ ဓာတ်သတ္တုများအပေါ် မူတည်နေသောကြောင့် ဖြစ်သည်။
မြေအောက်ရေ၏ခုခံမှုကိန်း(ရိုတန်ဖိုး)သည် ကျယ်ပြန့်၏။ ရိုတန်ဖိုး ( > ၁ မှ ၁၀၀) အုမ်းမီတာ အတွင်း ရှိသည်။ မြေအောက်ရေတွင် ပျော်ဝင်နေသော ဓာတ်ဆားအနည်းအများကြောင့် ဖြစ်၏။ ဓာတ်ဆားပျော်ဝင်မှု များသော ပင်လယ်ရေ၏ခုခံမှုကိန်း (ရို) သည်အကြမ်းအားဖြင့် (ဝ . ၂၀ ~ ဝ . ၃၀)အုမ်းမီတာခန့် ဖြစ်သည်။
ဤကိန်းဂဏန်းများ၏ ကွာခြားချက်ကို အခြေခံပြီး ကမ်းရိုးတန်းဒေသ ရေချို၊ရေငန်ဆက်စပ်ဇုံကို မြေပုံဖြင့် ဖော်ထုတ်နိုင်သည်။ ကျောက်လွှာများ၏ လျှပ်စစ်ခုခံမှုကိန်းတန်ဖိုးနှင့် ရေအချို့၏ လျှပ်စစ်ခုခံမှုကိန်းတန်ဖိုးများကို မူရင်းစာအုပ်၌ ဖော်ပြထားသည်။
မီးသင့်ကျောက်နှင့် အသွင်ပြောင်းကျောက် (Igneous and metamorphic rock) တို့သည် ပုံစံအားဖြင့် လျှပ်စစ်ခံမှုကိန်း ရိုတန်ဖိုး (Igneous and metamorphic rock) မြင့်မားသည်။
ထိုကျောက်လွှာတို့၏ ခုခံမှုကိန်းတန်ဖိုးတို့သည် ကျောက်လွှာ၌ ဖြစ်တည်နေသော အက်ကွဲကြောင်းများ၏ အကျဉ်းအကျယ်၊ အရေအတွက် အနည်းအများနှင့် မြေအောက်ရေခိုအောင်းနေမှုပေါ် မူတည်သည်။ အနယ်ကျကျောက်လွှာများတွင် ယေဘုယျအားဖြင့် ရေခိုအောင်းနေသော စိမ့်ဝင်ပေါက်ငယ်များစွာ ပါဝင်သည်။ အကြမ်းအားဖြင့် လျှပ်စစ်ခုခံမှုတန်ဖိုးသည်နည်း၏။
စိုစွတ်နေသောမြေလွှာများ၏ လျှပ်စစ်ခုခံမှုတန်ဖိုးသည် နည်း၏။ ရွှံ့စေးမြေ၏ လျှပ်စစ်ခုခံမှုတန်ဖိုးသည် သဲမြေ၏ လျှပ်စစ်ခုခံမှုတန်ဖိုးထက် ပိုနည်းသည်။ သို့သော် လက်တွေ့တွင်မူ ထိုတန်ဖိုးများသည် ရောယှက်နေ၏။ လက်တွေ့ စစ်ဆေးစမ်းသပ်ချက်အရ မြေလွှာကျောက်လွှာတို့၏ လျှပ်စစ်ခုခံမှုတန်ဖိုးသည် ကျောက်လွှာပွှနှုန်း၊ ရေပျော်ဝင်နေမှု အတိုင်းအတာနှင့် ဓာတ်သတ္တုပျော်ဝင်မှုတို့အပေါ် မူတည်နေသည်။ မြေအောက်ရေ၏ လျပ်စစ်ခုခံမှုတန်ဖိုးသည် ကျယ်ပြန့်သည်။ သုတေန စမ်းသပ်စစ်ဆေးချက်များအရ ရေတွင်ပျော်ဝင်နေသော ဓာတ်ဆားအရေအတွက် အနည်းအများ၊ အမျိုးအစားတို့အပေါ် မူတည်နေသောကြောင့် ယေဘုယျအားဖြင့် အနည်ဆုံး (ဝ . ၁၀ – ၁၀ မှ ၁၀ဝ) အုန်းမီတာအတွင်း ရှိနေသည်ကို တွေ့ရ၏။ ဆိုဒီယံဓာတ်ဆား ပျော်ဝင်မှုများသော ရေခိုအောင်းနေသည့် မြေအောက်ရေသည် လျှပ်စစ်ခုခံမှုတန်ဖိုး (ရန်ကုန်-၃၃ မြို့နယ်) သည် ဝ . ၂၀ အုမ်းမီတာ ဝန်းကျင်မှာ ရှိသည်။
၆။ ဘူမိရူပဗေဒဆိုင်ရာတိုင်းတာတွက်ချက်အဖြေထုတ်ခြင်း။ (Geophysical Interpretation and Reporting)
ဤကဏ္ဍ၌ ဘူမိရူပဗေဒဆိုင်ရာ မြေပြင်လျှပ်စစ်လွှတ် တိုင်းတာခြင်းနည်းများဖြင့် မြေအောက်ရေ စူးစမ်း ရှာဖွေရေးနည်းများကိုသာ ရေးသားထားပါသည်။ တိုင်းတာရရှိသည့် ကိန်းဂဏန်း အဖြေ၊ ပုံပြဂရပ်များကို အဓိပ္ပာယ်ဖော်တွက်ချက်ခြင်း၊ ရေချိုမည်၊ရေငန်မည်စသည့် အခြေအနေမျာကို ခွဲခြားလေ့လာခြင်း၊ မြေအောက်ရေရှိနိုင်မည့် ခန့်မှန်းအတိမ်အနက် တွက်ချက်ခြင်းဆိုင်ရာ လုပ်ဆောင်နည်းများကို မဖော်ပြပါ။ထိုသို့ အဓိပ္ပာယ်ဖော် တွက်ချက်၊ အစီရင်ခံစာရေးသားသည့် လုပ်ငန်းသည် ဘူမိရူပဗေဒဆိုင်ရာ အထူးပြု ပညာရပ်လုပ်ငန်းတခုဖြစ်သည်။ သီးခြားအကြောင်းအရာတစ်ခုအနေဖြင့် ရေးသားမှသာ စာဖတ်သူ နားလည်နိုင်မည် ဖြစ်ပြီး ပြည့်စုံသောစာတမ်းတခုအနေနှင့် ရေးသားရမည်ဖြစ်သည်။ အခြေအနေ အချိန်အခါ ပေးပါကရေးသားပါမည်။