ရန်ကုန်နှင့် စင်ကာပူတို့သည် လူဦးရေငါးသန်းခွဲခန့်စီ ရှိကြသောအချက်တို့တွင် တူညီကြသည်။ ရန်ကုန်ရော၊ စင်ကာပူတွင်ပါ တစ်နှစ်လျှင်မိုးရေချိန်လက်မ ၁၀၀ ခန့်စီရွာသည်။ ရန်ကုန်စည်ပင်သာယာသည် တစ်ရက် ရေဂါလန် ၂၀၅ သန်းခန့်သာ ပေးနိုင်သော်လည်း စင်ကာပူတွင် တစ်ရက်ရေဂါလန်သန်း ၄၃၀ ခန့်ပေးနေရာ ရန်ကုန်ထက် နှစ်ဆကျော်ဖြစ်သည်။ ၁၉၆၅ ခုနှစ်က ရန်ကုန်တွင် ရေပြဿနာကြီးကြီးမားမားမရှိခဲ့ချိန်တွင် ယင်းအချိန်က စင်ကာပူ၌ သောက်ရေအတွက် လမ်းဘေးတွင်တန်းစီစောင့်ဆိုင်းရယူနေခဲ့သည့်အဖြစ်မှ တိုးတက်လာခြင်း ဖြစ်သည်။

ထိုမျှကွာခြားရခြင်းအကြောင်းမှာ စင်ကာပူက ပို၍ချမ်းသာသောကြောင့်ဟုပြောလျှင် တစ်စိတ်တစ်ပိုင်းသာ မှန်သည်။ အဓိကအကြောင်းရင်းမှာ စင်ကာပူတွင် မိုးရေကို အတတ်နိုင်ဆုံးခံယူစုဆောင်းအသုံးချခြင်း အပါအဝင် မှန်ကန်သောရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုမဟာဗျူဟာကို ချမှတ်ထားပြီး ယင်းမဟာဗျူဟာအတိုင်း အစိုးရရော၊ နိုင်ငံသားတို့ကပါ လိုက်နာကျင့်သုံးကြသောကြောင့် ဖြစ်သည်။
ပိုက်ခေါင်းလေးခု
စင်ကာပူတွင် ပိုက်ခေါင်းလေးခုနှင့်ရေပေးနေသည်ဟု ပြောကြသည်။ ပထမပိုက်ခေါင်းမှာ အိမ်နီးချင်း မလေးရှားနိုင်ငံမှရေကို ဝယ်ယူသုံးစွဲခြင်းဖြစ်သည်။ မလွှဲသာ၍ ရေဝယ်နေရသည်ကို စင်ကာပူသားတို့ မနှစ်မြို့ကြ။ နှစ်ရှည်စာချုပ်နှင့် ဝယ်ခြင်းဖြစ်သော်လည်း စာချုပ်သက်တမ်းသက်တမ်းပြည့်၍ ရေဆက်မရောင်းတော့လျှင်၊ ရေဈေးကိုမြှင့်လိုက်လျှင်စသည့် ပူပန်မှုများ ရှိနေသည်။
ဒုတိယပိုက်ခေါင်းမှာ ကျွန်းနိုင်ငံပတ်လည်ကိုဝိုင်းနေသော ပင်လယ်ရေမှရေချိုချက်လုပ်ပေးဝေခြင်း ဖြစ်သည်။
တတိယပိုက်ခေါင်းမှာ အဆောက်အအုံများမှထွက်လာသော လူ့မိလ္လာအပါအဝင်ရေဆိုးများကိုသန့်စင်၍ သောက်သုံးရေအဖြစ် ပေးဝေသည်။ နည်းပညာအရ မည်မျှသန့်စင်ပေးနိုင်သည်ဟုဆိုဆို၊ ရေဆိုးများကို သောက်ဖို့ဆိုသည်မှာ လူတိုင်းတွန့်ဆုတ်ကြသည်။ ဤသည်ကို ထိုစဉ်ကဝန်ကြီးချုပ်ဂိုချောက်တောင်က ဦးဆောင်သောက်ပြခြင်းဖြင့် စည်းရုံးသည့်အပြင် ပြည်သူတို့ကိုယ်တိုင် နည်းပညာကိုယုံကြည်ကြသဖြင့် လည်းကောင်း၊ မည်သည့်ကျန်းမာရေးပြဿနာမှ မဖြစ်ခဲ့၍လည်းကောင်း ယခုအချိန်တွင် စင်ကာပူသား တို့သည် ရေဆိုးကို သောက်နေရသည်ဟုပင် အမှတ်မထားကြတော့ပေ။
စတုတ္ထပိုက်ခေါင်းဖြစ်သည့်မိုးရေစုဆောင်းအသုံးပြုခြင်းအစီအစဉ်သည် စင်ကာပူ၏ ရေအခက်အခဲကို တစ်စိတ်တစ်ပိုင်းဖြေရှင်းပေးနိုင်သည်သာမက ရေကြီးရေလျှံမှု အန္တရာယ်မှလည်း သိသာစွာကင်းဝေးစေသည်။
ဆက်စပ်ဖတ်ရှုရန် စင်ကာပူရေအရင်းအမြစ်
ရေကြီးရေလျှံ
စင်ကာပူ၏ မြေမျက်နှာသွင်ပြင်သည် ယေဘုယျအားဖြင့် ညီညာသောမြေပြင်ရှိသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံ၏တောင်ပိုင်း၊ အရှေ့ဘက်ကမ်းရိုးတန်းနေရာအချို့နှင့် အတွင်းပိုင်းနေရာအချို့တို့တွင် မြေနိမ့်များရှိသည်။ သည်းထန်သောမိုးနှင့်ဒီရေတို့ဆုံမိလျှင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ရတတ်သည်။ ထို့ပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် စင်ကာပူကိုပတ်လည်ဝိုင်းနေသောပင်လယ်ရေပြင် မြင့်တက်လာနိုင်ခြေလည်း ရှိနေသည်။
တစ်ဖက်တွင်လည်း စင်ကာပူသည် မြို့ပြဖွံ့ဖြိုးကြီးထွားလာမှုကို ရင်ဆိုင်နေရသည်။ ၁၉၆၀ ခုနှစ်က စင်ကာပူ လူဦးရေသည် တစ်သန်းခွဲကျော်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ် အရောက်တွင် လေးဆနီးပါးမြင့်တက်လာသည်။ များပြားလာသောလူဦးရေ၊ အဆောက် အအုံတို့နှင့်အတူ ကွန်ကရစ်နှင့် ကတ္တရာပြင်များ တိုးပွားလာသည်။ မိုးရွာသောအခါ မိုးရေများ မြေကြီးထဲစိမ့်ဝင်နိုင်မှုလျော့လာပြီး မြေပေါ်ရေစီးဆင်းမှု ပိုများလာသည်။
စင်ကာပူတွင် ရေကြီးနိုင်သောအကြောင်းတရားများစွာရှိသော်လည်း ကောင်းမွန် ခေတ်မီသော မြို့ပြစီမံ ခန့်ခွဲမှုဖြင့် မိုးရေလှောင်ကန်များ အဆင့်ဆင့်ထားရှိခြင်း၊ လုံလောက်သောအကျယ်နှင့်အနက်ရှိသည့် ရေမြောင်းများ၊ ရေတားများထားရှိပေးခြင်း၊ အဆောက်အအုံအသစ်များ ဆောက်လုပ်လျှင် ယင်းတို့မှ ထွက်လာသောမိုးရေကို မည်သို့ထုတ်ရမည်ဟူသည့်စနစ်ကျသောစီမံချက်များ ထားရှိခြင်းတို့ဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို ထိန်းချုပ်နိုင်ကြသည်။
စင်ကာပူမိုးသည် ရွာချလိုက်တိတ်လိုက်နှင့် တစ်နှစ်ပတ်လုံးဖြစ်နေရာ မိုးရွာနေချိန်တွင် မြောင်းရေ ပြည့်လာလိုက် မိုးတိတ်လျှင်ရေကျသွားလိုက်နှင့် သံသရာလည်နေသည်။ မိုးအလွန်သည်းထန်သည့် အခါများ၌ မြောင်းလျှံတက်လာတတ်ရာ မလျှံအောင် လက်ခံနုတ်သိမ်းနိုင်သောရေမြောင်းများကို ဆောက်လုပ်၍ရသော်လည်း ကုန်ကျစရိတ်အလွန်များမည်ဖြစ်၍ မှန်ကန်သောဖြေရှင်းနည်းမဟုတ်ချေ။ စင်ကာပူအင်ဂျင်နီယာတို့သည် ရေကြီးရေလျှံမှုပြဿနာကို ရေထုတ်မြောင်း ပြုပြင်ချဲ့ထွင်ရုံမျှနှင့် ဖြေရှင်းနိုင်သည်ဟူသော သမားရိုးကျစဉ်းစားမှုမှ ခွဲထွက်ကာ မိုးရေစတင်စီးကျလာသည့်နေရာမှစ၍ ကိုင်တွယ်သည်။ အချို့အဆောက်အအုံများတွင် မိုးရေများကို သီးသန့်ကန်ထဲထည့်၍ သန့်ရှင်း ဆေးကြောရာတွင် အသုံးချသည်။
မိုးရေလှောင်ကန်
နေရာအများအပြား၌ ရွာကျလာသောမိုးရေ စတင်ထိတွေ့စီးဆင်းရာဖြစ်သော အဆောက်အအုံခေါင်မိုးနှင့် မြေပြင်တို့တွင် မိုးရေလှောင်ကန်များ ဖန်တီးပေးထားခြင်းဖြင့် မိုးရေအချို့ကို ရေထုတ်မြောင်းထဲသို့ ချက်ချင်း မစီးဆင်းစေဘဲ ခေတ္တမျှသိုလှောင်ထားလိုက်သည်။ ကန်ထဲမှလျှံထွက်လာသော မိုးရေများ မြောင်းတစ်လျှောက်စီးသွားပြီးမှ ကန်ထဲရှိ လက်ကျန်ရေများဆက်စီးဝင်စေခြင်းဖြင့် အလွန်ကြီးသောမြောင်းများ တည်ဆောက်ရန် မလိုတော့ဘဲ ရေကြီးမှုကို အထိုက်အလျောက်ထိန်းသိမ်းပြီး ဖြစ်သွားသည်။

သာမန်အမြင်၌ ယင်း လုပ်ဆောင်ချက်သည် မထူးခြားလှဟု ထင်ရန်ရှိသော်လည်း စင်ကာပူတွင်မူ အဆိုပါ မိုးရေလှောင်ကန် အများအပြားသည် အုတ်၊ ကွန်ကရစ်စသည်တို့ဖြင့် ဆောက်လုပ်ထားသော တကယ့်ကန်ကြီးများ မဟုတ်ဘဲ ခေါင်မိုးပေါ်ရှိ မြက်ခင်းများ၊ အပင်ငယ် အပင်လတ်များဖြင့် တန်ဆာဆင်ထားသော ဥယျာဉ်ငယ်များ၊ အဆောက်အအုံမျက်နှာစာ၌ထားရှိသော အပင်နှင့်ပန်းအိုးများ၊ ရေစီးဆင်းလာရာလမ်းတစ်လျှောက် မြေနိမ့်ပိုင်းများတွင်စိုက်ပျိုးထားသော အပင်ငယ်များ ဖြစ်ကြသည်။
မြက်ပင်တို့၏ သေးသွယ်ရှည်လျားသောအရွက်များသည် ကျလာသည့်မိုးစက်များကိုခံယူကာ မိုးရေကို ထိန်းထားနိုင်ပြီး မြေကြီးအတွင်း ပိုက်ကွန်သဖွယ်ဖြန့်ကြက်နေသည့် အမြစ်များက မြေသား လျော့ထွက် လွင့်ပါးသွားမှုမှ ကာကွယ်နိုင်သည်။ မြက်ပင်၏ အရွက်၊ ပင်စည်နှင့်အမြစ်များက မြေမှုန်၊ အမှိုက်စသည် တို့ကို ကုတ်တွယ်ထားပြီး ရေကိုသာ ဖြတ်သန်းခွင့်ပြုကြသည်။ ထို့ကြောင့် ရေကို ထိန်းထားပေး၊ သန့်စင်ပေးနိုင်သော မြက်နှင့်အခြားအပင်ငယ်များကို မိုးရေလှောင်ကန်များအဖြစ် အသုံးပြုကြသည်။
ခေါင်မိုးမြက်ခင်း၊ မျက်နှာစာ ပန်းအိုး၊ မြေပြင်ချိုင့်ခွက်ထဲရှိ အပင်အုပ်စုများသည် မိုးရေကို အချိန် အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားပြီးမှ ရေထုတ်မြောင်းထဲသို့ စီးဝင်စေသဖြင့် ယင်းတို့ကို မိုးရေလှောင်ကန်များဟု တင်စားခေါ်ဝေါ်ခြင်း ဖြစ်သည်။ မိုးရေလှောင်ကန်များသည် အကျယ်အဝန်း တစ်စတုရန်းပေလျှင် ရေသုံးဂါလန်ကျော်အထိ ယာယီ ထိန်းသိမ်း သိုလှောင်ထားနိုင်သည်။ အပင်များ စုပ်ယူထိန်းသိမ်းထားသော မိုးရေများကို တိုက်ရိုက်အငွေ့ပျံခြင်း၊ အပင်ထဲမှတစ်ဆင့် ပင်ငွေ့ပျံခြင်းတို့ဖြင့်လည်း ရေထုတ်မြောင်းထဲစီးဝင်သည့် မိုးရေပမာဏကိုလျော့နည်းစေသည်။

မိုးရေလှောင်ကန်အချို့တွင် သဲ၊ ကျောက်စရစ်စသည့် ရေစစ်လွှာများ ခံထားပြီး မိုးရေတွင် ပါလာသော အမှိုက်နှင့်အညစ်အကြေးတို့ကို စစ်ထုတ်ကာ အထိုက်အလျောက် သန့်စင်စေပြီးမှ အောက်ခံပိုက်ငယ်များမှ တစ်ဆင့် ရေထုတ်မြောင်းများထဲသို့ စီးဝင်စေသည်။ မိုးရေများ မြောင်းထဲသို့မဝင်မီ သဘာဝအလျောက် အနည်မထိုင်နိုင်သည့် အမှုန်ငယ်များ၊ ရေညစ်ညမ်းစေသော နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ်ဓာတ်တို့ကို သတ်မှတ်ပမာဏထက်မပိုစေသည်အထိ သန့်စင်ဖယ်ရှားသည်။ မိုးရေများကိုရွာကျသည့်နေရာတွင်ပင် သန့်စင်စေခြင်းဖြင့် မြောင်းထဲသို့ရေကြည်များသာဝင်ရောက်သည်။ မြောင်းကြီးများ၊ ချောင်းများကို အပျော်တမ်းလှေလှော်နိုင်သည့် အပန်းဖြေနေရာများဖြစ်အောင်အထိ ရည်မှန်းလုပ်ဆောင်သည်။
ရေကြီးရေလျှံမှုကို လျော့နည်းစေသည်သာ မဟုတ်၊ အမိုးနှင့်မျက်နှာစာ ဝရန်တာတို့တွင် ရှိသော အပင်များကြောင့် အဆောက်အအုံအတွင်းပိုင်းကို အအေးဓာတ်အတန်အသင့်ပေးနိုင်သည်။ မျက်စိပသာဒ တင့်တယ်စေသည်။ မိုးရေလှောင်ကန်များအနီးတွင် လျှောက်လမ်းများဖောက်ထားပေးခြင်း၊ ကလေး ကစားကွင်းများ တည်ဆောက်ခြင်း၊ အနားယူရန်ထိုင်ခုံများ ချထားပေးခြင်းဖြင့် အများပြည်သူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် ဖန်တီးပေးထားနိုင်သည်။

အဆောက်အအုံနှင့် လမ်းများပေါ်မှ စီးလာသော အထိုက်အလျာက်သန့်စင်ပြီးသည့် မိုးရေများသည် စုစုပေါင်းမိုင် ၄၀၀၀ ရှည်သော ရေမြောင်းနှင့်တူးမြောင်းများ၊ မြစ်ချောင်း ၃၂ ခုတို့မှတစ်ဆင့် ရေလှောင်ကန်ကြီး ၁၇ ခုအတွင်းသို့ စီးဝင်သည်။ ရေထုတ်ခြင်းဆိုင်ရာအခြေခံအဆောက်အအုံများကို စင်ကာပူ ဒေါ်လာသန်း ၂၀၀၀ ကျော်အကုန်အကျခံတည်ဆောက်ခဲ့ပြီး နှစ်စဉ်ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်ခြင်းတို့အတွက် စင်ကာပူဒေါ်လာသန်း ၁၅၀ သုံးစွဲလျက် ရှိသည်။
ရေလွှမ်းမှုလျော့နည်း
အကျိုးဆက်အဖြစ် ၁၉၇၅ ခုနှစ်ဝန်းကျင်က စင်ကာပူတွင် ရေမကြာခဏ အလွှမ်းခံနေရသော မြေအကျယ် အဝန်းဧက ၈၀၀၀ ရှိခဲ့ရာမှ ယခုအခါရေအလွှမ်းခံရသည့်မြေအကျယ်သည် ဧက ၉၀ သာကျန်တော့သည်။ ဆယ်စုနှစ်လေးခုအတွင်း ရေလွှမ်းဧရိယာကို ၉၉ ရာခိုင်နှုန်းမျှ လျှော့ချလိုက်နိုင်သည်။
ပြည်သူအများပူးပေါင်းပါဝင်
စင်ကာပူမြေပြင်ဧရိယာစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းပေါ် ရွာကျလာသော မိုးရေများကို အထက်ပါစနစ်ဖြင့် ခံယူစုဆောင်းကာ ထပ်မံသန့်စင်ပြီး ရေပေးဝေလျက် ရှိသည်။ စင်ကာပူသည် ထိုမျှဖြင့်မကျေနပ်သေးဘဲ ၂၀၆၀ ခုနှစ်တွင် နိုင်ငံအကျယ်အဝန်း၏ ၉၀ ရာခိုင်နှုန်းကို မိုးရေခံမျက်နှာပြင်အဖြစ် ပြောင်းလဲကာ ရေပေးဝေရန် ရည်ရွယ်ထားသည်။ စင်ကာပူ၏မိုးရေခံယူသုံးစွဲစနစ် အောင်မြင်ခြင်းသည် တာဝန်ရှိသူတို့၏ အမြော်အမြင်နှင့် လုပ်ဆောင်ချက်အပြင် အများပြည်သူပူးပေါင်းပါဝင်မှု ကောင်းမွန်၍လည်း ဖြစ်သည်။ စင်ကာပူအစိုးရသည် နိုင်ငံ၏ ရေဘက်ဆိုင်ရာမူဝါဒများ၊ ရှေ့ဆက်ဆောင်ရွက်ချက်များ၏ အခြေခံသဘောကို ကျောင်းများတွင် ကျောင်းသားများ နားလည်စိတ်ဝင်စားလာအောင် ပညာပေးသင်ခန်းစာများ ထည့်သွင်း ပို့ချသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရပ်ရွာအဖွဲ့အစည်းများကို ယင်းတု့ိနိုင်သည့်ဘက်မှ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးသည်။ အကျိုးဆက်အဖြစ် စင်ကာပူသားတို့သည် သန့်ရှင်းသောသောက်သုံးရေကို အချိန်ပြည့် လုံလောက်စွာ ရရှိနေကြပြီ။
လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်က စင်ကာပူတွင်နေထိုင်ခဲ့သူများသည် သူတို့ငယ်စဉ်က ရေသယ်ကားများဖြင့် လာပို့သောရေကို တန်းစီစောင့်ဆိုင်းရယူခဲ့ရပြီး မလောက်မငသုံးခဲ့ရကြောင်း သူတို့၏ သားသမီးမြေးမြစ်များကို ပြောပြလျှင် ယနေ့စင်ကာပူ လူငယ်တို့ ပါးစပ်အဟောင်းသား မျက်လုံးအဝိုင်းသားနှင့် နားထောင်နေကြမည်။
— အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၉ ဖြစ်ပါသည်၊ ကျန်အခန်းများကို အောက်ပါလင့်ခ်များ၌ ဖတ်ရှုနိုင်ကြပါသည်။
အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆိုင်ရာနိုဘယ်ဆုရှင်
အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ
အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ
အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး
အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း
7 thoughts on “စင်ကာပူမှာရွာသည့်မိုး”