ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင်

ဆွီဒင်နိုင်ငံ စတော့ဟုမ်းနိုင်ငံတကာရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းလုံးမှ ရေဘက်ဆိုင်ရာ၌ ထူးချွန်စွာဆောင်ရွက်သူများအား “စတော့ဟုမ်း ရေဘက်ဆိုင်ရာဆု”ကို လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ နှစ်စဉ် ရွေးချယ်ချီးမြှင့်ခဲ့သည်။ ယင်းဆုသည် ရေဘက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်၌ ကျော်ကြားလှပြီး “ရေဘက်ဆိုင်ရာနိုဘယ်ဆု”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။

၂၀၁၅ ခုနှစ် “ရေဘက်ဆိုင်ရာနိုဘယ်ဆု”ကို အိန္ဒိယလူမျိုး ရာဂျင်ဒရာဆင်းအား ပေးအပ်ခဲ့သည်။ ဆုချီးမြှင့်ရေးကော်မတီ၏ မှတ်ချက်တွင် ရာဂျင်ဒရာဆင်းသည် ဒေသတွင်း ရေအခက်အခဲကို လူမှုရေးစွမ်းဆောင်ရည်တည်ဆောက်ပြီး ဒေသခံတို့၏ ပူးပေါင်းပါဝင်မှု၊ အမျိုးသမီးတို့ကို အားကိုးတာဝန်ပေး အသုံးချမှု၊ ရှေးရိုးနည်းပညာကို ခေတ်မီသိပ္ပံနည်းများနှင့် ပေါင်းစပ်ပေးနိုင်မှုတို့ကြောင့် ဆုပေးခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

သူသည် ကျေးရွာများကို ရေလွှမ်းမိုးမှုမှကာကွယ်ပေးခြင်း၊ မြေဆီလွှာထိန်းသိမ်းပေးခြင်း၊ မြစ်ချောင်းများကို ကောင်းမွန်စွာစီးဆင်းစေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း ဖန်တီးပေးခဲ့သည်။ ရာဂျင်ဒရာဆင်း၏ ဆောင်ရွက်ချက်များသည် လိုက်နာအကောင်အထည်ဖော်ရန် ကုန်ကျစရိတ်မများခြင်း၊ လွယ်ကူရိုးရှင်းခြင်း စသည်တို့ကြောင့် တစ်ကမ္ဘာလုံး နမူနာယူသင့်သည်ဟု ဆုချီးမြှင့်ရေး ကော်မတီက ဆိုသည်။

ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက် ထိခိုက်မှုကို ခံနေရသော ရေရရှိမှုအခြေအနေကို ဖြေရှင်းရာ၌ ခေတ်မီသိပ္ပံနှင့်နည်းပညာများ သက်သက်ကိုသာ အားကိုးနေ၍မရဘဲ ကောင်းမွန်သောစီမံခန့်ခွဲမှု၊ မှန်ကန်သောမူဝါဒ၊ ခေါင်းဆောင်ကောင်း ရှိမှုနှင့် အခြေအနေနှင့် လိုက်လျောညီထွေအောင် လုပ်ဆောင်တတ်မှုတို့ပေါ်တွင်လည်း မူတည်နေရာ ရာဂျင်ဒရာဆင်း၏ ဆောင်ရွက်ချက်များသည် အထက်ပါအချက်တို့နှင့် ကိုက်ညီနေသည်။

ဆုရှင်ရာဂျင်ဒရာဆင်းသည် ရေပညာရှင်တစ်ဦးမဟုတ်သည့်အပြင် ယင်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်ရန်လည်း မူလက မရည်ရွယ်ခဲ့ပေ။ သူသည် အသက် ၂၈ နှစ်အရွယ်၌ အစိုးရဝန်ထမ်း အာယုဗေဒဆေးပညာရှင်အဖြစ်မှ နုတ်ထွက်ပြီး ရာဂျက်စထန်ပြည်နယ် အာလ်ဝါခရိုင် ဂိုပါးလ်ပူရာရွာသို့ ရောက်ရှိခဲ့သည်။ ယင်းရွာတွင် ဆေးခန်းဖွင့်ရန် လက်ထောက်လေးဦးနှင့်အတူ လာခဲ့ခြင်း ဖြစ်သည်။


ရာဂျင်ဒရာဆင်းနှင့် သူ၏လက်ထောက်များ ရွာသို့ရောက်လာသောအခါ် အစီအစဉ်က တစ်မျိုး ဖြစ်သွားသည်။ ဒေသခံတို့သည် ဆေးခန်းအစား ရေကို လိုချင်ကြသည်။ ရာဂျက်စထန်ပြည်နယ်သည် ခြောက်သွေ့သော ရာသီဥတုရှိပြီး တစ်နှစ်လျှင် မိုးရေချိန် ပျမ်းမျှ ၁၆ လက်မသာ ရွာသည်။ မိုးအားလုံးလိုလိုမှာ ဇွန်လမှ စက်တင်ဘာလ အတွင်း၌သာဖြစ်၍ ကျန်လများတွင် မြေကြီးသည် ခြောက်သယောင်းနေသည်။ မြေအောက်ရေလည်း ကောင်းစွာမရ၍ ရွာတွင် ကြုံတွေ့နေရသော ရေအခက်အခဲက အတော် ကြီးမားသည်။ သောက်ရေအတွက် အမျိုးသမီးများ၊ ကလေးငယ်များ ဝေးလံသော အရပ်သို့ သွားရောက် သယ်ယူနေကြရသည်။ ရေမရှိ၍ အသီးအနှံများ ကောင်းစွာမဖြစ်ထွန်း။

ရှေးကရေရခဲ့

ဒေသခံသက်ကြီးဝါကြီးတို့၏အဆိုအရ အာလ်ဝါခရိုင်တွင် ရှေးအခါမှစ၍ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်အထိ ရေကိုလုံလောက်စွာသုံးနိုင်ခဲ့ဖူးသည်ဟု ဆိုသည်။ ဒေသတွင်း၌ သစ်ပင်သစ်တောများနှင့်စိမ်းစိမ်းစိုစိုရှိခဲ့သည်။ မြစ်ချောင်းများတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်နှင့်ချီ၍ရှိခဲ့သော ဂျိုဟတ်(Johad)များကြောင့် ရေအတွက် မပူပင်ခဲ့ရဟု သက်ကြီးရွယ်အိုတို့က ပြောသည်။

ဂျိုဟတ်ဆိုသည်မှာ မြစ်ငယ်ချောင်းငယ်များကို ပိတ်၍ မြေသား၊ အုတ်၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားသော တမံနိမ့်များ ဖြစ်သည်။ ဂျိုဟတ်များကို တည်ဆောက်ရခြင်း၏ရည်ရွယ်ချက်မှာ မိုးရေကို အလဟဿစီးဆင်းမသွားစေဘဲ တတ်နိုင်သမျှ ထိန်းသိမ်း သိုလှောင်၍ အသုံးချရန် ဖြစ်သည်။

ဂျိုဟတ်များသည် ရှားရှားပါးပါးရွာကျလာသော မိုးရေများကို တားဆီး သိုလှောင်ထားနိုင်၍ မသုံးရ မစွဲရဘဲ မြစ်ချောင်းများ၊ ထိုမှတစ်ဆင့် နောက်ဆုံး ပင်လယ်ထဲ ပြန်ရောက်သွားခြင်းကိုကာကွယ်ခဲ့သည်။ မိုးမရွာသောလများတွင် ဂျိုဟတ်မှ ရေကို ရယူ သုံးစွဲနိုင်ကြသည်။ ထို့ပြင် ဂျိုဟတ်က တားဆီး သိုလှောင်ထားသော ရေတို့သည် မြေအောက် သို့ ဖြည်းဖြည်းခြင်း စိမ့်ဝင်ကာ မြေအောက်ရေကြောကို ဖြည့်တင်းပေးသည်။ ခြောက်သွေ့ သောဒေသဖြစ်သော်ငြား မြေအောက်ရေရသောကြောင့် ဂျိုဟတ်တို့ ပတ်ဝန်းကျင်တွင် သစ်ပင်ဝါးပင်များကို တွေ့နိုင်သည်။ မြေအောက်ရေကြောင့် စိုက်ခင်းများ ရှင်သန်သည်။ ဇီဝမျိုးစုံမျိုးကွဲများ အထိုက်အလျောက် ပေါများသည်။

နှစ်ပေါင်းထောင်နှင့်ချီ၍တည်ခဲ့သော ယင်းအခြေအနေသည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်မှ စ၍ သစ်ပင်သစ်တောများကို ထင်းအတွက် အဆင်အခြင်မဲ့ ခုတ် ယူကြခြင်း ကြောင့် ပြောင်းလဲသွားသည်။ သစ်ပင်ခုတ်၍ ယင်းသစ်ပင်များကို မှီခိုရှင်သန် နေသော တိရစ္ဆာန်များ ဘုံပျောက်သည်။ မိုးရေသည် သစ်ပင်နည်းပါးသော မြေပြင်ပေါ် အရှိန်ဖြင့် စီးဆင်းလာပြီး မြေဆီလွှာကို တိုက်စားသည်။ ဂျိုဟတ်များတွင် မြေမှုန်များ၊ သဲနုန်းများဖြင့်ပြည့်လာကာ တဖြည်းဖြည်းကောသွားသည်။ ဂျိုဟတ်ကောသွား၍ မြေပေါ် မှ ရေစိမ့်ဝင်ခြင်း မရှိတော့သဖြင့် မြေအောက်ရေပြင် နိမ့်ကျသွားသည်။ ရေတွင်းများ ခန်းသွားသည်။

သက်ကြီးစကား

ဒေသခံသက်ကြီးရွာသားအချို့က ယခုကောနေပြီဖြစ်သော ဂျိုဟတ်များကို ပြန်လည်တူးဖော်ပေးလျှင် ဒေသတွင်း ရေအခက်အခဲပြေလည်မည် ဖြစ်ကြောင်း ရာဂျင် ဒရာဆင်းကိုဝိုင်းပြောကြသည်။ ရာဂျင်ဒရာဆင်းသည် ရွာပတ်လည် လှည့်လည်ကြည့် ရှုရင်း ဂျိုဟတ်များကိုလေ့လာသည်။ သူသည် ဂျိုဟတ်တို့ ပြန်လည် အသက်ဝင်လာလျှင် ရရှိမည့်အကျိုးကျေးဇူးကို မြင်သွားသည်။ ကောနေသည့် ဂျိုဟတ်များကို ပြန်လည် တူးဖော်ကြရန် ဒေသခံ လူငယ်တို့ကို စည်းရုံးသည်။ အချို့က စိတ်မပါကြသော်လည်း ရာဂျင်ဒရာဆင်း၏ ကြိုးစားမှုကြောင့် စိတ်မပါ့တပါဖြင့် တူးဖော်ကြသည်။

ရသမျှလူအင်အားဖြင့် ဖြည်းဖြည်းခြင်း တူးကြရာ ခုနစ်လခန့် ကြာသောအခါ ၁၅ ပေနက်သော ဂျိုဟတ်တစ်ခုကို ပြန်တူးဖော်နိုင်ခဲ့ကြသည်။

တူးပြီး မကြာမီမှာပင် မုတ်သုန်မိုးရွာသည်။ ဂျိုဟတ်တစ်ခုလုံး ရေပြည့်သွား သည်။ ဂျိုဟတ် ရေပြည့်ပြီး မကြာမီမှာပင် အနီးရှိ ရေခန်းနေသော အဝီစိတွင်းတစ်တွင်း၌ ရေများပြန်ရောက်နေသည်ကို တွေ့လိုက်ကြသည်။ ပတ်ဝန်းကျင်၌ သစ်ပင်များ ပြန်လည် ပေါက်ရောက်လာသည်။ စိုက်ပင်ပျိုးပင်များ ပို၍ဖြစ်ထွန်းလာသည်။ ဂေဟစနစ် ပြန်လည် ရှင်သန်လာသည်။ ရွာသားလူငယ်တို့သည် ဂျိုဟတ်ဖြင့် ရေကို ထိန်းသိမ်းနိုင်ခြင်းကြောင့် ရသောအကျိုးကို လက်တွေ့သိသွားကြသည်။ ကောနေသော အခြားဂျိုဟတ်များကို ဆက်လက်တူးဖော်ကြသည်။

Johads became the basis for community participation with general developmental impact – fewer migrations, higher participation by women, micro-credit, etc. Decisions on johads taken in local gram sabhas.

ဂျိုဟတ်ကြောင့် ရာဂျက်စထန်ဒေသတစ်ခု ပြန်လည်စိမ်းစိုလာပုံ ဗီဒီယိုကြည့်ရန် ဤနေရာကိုနှိပ်ပါ။

ဂျိုဟတ်အသစ်များကို တည်ဆောက်သည်။ ရွာပတ်လည် တွင် သစ်တောများကို စိုက်ပျိုးခြင်းဖြင့် ရေကို ထိန်းသိမ်းကာ ဂျိုဟတ်တို့၏ စွမ်းဆောင် ချက်ကို ပို၍ မြှင့်တင်ပေးကြသည်။ ရေပိုရရန် သစ်တောများကိုထိန်းသိမ်းဖို့လိုအပ်ကြောင်း သိသော ရွာသားတို့သည် သစ်ပင်များကို မခုတ်မိအောင် တတ်နိုင်သမျှ စောင့်ထိန်းကြ သည်။

ရေပြန်ရောက်လာ

၁၉၉၆ ခုနှစ်တွင် ဂိုပါးလ်ပူရာဒေသခံတို့ ပြန်လည်တူးဖော်၊ အသစ် တည် ဆောက်သော ဂျိုဟတ်များသည် ရေဂါလန်သန်း ၁၆၀ ကျော်ကို သိုလှောင်ထားနိုင် သည်။ ဂျိုဟတ်ရေများက ပြန်လည် ဖြည့်တင်းပေးမှုကြောင့် မြေအောက်ရေ မျက်နှာ ပြင်သည် ၄၅ ပေအနက်မှ ၂၂ ပေအနက်သို့ မြင့်တက်လာသည်။ မြေအောက်ရေ မြင့်လာသဖြင့် မြေဆီလွှာ ပြန်လည်စိုစွတ်လာသည်။ သီးနှံ စိုက်ခင်းများ ပြန်၍ စိုက်ပျိုး အောင်မြင်လာသည်။ တစ်သီးစားစိုက်ရာမှ နှစ်သီးစားစိုက်လာနိုင်သည်။ ရွာသားတို့ ဝင်ငွေ ပိုကောင်းလာသည်။ သိုး၊ ဆိတ်၊ နွားမွေးမြူရေးလုပ်ငန်းများ ပို၍ ဖြစ်ထွန်းလာ သည်။

ရာဂျက်စထန်ပြည်နယ် ဘူဂျာရွာ ဂျိုဟတ်မဆောက်မီနှင့်ဆောက်ပြီးမြေအောက်ရေအခြေအနေ

(ကိန်းဂဏန်းများသည် မြေပြင်မှ တွင်းရေပြင်အထိအနက်ပေကိုဖော်ပြသည်)


တွင်းအမှတ်
အနက်ပေ၁၉၈၅ ခုနှစ်(ဂျိုဟတ်မဆောက်မီ)၁၉၉၄ ခုနှစ်(ဂျိုဟတ်ဆောက်ပြီး)
၇၅ရေမရှိ၃၄
၆၈ရေမရှိ၃၃
၆၃၆၀၂၅
၅၂၄၈၂၇
၇၅၆၃၁၅
၆၄၄၅၁၈
၄၀၂၇
၇၅၆၀၂၄
၇၃၆၀၂၅
၁၀
၅၀ရေမရှိ၃၇

သစ်တောရှိ သစ်ပင်များကို စနစ်တကျ သင့်သလောက်သာခုတ်ခြင်းဖြင့် ရွာ အတွက် လောင်စာလည်းရ၊ တိရစ္ဆာန်အစာများလည်း ရကြသည်။ စီးပွားရေး အခွင့် အလမ်းများ ကောင်းလာသဖြင့် မြို့တက်၍ အလုပ်လုပ်နေကြသူအချို့ ရွာပြန်လာသည်။ ရေနှင့် ထင်းအတွက် အမျိုးသမီးတို့ ဝေးလံသောအရပ်သို့ အချိန်ကုန်ခံ ထွက်မရှာရ တော့သဖြင့် အိမ်အလုပ် ပိုလုပ်လာနိုင်သည်။ ဆပ်ပြာချက်ခြင်း၊ ယက်ကန်းရက်ခြင်း စသည့် အိမ်တွင်းလက်မှု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာသည်။ အမျိုးသမီးငယ်တို့ ကျောင်းတက်လာနိုင်သည်။

ဂျိုဟတ်မဆောက်မီနှင့်ဆောက်ပြီးဂျုံစိုက်ဧကနှိုင်းယှဉ်ချက်

ရွာအမည်ဂျိုဟတ်မဆောက်မီဂျိုဟတ်ဆောက်ပြီး
ဘူဂျာ၁၅
ပါ့သ်ရိုဒါ၁၀
ကာလတ်နာတာတာ၁၇
ဘန်တာ၁၅
ဒက်ဘရီ၁၅

ရာဂျင်ဒရာဆင်း၏ ဦးဆောင်စည်းရုံးသိမ်းသွင်းမှုသည် လက်တွေ့ကျ၍ အခြား ကျေးရွာ မြို့နယ်များကပါ လိုက်လုပ်လာကြခြင်းကြောင့် အနှစ် ၂၀ ကြာပြီးနောက် ရာဂျက်စထန်ပြည်နယ်တစ်ဝန်း၌ ဂျိုဟတ်ပေါင်း ၉၀၀၀ နီးပါးမျှ တည်ဆောက်ပြီး ရွာ ၁၀၀၀ ခန့်၌ ရေရရှိရန် ဖန်တီးပေးနိုင်ခဲ့သည်။

ရာဂျက်စထန်ပြည်နယ်တွင် ၁၉၉၉ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်များက မိုးခေါင်သော အခါ ဂျိုဟတ်များက ရေဖြည့်ထားသဖြင့် အဝီစိတွင်းအားလုံး ရေမခန်းဘဲ အသက် ဆက်နိုင်ခဲ့သည်။ ဂျိုဟတ်များကောနေခဲ့ချိန် ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အကြား ရာဂျက် စထန်၌ အကြီးအကျယ်မိုးခေါင်ခဲ့စဉ်ကမူ အဝီစိတွင်းအများစု ရေခန်းသွားခဲ့ဖူးသည်။

ရာဂျင်ဒရာဆင်းပြောသောသူ့အကြောင်း ဤနေရာကိုနှိပ်ပါ။

သူ၏ စွမ်းဆောင်ချက်များကြောင့် ရာဂျင်ဒရာဆင်းကို အိန္ဒိယနိုင်ငံတစ်ဝန်း၌ လူသိများလာကာ “ရေလူကြီး”ဟု ဂုဏ်ပြု ခေါ်ဝေါ်ကြသည်။

“စတော့ဟုမ်း ရေဘက် ဆိုင်ရာဆု”သို့မဟုတ် “ရေဘက်ဆိုင်ရာ နိုဘယ်ဆု”အတွက် ရွေးချယ်ခံရသောအခါ ရာဂျင်ဒရာဆင်းကို အိန္ဒိယတွင်သာမက ကမ္ဘာကပင်သိသွားသည်။

၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း၌ ဆွီဒင်ဘုရင်က ရာဂျင်ဒရာဆင်းအား ရေဘက်ဆိုင်ရာ နိုဘယ်ဆုကို အခမ်း အနားဖြင့် ချီးမြှင့်ခဲ့သည်။


အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၁ ဖြစ်ပါသည်၊ ကျန်အခန်းများကို အောက်ပါလင့်ခ်များ၌ ဖတ်ရှုနိုင်ကြပါသည်။

အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး

အခန်း-၅ မြေလျှိုးမိုးရေ

အခန်း-၆ မိုးကျရေချို

အခန်း-၇ အထက်ဆန်သည့်ရေ

အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

အခန်း-၉ စင်ကာပူမှာရွာသည့်မိုး

အခန်း-၁၀ တရုတ်ပြည်မှာရွာသည့်မိုး

အခန်း-၁၁ မြန်မာပြည်မှာရွာသည့်မိုး

10 thoughts on “ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s