မြန်မာနိုင်ငံရှိ အိမ်တိုင်းအိမ်တိုင်းသည် မိုးရေကို တစ်နည်းမဟုတ်တစ်နည်း သုံးဖူးကြသည်။ သို့သော် အချို့က မိုးရေခံယူသုံးစွဲခြင်းဖြင့် လုံလောက်သော ရေပမာဏရနိုင်ပါမည်လောဟု သံသယရှိကြသည်။ မိုးရေရယူသိုလှောင်ရာ၌ နည်းစနစ်မှန်ကန်လျှင် ရေမလုံလောက်သောနေရာများတွင် သန့်ရှင်းသော ရေကောင်းရေသန့်ကို အတိုင်းအတာတစ်ခုအထိရနိုင်ကြောင်း အောက်ပါတွက်ချက်မှုများအရ သိနိုင်သည်။

အိမ်ခေါင်မိုးပေါ် တစ်နှစ်အတွင်းကျလာသည့် မိုးရေပမာဏကိုသိလိုလျှင် အမိုးအကျယ်အဝန်းကို ဒေသတွင်း ရွာကျသည့်မိုးရေချိန်နှင့် မြှောက်ရသည်။

ဥပမာ- တစ်နှစ်မိုးရေချိန်လက်မ ၁၀၀ ရွာသောရန်ကုန်တွင် အလျားပေ ၄၀၊ အကျယ် ၂၅ ပေရှိသော အိမ်ခေါင်မိုးပေါ် တစ်နှစ်လုံးရွာကျသောမိုးရေပမာဏသည် ၅၁၈၇၅ ဂါလန်ရှိသည်။

ရနိုင်သောရေပမာဏကိုသိရန် ခေါင်မိုးအကျယ်အဝန်းကိုတွက်ရာ၌ ခေါင်အုပ်မှ တံစက်မြိတ်အထိ လျှောစောက်ဆင်းလာသည်ကိုထည့်မတွက်ရဘဲ ပုံပါအတိုင်းအပေါ်မှစီးကြည့်လျှင် မြင်ရသည့် ရေပြင်ညီဧရိယာကိုသာ တွက်ရသည်။

သို့သော် မိုးရေများ အမိုးပေါ်ကျရောက်ရာတွင် ဘေးသို့စင်ထွက်ခြင်း၊ အငွေ့ပျံခြင်း စသည်တို့ကြောင့် တွက်ချက်ရရှိသည်ထက် လက်တွေ့တွင် ရေအရနည်းသည်။ မည်မျှလျော့နည်းဆုံးရှုံး၍ မည်မျှ စီးကျလာသည်မှာ အမိုးပစ္စည်းပေါ် မူတည်သည်။ သွပ်၊ အုတ်ကြွပ်ကဲ့သို့ ပြောင်ချောမျက်နှာပြင်ရှိသည့် အမိုးပေါ်မှကျလာသော ရေပမာဏက များပြီး သက်ငယ်စသည့် မညီညာကြမ်းတမ်းသောအမိုးပေါ်မှ ကျလာသောရေက ပမာဏနည်းသည်။

ယေဘုယျတွက်ချက်လျှင် ရွာကျလာသောမိုးရေ ဂါလန် ၅၁၈၇၅ အနက် အိမ်အမိုးသည် သွပ်မိုးဖြစ်ပါက ဂါလန် ၄၀၀၀၀ ခန့် အောက်သို့ကျဆင်းလာပြီး သက်ငယ်မိုး ဖြစ်ပါက ဂါလန် ၂၀၀၀၀ ခန့်ရမည်။

အနိမ့်ဆုံးရသည့် တစ်နှစ်ရေဂါလန် ၂၀၀၀၀ ကျော်သည် တစ်ရက်ဂါလန် ၅၀ ကျော်ဖြစ်၍ မိသားစုတစ်စု၏ သောက်ရေအတွက်ဖူလုံသည်သာမက သန့်ရှင်းဆေးကြောရန်အတွက်ပါ တစ်စိတ်တစ်ပိုင်း ပြေလည်သည်။

အောက်ပါဇယားတွင် သွပ်မိုးအိမ်တစ်လုံး၏အမိုးမှ တစ်နှစ်အတွင်းခံယူရရှိနိုင်သည့် ရေပမာဏကို တွက်ချက် ပြထားသည်။ ဇယားအရ တစ်နှစ်မိုးရေချိန်လက်မ ၂၀ ရွာသောဒေသရှိ စတုရန်းပေ ၄၀၀ သို့မဟုတ် ပေ ၂၀ ပတ်လည်အမိုးတစ်ခုမှပင် တစ်နှစ် မိုးရေဂါလန် ၃၀၀၀ ကျော်မျှ ရရှိနိုင်ကြောင်း သိနိုင်သည်။

မိုးရေချိန်နှင့်အမိုးဧရိယာအလိုက်ရနိုင်သောမိုးရေဂါလန်

အပေါ်ဆုံးအတန်းမှကိန်းများသည် တစ်နှစ်မိုးရေချိန်(လက်မ)ဖြစ်သည်။

အမိုးဧရိယာ
(စတုရန်းပေ)
၂၀၆၀၁၀၀၁၂၀၁၅၀
၄၀၀၃၃၃၃၁၀၀၀၀၁၆၆၆၇၂၀၀၀၀၂၅၀၀၀
၆၀၀၅၀၀၀၁၅၀၀၀၂၅၀၀၀၃၀၀၀၀၃၅၀၀၀
၈၀၀၆၆၆၇၂၀၀၀၀၃၃၃၃၃၄၀၀၀၀၅၀၀၀၀
၁၀၀၀၈၃၃၃၂၅၀၀၀၄၁၆၆၇၅၀၀၀၀၆၂၅၀၀
၁၂၀၀၁၀၀၀၀၃၀၀၀၀၅၀၀၀၀၆၀၀၀၀၇၅၀၀၀
၁၅၀၀၁၂၅၀၀၃၇၅၀၀၆၂၅၀၀၇၅၀၀၀၉၃၇၅၀
၂၀၀၀၁၆၆၆၇၅၀၀၀၀၈၃၃၃၃၁၀၀၀၀၀၁၂၅၀၀၀
၂၅၀၀၂၀၈၃၃၆၂၅၀၀၁၀၄၁၆၇၁၂၅၀၀၀၁၅၆၂၅၀
၃၀၀၀၂၅၀၀၀၇၅၀၀၀၁၂၅၀၀၀၁၅၀၀၀၀၁၈၇၅၀၀
၃၅၀၀၂၉၁၆၇၈၇၅၀၀၁၄၅၈၃၃၁၇၅၀၀၀၂၁၈၇၅၀

အမှိုက်နှင့်အမှုန်

အိမ်ခေါင်မိုးပစ္စည်းအဖြစ် သွပ်မိုး၊ အုတ်ကြွပ်မိုး၊ သက်ငယ်မိုးအပြင် ကျောက်ပြားမိုး၊ ပလတ်စတစ်အမိုး စသည်ဖြင့်အမျိုးမျိုးသုံးကြသည်။ မိုးရေသည် ပင်ကိုကပင် အက်စစ်ဓာတ်ကဲသောသဘောရှိရာ အမိုးပြားမှ သုတ်ဆေးအမှုန်များ၊ သံချေးနှင့် အခြားအမှုန်များသည် မိုးရေတွင် အလွယ်တကူပျော်ဝင်လာပြီး ကျန်းမာရေးကို အန္တရာယ်ပြုနိုင်သည်။ အထူးသဖြင့် အပွန်းအပဲ့ပါသောကျောက်အမိုးပြားတို့မှ ဆင်းလာသောမိုးရေတွင် ကျောက်ဂွမ်းအမှုန်များ ရောယှက်လာတတ်သည်။

ရေတံလျှောက်နှင့်ဆက်ထားသောပိုက်တွင် ဘောလုံးထည့်ထားသည့် ရေလွှဲပိုက်တိုခံထားခြင်းဖြင့် အမှိုက်နှင့်အမှုန်ပါသောရေများ ပိုက်တိုထဲသို့စီးဝင်ကျန်ရစ်သည်။ အမှိုက်ပါသည့်ရေများ ပြည့်သည့်အခါ ဘောလုံးက ဆီး၍ပိတ်လိုက်သဖြင့် ရေကြည်များ ကန်ထဲသို့ ဆက်စီးသည်။ မိုးတိတ်သောအခါ ပိုက်တိုအောက်ဘက်ရှိ ပလပ်ကို ဖွင့်၍ အမှိုက်နှင့်အမှုန်များကို ထုတ်ပစ်နိုင်သည်။

မည်သည့်ပစ္စည်းကိုသုံးထားသောအမိုးဖြစ်စေ၊ မိုးတစ်ကြိမ်နှင့်တစ်ကြိမ်ကြားတွင် အမှိုက်များ၊ ဖုန်မှုန့်များ၊ ငှက်မစင်စသည့်အညစ်အကြေးများ တင်ကျန်နေသည်။ မိုးပြတ်ပြီးနောက် ပြန်ရွာသောအခါ ယင်းအညစ်အကြေးများ ရောယှက် ပါဝင်လာသဖြင့် ဦးစွာခံယူရရှိသောမိုးရေများကို အမှုန်နှင့်အမှိုက်တို့ကို ဖယ်ရှားပေးသည့် ရေလွှဲပိုက်တို့ထဲသို့စီးဝင်စေကာစစ်ထုတ်ပြီး အမှုန်နှင့်အမှိုက်များကုန်မှ သိုလှောင်ကန်ထဲ ထည့်ရသည်။ မိုးတိတ်သောအခါ ပိုက်တိုတွင်ပါသည့် ပလပ်ကိုဖွင့်လိုက်ခြင်းဖြင့် အမှိုက်ပါသောရေများကို ထုတ်ပစ်ရသည်။

ရေဆင်းပိုက်

ရေတံလျှောက်မှစီးကျလာသည့်ရေများကိုခံယူသော ပိုက်အရွယ်အစား မှန်ကန်ဖို့ကလည်း အရေးကြီးသည်။ ပိုက်အရွယ်လိုသည်ထက်ပို၍ ကြီးလျှင် ကုန်ကျစရိတ်များသည်။ သေးလွန်းလျှင် မိုးရေများ လျှံထွက် ဆုံးရှုံးမည်။ အနေတော်ပိုက်ကို အောက်ပါဇယားဖြင့် ရွေးချယ်အသုံးပြုသင့်သည်။

မိုးရေချိန်နှင့်အမိုးဧရိယာအလိုက် သုံးသင့်သောရေဆင်းပိုက်အချင်း

ပိုက်အချင်း
(လက်မ)
တစ်နာရီပျမ်းမျှမိုးရေချိန် ၂ လက်မတစ်နာရီပျမ်းမျှမိုးရေချိန် ၃ လက်မ
အမိုးဧရိယာ ၁၅၀ စတုရန်းပေအမိုးဧရိယာ ၁၀၀ စတုရန်းပေ
၂ . ၅အမိုးဧရိယာ ၂၅၀ စတုရန်းပေအမိုးဧရိယာ ၁၇၅ စတုရန်းပေ
အမိုးဧရိယာ ၄၅၀ စတုရန်းပေအမိုးဧရိယာ ၃၀၀ စတုရန်းပေ
အမိုးဧရိယာ ၉၀၀ စတုရန်းပေအမိုးဧရိယာ ၆၀၀ စတုရန်းပေ

အမိုးပေါ်မှ ပါလာသော အမှိုက်များပိတ်ဆို့မှုမရှိစေရန် အနည်းဆုံး ၂ လက်မပိုက်များကိုသာ သုံးသင့်သည်။

သိုလှောင်ကန်

အမိုးပေါ်မှကျလာသောရေများကို တစ်နှစ်ပတ်လုံးခံယူလျှင် မိုးနည်းဒေသများတွင်ပင် ရေဂါလန် ထောင်သောင်းချီ၍ ရနိုင်သော်လည်း ယင်းပမာဏကို သိုလှောင်သည့် ရေကန်ဆောက်လုပ်ရန် ငွေကြေးနှင့် နေရာ အခက်အခဲရှိမည်ဖြစ်၍ လိုအပ်သည့် ရေပမာဏ၊ တတ်နိုင်သည့်ငွေကြေး၊ ပေးနိုင်သည့်နေရာ အကျယ်အဝန်းတို့ကိုထည့်သွင်းစဉ်းစားပြီး ရေကန်အကြီးအသေး တွက်ချက်ဖို့ လိုသည်။

လူငါးဦးနေသည့်အိမ်တွင် သောက်ရေနှင့်ချက်ပြုတ်ရေအတွက် မိုးရေလှောင်ကန်ကိုသာ မှီခိုသုံးစွဲလျှင် တစ်ဦးနှစ်ဂါလန်နှုန်းဖြင့် တစ်ရက်ဆယ်ဂါလန် လိုအပ်သည်။ မိုးအခါတွင် ကန်သည် ရေဝင်လိုက် သုံးလိုက် ပြန်ပြည့်လိုက်ဖြစ်နေမည်။

နှစ်တစ်နှစ်၏ နိုဝင်ဘာလမှ မေလအထိ မိုးရေလုံးဝမရဟု ယူဆပါက ခုနစ်လ သို့မဟုတ် ရက်ပေါင်း ၂၀၀ ခန့်အတွက် ရေသိုလှောင်ရမည်။

၅ ဦး x ၂ ဂါလန် x ၂၀၀ ရက် = ၂၀၀၀ ဂါလန်

ထို့အတူ လူငါးရာနေသည့်ရပ်ကွက်တစ်ခုအတွက် လုံလောက်သောသောက်ရေ စုဆောင်းသိုလှောင်ရန် ဂါလန်နှစ်သိန်းဆန့်ရေကန်ကိုဆောက်ရမည်။ ဝင်ငွေများသူတို့မှအပ အများအားဖြင့် ထိုမျှကြီးမားသော ရေကန်ကိုဆောက်ရန် တစ်ဦးချင်းဖြစ်စေ၊ ရပ်ကွက်ကျေးရွာအလိုက်ဖြစ်စေ လက်တွေ့တွင် အခက်အခဲ ရှိသည့်အတွက် တတ်နိုင်သောငွေကြေး၊ ပေးနိုင်သည့်နေရာတို့ကို ချိန်ဆ တွက်ချက်၍ ဖြစ်နိုင်သလောက် အရွယ်ကြီးသောကန်ကို ဆောက်ရသည်။

မိုးရေခံစနစ်တစ်မျိုး သရုပ်ပြ ရှုစားရန်

ရေကန်ကို ပလတ်စတစ်၊ သံပြား၊ သံကူကွန်ကရစ်စသည့်ပစ္စည်းအမျိုးမျိုးဖြင့် တည်ဆောက်နိုင်သော်လည်း အိမ်သုံးအတွက်ဆိုလျှင် ကုန်ကျစရိတ် မများလွန်းသည့်အပြင် တည်ဆောက်ထိန်းသိမ်းရန် လွယ်ကူသော အုတ်ကန်ကို ဦးစားပေးဆောက်လုပ်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလရှိ ရေကန်တစ်ခု။ ကန်အမိုးပေါ်သို့ ရွာကျသောမိုးရေကို ပိုက်ဖြင့် ကန်တွင်းသို့ ဝင်စေ၍ ရေသိုလှောင်ပြီး နွေအခါ သောက်ရေအဖြစ် အသုံးပြုသည်။

မိုးရေလှောင်ကန်ကို မြေပေါ်တွင်ရော၊ မြေအောက်တွင်ပါ ဆောက်လုပ်နိုင်သည်။ မြေအောက်ကန်၏ အားသာချက်များမှာ ကန်တွင်းရှိရေဖိအားကို ကန်ပတ်လည် မြေကြီးကကန်ထားပေးနိုင်သဖြင့် ကန်နံရံကို မြေပေါ်ကန်ထက် ပို၍ပါးလွှာစွာ ဆောက်လုပ်နိုင်သည်။ မြေအောက်ကန်သည် မြေပေါ်ကန်ကဲ့သို့ အပူအအေးကြောင့် ကားထွက်ခြင်း၊ ကျုံ့ခြင်းတို့ မပေါ်ပေါက်သဖြင့် ပို၍ တာရှည်ခံသည်။ မြေအောက်ကန်ထဲရှိရေသည် မြေပေါ်ကန်ရေထက် ပို၍အေးမြသည်။ မြေအောက်တွင်ရှိ၍ ခေါင်မိုးပေါ်ကျသည့်ရေအပြင် မြေပြင်ပေါ်ကျသည့် မိုးရေကိုပါ စုဆောင်းသိုလှောင်နိုင်သည်။

မြေအောက်ကန်၏ အားနည်းချက်များမှာ မြေပြင်တစ်လျှောက်စီးလာသောရေသည် အမိုးပေါ်မှ ကျလာသောရေထက် ယေဘုယျအားဖြင့်အရည်အသွေးနိမ့်သည်။ ကန် ယိုစိမ့်မှုဖြစ်လျှင် သိရန်မလွယ်သည့် အပြင် ပြင်ဆင်ဖာထေးရန် ခက်သည်။ ဘေးပတ်လည်မြေကြီးထဲမှ ညစ်ညမ်းရေများ ဝင်နိုင်သည်။ ကန်ကို ဆေးကြောလို၍ ကန်ထဲမှရေထုတ်ယူလျှင် မြေပေါ်ကန်ထက် ပိုခက်သည်။

ကျန်းမာရေးရှုထောင့်

ရေကန်ထိန်းသိမ်းခြင်းဟုဆိုရာတွင် ခိုင်ခန့်မှုတစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးနှင့်ညီညွတ်စွာ ရေသိုလှောင်ရန်လည်း အရေးကြီးသည်။ ခေါင်မိုးပေါ်မှကျလာသည့်မိုးရေတွင် ရောပါလာသောအမှိုက်နှင့် အမှုန်များကို ဖယ်ရန် ရေဆင်းပိုက်တွင် အနည်ထုတ်ပိုက်တို့ကို သုံးသည့်အပြင် ရေလှောင်ကန်အဝင်၌ အနည်ထိုင်ကန်၊ ရေစစ်ကန်ကိုလည်း ထားနိုင်လျှင် ကောင်းသည်။

ပုံပါ အနည်ထိုင်ရေစစ်ကန်တွင် အခန်းနှစ်ခန်း ပါသည်။ မိုးရေသည် ပထမကန်ထဲသို့ဦးစွာဝင်ပြီး ပါလာသောအနည်အချို့ ထိုင်ကျန်ရစ်၍ ဒုတိယကန်ထဲဆက်ဝင်သည်။ ယင်းကန်ရှိ သဲလွှာသည် အရွယ်သေးအနည်များ အပြင် ဘက်တီးရီးယားအချို့ကိုပါ ဖယ်ရှားပေးနိုင်စွမ်းရှိသည်။ ရေစစ်ကန်ကို ပုံပါအတိုင်းသာ မဟုတ်၊ အခြားသောနည်းများဖြင့်လည်း တည်ဆောက်နိုင်သည်။

ရေစစ်ကန်ထားရှိခြင်းအပြင် မိုးရေလှောင်ကန်များတွင် စတင်ရေမထည့်မီ အတွင်းနံရံများကို ကလိုရင်းရည်ဖြင့် ဆေးကြောကာ ရောဂါပိုးမွှားများအား ဖယ်ရှားသင့် သည်။ ကလိုရင်းဆေးရည် ဖော်စပ်ရန် ဘလိချင်း ပေါင်ဒါခေါ် ကယ်လ်စီယမ်ဟိုက်ပိုကလိုရိုက်ကို အသုံးပြုရသည်။ ဘလိချင်းပေါင်ဒါသည် ကလိုရင်း ၂၄ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းပါသော မဖောက်ထုံးဖြင့် ရောစပ်ထားသည့်ဆေးမှုန့်ဖြစ်သည်။

ကလိုရင်းဆေး ဖော်စပ်ရာတွင် ဘလိချင်းပေါင်ဒါကို မုန့်နှစ်ရေကဲ့သို့ ပြစ်အောင် ရေအနည်းငယ် လောင်းထည့်ရသည်။ မုန့်နှစ်ရေကဲ့သို့ ဖြစ်သွားလျှင် ရေထပ်ထည့်၍ ဆက်မွှေပြီးနောက် ရေကန် အတွင်းနံရံများကို သုတ်လိမ်းရသည်။ သုတ်လိမ်းပြီး အနည်း ဆုံး နာရီဝက်မျှထားပြီးမှ ရေထည့်သင့်သည်။

စသုံးပြီး အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကလိုရင်းရည်ဖြင့်ဆေးကြောရမည်။ သို့မဟုတ် တစ်နည်းနည်းနှင့် ရောဂါပိုးပါသောရေများ ဝင်ရောက်ပါက သို့မဟုတ် ဝင် ရောက်သည်ဟု သံသယရှိပါက ကလိုရင်းခတ်ခြင်းဖြင့် ရောဂါပိုးများကို ဖယ်ရှားနိုင်သည်။

ရေရှိနေသော မိုးရေလှောင်ကန်များအား ဆေးခတ်ရာတွင် ကန်တွင်းရှိရေပမာဏ ဂါလန် ၁၀၀၀ လျှင် ဘလိချင်းပေါင်ဒါဆေးမှုန့် အောင်စဝက်မှ ၁ အောင်စအတွင်း ထည့်နိုင်သည်။ အလွယ်ပြောရလျှင် စားပွဲဇွန်းတစ်ဇွန်းမှနှစ်ဇွန်း သုံးသင့်သည်။ ဖျော်ထားသော ဘလိချင်းပေါင်ဒါဆေးရည်ကိုရေပုံးထဲလောင်းချပြီး မွှေတံဖြင့် သမအောင်မွှေကာ ရေပုံးကိုကြိုးချည်၍ ရေကန်တွင်းသို့ချရသည်။ ရေပုံးအား ရေမျက်နှာပြင်အောက် နှစ်ပေခန့်မြုပ်သည်အထိနှစ်ထားပြီး တစ်နေရာလျှင် လေးငါးခါခန့် ဆွဲတင်လိုက် နှစ်ချလိုက် ရေကန်နေရာအနှံ့ ပြုလုပ်ရသည်။ ပြီးလျှင် ရေပုံးကို ပြန်ဆွဲတင်ပြီး ရေပုံးအတွင်းရှိ ကလိုရင်းဆေးရည်များကို ရေကန်ထဲသို့ ဖြည်းညင်းစွာ လောင်းချ၍ အနည်းဆုံး မိနစ် ၃၀ မျှ ထားရသည်။

ကလိုရင်းဆေးခတ်ရာတွင် ရောဂါပိုးများအားထိရောက်စွာဖျက်ဆီးပစ်နိုင်မှု ရှိမရှိကို ဆေးခတ်ပြီးသောရေတွင် ကလိုရင်းအကြွင်းရှိမရှိ စမ်းသပ်ခြင်းဖြင့်သိနိုင်သည်။ ကလိုရင်း ဆေးခတ်ပြီး နာရီဝက်ကြာသောအခါ ဆေးမကိုင်တွယ်ရသေးသော လက်ဖြင့် ခပ်ယူနမ်းကြည့်ရသည်။ ကလိုရင်းနံ့ရလျှင် ပိုးများကို ဖယ်ရှားပြီးဟု ယူဆရနိုင်သည်။ ကလိုရင်းနံ့ပြယ်နေလျှင် ရောဂါပိုးဖယ်ရှားမှု စိတ်မချရသေးဟု ယူဆ၍ နောက်တစ်ကြိမ် ဆေးထပ်ခတ်ရသည်။

သောက်ရေကန်ကို ကလိုရင်းဖြင့် ဆေးခတ်ခြင်းအပြင် အဖုံးဖုံးထားရန်လည်း လိုအပ်သည်။ အဖုံးမဲ့ သောက်ရေကန်များသို့ အညစ်အကြေးများ အလွယ်တကူဝင်ရောက်နိုင်သည့်အပြင် ခြင်ပေါက်ပွားရာလည်း ဖြစ်သွားတတ်ကြောင်း သတိပြုသင့်သည်။

မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် ဌာန အဖွဲ့အစည်းများ အလှူရှင်များ၏ အစီအစဉ်ဖြင့် မိုးရေလှောင်ကန်များ ဆောက်လုပ်နေသည်။ သောက်ရေအတွက် ဂါလန်ထောင်သောင်းဆန့်သော အဝိုင်းပုံဖယ်ရိုစီးမင်းကန်များကိုပါ တည်ဆောက် အသုံးပြုနေကြရာ ဂါလန် ၃၀၀၀ ဆန့်ကန်ကို တည်ဆောက်လျှင် စုစုပေါင်းကျပ် ၁၇ သိန်းမျှကုန်ကျသည်ဟု သိရသည်။

ဆက်စပ်ဖတ်ရှုရန် ထိုင်းနိုင်ငံမိုးရေလှောင်ကန်များ


အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၆ ဖြစ်ပါသည်၊ ကျန်အခန်းများကို အောက်ပါလင့်ခ်များ၌ ဖတ်ရှုနိုင်ကြပါသည်။

အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆိုင်ရာနိုဘယ်ဆုရှင်

အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး

အခန်း-၅ မြေလျှိုးမိုးရေ

အခန်း-၇ အထက်ဆန်သည့်ရေ

အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

အခန်း-၉ စင်ကာပူမှာရွာသည့်မိုး

အခန်း-၁၀ တရုတ်ပြည်မှာရွာသည့်မိုး

အခန်း-၁၁ မြန်မာပြည်မှာရွာသည့်မိုး

12 responses to “မိုးကျရေချို”

  1. မြေလျှိုးမိုးရေ – Water Security and the Changing Climate Avatar

    […] အခန်း-၆ မိုးကျရေချို […]

    Like

  2. အထက်ဆန်သည့်ရေ – Water Security and the Changing Climate Avatar

    […] အခန်း-၆ မိုးကျရေချို […]

    Like

  3. ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း – Water Security and the Changing Climate Avatar

    […] အခန်း-၆ မိုးကျရေချို […]

    Like

  4. စင်ကာပူမှာရွာသည့်မိုး – Water Security and the Changing Climate Avatar

    […] အခန်း-၆ မိုးကျရေချို […]

    Like

  5. တရုတ်ပြည်မှာရွာသည့်မိုး – Water Security and the Changing Climate Avatar

    […] အခန်း-၆ မိုးကျရေချို […]

    Like

  6. မြန်မာပြည်မှာရွာသည့်မိုး – Water Security and the Changing Climate Avatar

    […] အခန်း-၆ မိုးကျရေချို […]

    Like

  7. ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင် – Water Security and the Changing Climate Avatar

    […] အခန်း-၆ မိုးကျရေချို […]

    Like

  8. ဟိုတောင်ဆီမှာပြိုသည့်မိုး – Water Security and the Changing Climate Avatar

    […] အခန်း-၆ မိုးကျရေချို […]

    Like

Leave a comment

”လူတွေဟာ အတော်ရှုပ်တဲ့သတ္တဝါတွေပါလား၊ သဲကန္တာရတွေကို ကျယ်ပြန့်လာစေပြီး ရေကန်တွေကို ခန်းစေကြတယ်”

– ဂီလ်စတန်း