အချို့က သတိမပြုမိကြသော်လည်း ‘မြေအောက်ရေဖြည့်ခြင်း’ကို သဘာဝတရားက စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေသည်။ လူတို့သုံးစွဲ၍ လျော့နည်းသွားသော မြေအောက်ရေ၏နေရာတွင် မြေလွှာအသီးသီးရှိ သဲလုံး ကျောက်လုံးများ အက်ကွဲကြောင်းများမှတဆင့် မိုးရေ၊ မြစ်ရေ ချောင်းရေ ကန်ရေများ စိမ့်ဝင်ခြင်းဖြင့် ပြန်လည်ဖြည့်တင်းပေးသည်။ ယင်းဖြစ်စဉ်ကို ‘သဘာဝအလျောက် မြေအောက်ရေဖြည့်ခြင်း’ (Natural Groundwater Recharge) ဟု ခေါ်သည်။

သို့သော် လူဦးရေများ ရေအသုံးများလာခြင်း၊ ကွန်ကရစ်ပြင် ကတ္တရာပြင်စသည်များက မြေအောက်ရေ စိမ့်ဝင်မှုကို တားဆီးလျော့နည်းစေခြင်းတို့ကြောင့် ဒေသအများအပြားတွင် သဘာဝအလျောက် ပြန်မပြည့်နိုင်တော့ခြင်းနှင့် ကြုံတွေ့နေရသည်။ ထိုဒေသများတွင် ‘လူ့အားထုတ်မှုဖြင့် မြေအောက်ရေ ဖြည့်ပေးခြင်း’ (Artificial Groundwater Recharge) ကို လုပ်ဆောင်ရသည်။ မိုးရေများကို ပိုက်ဖြင့်သွယ်တန်းကာ ရေတွင်းများထဲသို့ ထည့်ခြင်း၊ ရေစိမ့်တွင်းများ တည်ဆောက်ကာ မိုးရေစိမ့်ဝင်စေခြင်း စသည်တို့သည် လူ့အားထုတ်မှုဖြင့် မြေအောက်ရေ ပြန်ဖြည့်ပေးခြင်းပင် ဖြစ်သည်။ မိုးရေအပြင် မြစ်ရေ၊ သန့်စင်ပြီးရေဆိုးစသည်တို့ကိုလည်း မြေအောက်သို့ ပို့လွှတ်သိုလှောင်နိုင်သည်။ ရေသိုလှောင်ရန် တူးဖော်ထားသောကန်ထဲမှရေများ မြေအောက်သို့ စိမ့်ဝင်နေခြင်းမျိုးလည်း ရှိသည်။

‘လူ့အားထုတ်မှုဖြင့် မြေအောက်ရေဖြည့်ပေးခြင်း’၏ အားသာချက်များမှာ အလွယ်တကူ လုပ်ဆောင်နိုင်ခြင်း၊ ကုန်ကျစရိတ်နည်းပါးခြင်းစသည်တို့ ဖြစ်ပြီး အားနည်းချက်မှာ ဖြည့်လိုက်သောရေသည် မိမိရည်မှန်းသော မြေအောက်ရေကြောထဲ ရောက်သလား၊ ရောက်လျှင် မည်မျှရောက်သနည်း၊ ထည့်လိုက်သလာက် ပြန်ထုတ်သုံးနိုင်သလား စသည်တို့ကို တိတိကျကျ မသိနိုင်ခြင်း ဖြစ်သည်။ တိကျစွာမသိနိုင်သော်လည်း ယင်းလုပ်ဆောင်ချက်ကြောင့် အကျိုးမဲ့ဖြစ်မသွားချေ။ မိုးရေတွေ အလဟသဖြစ်မည့်အစား မြေအောက်တနေရာသို့ ရောက်သွားသည်မှာတော့ သေချာသည်။

ဖြည့်လိုက်သောရေသည် မိမိရည်မှန်းသောမြေအောက်ရေကြောထဲ ရောက်စေရန်၊ မည်မျှရောက်သနည်း တိုင်းတာသိရှိရန်၊ ယင်းရေများကို လိုသောအချိန်၌ ထုတ်သုံးနိုင်ရန် စသည်တို့ကို တိတိကျကျသိကာ တကယ်တမ်းအကျိုးရှိရှိ လုပ်ဆောင်လိုလျှင် ‘စီမံမှုဖြင့်မြေအောက်ရေဖြည့်ခြင်း’ (Managed Artificial Recharge (MAR)) ကို လုပ်ဆောင်ရသည်။ ‘စီမံမှုဖြင့်မြေအောက်ရေဖြည့်ခြင်း’ကို အဓိပ္ပာယ်ဖွင့်ဆိုရလျှင် ”မိုးရေ၊ မြစ်ရေစသည်တို့ကို တချိန်တွင် ပြန်လည်ထုတ်ယူအသုံးပြုရန်၊ ဂေဟစနစ်ကို စိမ်းစိုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြေအောက်ရေကြောထဲသို့ စနစ်တကျ စိမ့်ဝင်ရောက်ရှိစေခြင်း” ဖြစ်သည်။ တနည်းအားဖြင့် မြေအောက်ရေကြောများကို သဘာဝမြေအောက်ရေလှောင်ကန်များအဖြစ် အသုံးပြုခြင်းဟုလည်း ပြောနိုင်ပါသည်။

အဆိုပါနည်းလမ်း၏ အားသာချက်များမှာ -—မြေပေါ်ရေလှောင်ကန်ကြီးများအတွက် လိုအပ်သော မြေနေရာနှင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း၊ ရေငွေ့ပြန်ဆုံးရှုံးမှု လုံးဝနီးပါးမရှိခြင်း၊ မိုးရာသီတွင် ပိုလျှံသောရေများကို သိမ်းဆည်းပြီး ခြောက်သွေ့ရာသီတွင် ပြန်လည်အသုံးပြုနိုင်ခြင်း၊ မြို့ပြဧရိယာ ကျယ်ပြန့်လာသည်နှင့်အမျှ ဗဟိုရေပေးဝေရေးဝန်အားကို သက်သာစေပြီး ဒေသအလိုက် ရေအရင်းအမြစ်ကို ဖြန့်ဝေနိုင်ခြင်း (ဥပမာ- ဒဂုံမြို့သစ်မြို့နယ်များ၌ မြေအောက်ရေဖြည့်ပေးနိုင်ပါက ယင်းမြို့နယ်များရှိ တွင်းရေပြင်များ မြင့်တက်လာကာ ရေပိုထွက်လာနိုင်သည်။)၊ ရေငန်ဝင်ရောက်မှုကို အထိုက်အလျောက် တားဆီးနိုင်ခြင်း စသည်တို့ ဖြစ်သည်။

‘စီမံမှုဖြင့်မြေအောက်ရေဖြည့်ခြင်း’ကို လုပ်ဆောင်နိုင်ရန် မြေအောက်ရေကြောများ၏ သဘာဝနှင့်ပမာဏ၊ ရေကြောများထဲသို့ ရေစိမ့်ဝင်နိုင်သောလမ်းကြောင်း စသည့် အချက်အလက်ပေါင်းများစွာကို ဇလဘူမိဗေဒနည်းပညာဖြင့် တိုင်းတာတွက်ချက်ဖို့ လိုအပ်သည်။

International Groundwater Resources Assessment Centre (IGRAC) ၏ အချက်အလက်များအရ ‘စီမံမှုဖြင့်မြေအောက်ရေဖြည့်ခြင်း’ကို ကမ္ဘာ့ ၉၇ နိုင်ငံတွင် အကောင်အထည်ဖော် လုပ်ဆောင်နေပြီး တစ်နှစ်လျှင် ရေ ၁၀ ကုဗကီလိုမီတာခန့် မြေအောက်သို့ ဖြည့်သွင်းနေကြောင်း သိရသည်။ (အကြမ်းမျှနှိုင်းယှဉ်တွက်ပြရလျှင် ရန်ကုန်ကဲ့သို့ မြို့ပေါင်း ၃၀ ကျော်ကို တစ်နှစ်ပေးဝေသော ရေပမာဏနှင့် တူညီသည်။) နိုင်ငံအလိုက်ဆိုပါက အိန္ဒိယက ၃၁ ရာခိုင်နှုန်းဖြင့် အများဆုံး၊ အမေရိကန်က ၂၆ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး၊ ဂျာမနီက ၉ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ဆည်/ရေဦးစီးဌာနက မကွေးတွင် ‘စီမံမှုဖြင့်မြေအောက်ရေဖြည့်ခြင်း’ကို စမ်းသပ်နေရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၂၆ မေလအထိ မိုးရေဂါလန် ၃၇၈၀ဝ၀ ကို မြေအောက်သို့ ဖြည့်သွင်းနိုင်ခဲ့ပြီး ယင်း၏သက်ရောက်မှုကို လစဉ်တိုင်းတာလေ့လာနေကြောင်း သိရှိရသည်။ အဆိုပါလေ့လာချက်မှသည် တချိန်တွင် မြို့ရေပေးရေးကို ကောင်းစွာ အထောက်အကူပေးနိုင်သည့် ‘စီမံမှုဖြင့်မြေအောက်ရေဖြည့်ခြင်း’များ ပေါ်ပေါက်လာမည်ဟု မျှော်လင့်နိုင်သည်။

မြန်မာနိုင်ငံ၌ မြို့ရေပေးရေးအတွက် ‘စီမံမှုဖြင့်မြေအောက်ရေဖြည့်ခြင်း’ကို စမ်းသပ်သင့်သောမြို့များတွင် ရန်ကုန်လည်း ပါဝင်သည်။ အောက်တိုဘာ ၈ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ”ရန်ကုန်မြို့၏ မြေအောက်ရေသုံးစွဲမှု လျော့နည်းသွားစေရန်နှင့် ရန်ကုန်မြို့ကို ရေလုံလောက်စွာ ပေးဝေနိုင်ရန် ကုက္ကိုဝရေပေးဝေရေးစီမံကိန်းနှင့် တိုးမြစ်ရေပေးဝေရေး စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့ကို ရေလုံလောက်စွာ ပေးဝေနိုင်ပြီဆိုလျှင် မြေအောက်ရေသုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ်ပြီးဖြစ်သည်။”ဟု ပြောကြားခဲ့သည်။

ရန်ကုန်တွင် မြေအောက်ရေထုတ်ယူသုံးစွဲမှု များလွန်းခြင်း၏အကျိုးဆက်အဖြစ် မြေအောက်ရေကြောအချို့ လျော့နည်းခန်းခြောက်လာခြင်း၊ ဆားငန်ရေဝင်လာခြင်း၊ မြေကျွံခြင်း စသည်တို့ကို ကြုံတွေ့နေရသည်။ ရန်ကုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့သော သုတေသနတစ်ခုတွင် မြေအောက်ရေထုတ်ယူမှုနှင့် မြေပြင်နိမ့်ကျမှုတို့ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။ ဤတွင် အချို့က ရန်ကုန်၌ ‘မြေအောက်ရေသုံးစွဲမှုကို လုံးဝပိတ်ပင်သင့်သည်။’ ဟု ပြောဆိုကြသည်။ ရန်ကုန်၌ မြေအောက်ရေသုံးစွဲမှုကို လုံးဝပိတ်ပင်ရန် လက်တွေ့တွင် မဖြစ်နိုင်ပါ။ ဖြစ်လည်း မဖြစ်သင့်ပါ။

ရန်ကုန်တွင် မြေအောက်ရေသုံးစွဲမှုကို လုံးဝပိတ်ပင်ရန် ဘာ့ကြောင့်မဖြစ်နိုင်သလဲ။

ရန်ကုန်တွင် စည်ပင်ပိုင် အဝီစိတွင်းအရေအတွက်မှာ ရာဂဏန်းမျှရှိသော်လည်း ပုဂ္ဂလိကပိုင် တွင်းကြီး တွင်းငယ်ပေါင်း သောင်းဂဏန်းခန့် ရှိသည်။ (သိန်းဂဏန်းခန့်ပင်ရှိနိုင်သည်ဟု အချို့ကဆိုသည်။ အရေအတွက်အတိအကျကို မည်သူမျှမပြောနိုင်ပါ။) စည်ပင်ရေဟု ခေါ်ကြသော ကန်ရေ မြစ်ရေကို တိုးပေးသည့်တိုင်အောင် အချို့သော ပုဂ္ဂလိကတွင်းပိုင်ရှင်တို့သည် မိမိတို့ အိမ်ဝင်းခြံဝင်းထဲတွင် ရှိနေသော၊ အချိန်မရွေး ကြိုက်သလိုထုတ်သုံးနိုင်သော တွင်းရေကို ပစ်ပယ်မည် မဟုတ်ချေ။ အိမ်ဝင်း ခြံဝင်းနှင့် နေသူတို့ကို မဆိုထားဘိ၊ ကျောက်မြောင်းရှိ ကန်ထရိုက်တိုက်တတိုက်တွင် စည်ပင်ရေ ရနေသော်လည်း တိုက်၏လှေကားရင်းရှိ အဝီစိတွင်းမှ ရေပုံမှန်ထုတ်ယူသုံးစွဲနေသည်ကို တွေ့ဖူးသည်။

ရန်ကုန်တွင် မြေအောက်ရေသုံးစွဲမှုကို လုံးဝပိတ်ပင်ရန် ဘာ့ကြောင့်မဖြစ်သင့်သလဲ။

လူဦးရေများ၊ ရေသုံးစွဲမှုများ၍ ရေကောင်းရေသန့်အချိုးအစား လျော့နည်းလာသောကမ္ဘာတွင် မြေပေါ်ရေ တမျိုးတည်းကိုသာ မှီခိုရယူခြင်းသည် မိုးခေါင်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ မြစ်ရေအရည်အသွေး ကျဆင်းခြင်းနှင့် ရေသိုလှောင်ရေးအဆောက်အအုံ ပျက်စီးခြင်းတို့ကြောင့် တချိန်မဟုတ်တချိန်၌ ရေပြတ်သည်အထိ ကြုံတွေ့နိုင်ခြေ မြင့်မားလှသဖြင့် ရနိုင်သမျှ ရေအရင်းအမြစ်ပေါင်းစုံကို ရယူနေကြသည်။ အနီးစပ်ဆုံး သာဓကအနေနှင့် စင်ကာပူကို ကြည့်နိုင်သည်။ စင်ကာပူတွင် မြေပေါ်ရေ(ကန်ရေ)မျှဖြင့် မလုံလောက်သောကြောင့် စွန့်ပစ်ရေဆိုးကို သန့်စင်ပြီး ပြန်လည်သုံးစွဲခြင်း၊ ရေငန်မှရေချိုချက်ခြင်းတို့အပြင် မလေးရှားမှရေကို ဝယ်ယူသုံးစွဲနေရသည်။ (စင်ကာပူ၏ ရေအရင်းအမြစ်များတွင် မြေအောက်ရေ မပါဝင်ခြင်းမှာ စင်ကာပူ၌ သောက်သုံးရေအဖြစ်ရယူနိုင်သော မြေအောက်ရေကြော နည်းပါးလွန်းခြင်းကြောင့် ဖြစ်သည်။)

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့သည် မြေပေါ်ရေ(ကန်ရေ)ကိုသာ အဓိကမှီခိုပေးဝေခဲ့ရာမှ မိုးခေါင်သည့်နှစ်များ ဆက်လာ၍ ၂၀၁၇ ခုနှစ်က ကန်ရေများ လုံးဝခန်းခြောက်နီးနီး ဖြစ်ခဲ့သည်။ အဆိုပါအဖြစ်မျိုးကို အနာဂတ်၌ ရှောင်ရှားနိုင်သည့် နည်းလမ်းများအနက်တခုအဖြစ် မြေအောက်ရေကို ပိုမိုတူးဖော်သုံးစွဲနေရသည့် သာဓကရှိပါသည်။

ရန်ကုန်မြို့တော်ရေပေးဝေရေးအတွက် သန့်စင်ပြီးစွန့်ပစ်ရေဆိုးကို ပြန်လည်အသုံးပြုခြင်း၊ ရေငန်မှ ရေချိုချက်ခြင်းတို့မှာ နည်းပညာပိုင်းအရ ဖြစ်နိုင်သော်လည်း အခြေအနေအရ လက်တွေ့မကျပါ။ ရန်ကုန်အတွက် လတ်တလောရေအရင်းအမြစ်မှာ မြေပေါ်ရေနှင့်မြေအောက်ရေနှစ်မျိုးသာ ရှိသည်။ ထို့ကြောင့် မြေပေါ်ရေတခုတည်းကိုသာ မှီခိုပေးဝေပြီး မြေအောက်ရေအသုံးကို လုံးဝပိတ်ပင်ရန် မသင့်ပါ။

ရန်ကုန်မြို့ ရေပေးဝေရေးမဟာဗျူဟာ

ရန်ကုန်မြေအောက်ရေကြောများကို ‘စီမံမှုဖြင့် မြေအောက်ရေဖြည့်ခြင်း’နည်းပညာကိုသုံး၍ ပြန်ဖြည့်ပေးနိုင်သည်။ သို့သော် ရန်ကုန်မြေအောက်ရေကြောအားလုံးကို ပြန်ဖြည့်ပေးနိုင်သည်ဟုကား မယူဆသင့်ချေ။ မြေအောက်ရှိ ရေစိမ့်ဝင်စီးဆင်းနှုန်းနိမ့်သော ရွှံ့စေးလွှာများ၊ ရေဖိအား၊ မြေအောက်ရေကြော၏ နေရာအကျယ်အဝန်းနှင့် ရေအရည်အသွေးတို့ကြောင့် သိုလှောင်နိုင်သည့်ပမာဏနှင့် ရေဖြည့်သွင်းနိုင်သည့်နှုန်းများ အကန့်အသတ် ရှိမည် ဖြစ်သည်။ ထို့ကြောင့် မည်သည့် မြေအောက်ရေကြောများသည် ရေပြန်လည်ဖြည့်တင်းနိုင်သည့် အလားအလာ ရှိသနည်း၊ မိုးရေ သို့မဟုတ် သန့်စင်ပြီးသော မြေပေါ်ရေကို မည်မျှပမာဏအထိ ထိုရေကြောများထဲသို့ ဖြည့်သွင်းနိုင်သနည်း၊ ရေဖြည့်သွင်းပြီးနောက် ရေအဆင့်နှင့် ရေအရည်အသွေး မည်သို့ပြောင်းလဲသနည်း စသည်တို့ကို ဇလဘူမိပညာရှင်များ၏ အကူအညီကို ရယူလေ့လာသင့်သည်။ လေ့လာချက်များမှ ရေဖြည့်ပေးနိုင်သော မြေအောက်ရေကြောများကို သိရပါက ရန်ကုန်မြို့ ရေပေးဝေရေးမဟာဗျူဟာတွင် လက်ရှိရေကန်ကြီးများ၊ ကုက္ကိုဝရေပေးဝေရေးစီမံကိန်းနှင့် တိုးမြစ်ရေပေးဝေရေး စီမံကိန်း၊ မြေအောက်ရေသုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်ရေးတို့အပြင် ‘စီမံမှုဖြင့် မြေအောက်ရေဖြည့်ခြင်း’ကိုလည်း ရေအရင်းအမြစ်တခုအနေနှင့် ထည့်သွင်းပေးဝေသင့်သည်။

ထားဝယ်မြို့

ရန်ကုန်အပြင် ‘စီမံမှုဖြင့် မြေအောက်ရေဖြည့်ခြင်း’ကို လုပ်ဆောင်ရန် လေ့လာသင့်သည့်မြို့မှာ ထားဝယ် ဖြစ်သည်။

၁။ ထားဝယ်မြို့၏ သောက်သုံးရေအတွက် မြေအောက်ရေကို အဓိကတည်မှီနေရခြင်း၊ မိုးဦးနောက်ကျသောအခါ မြို့၏အစိတ်အပိုင်းအချို့တွင် ရေတွင်းများ လျော့နည်းခန်းခြောက်ကုန်ခြင်း၊ မြေအောက်ရေကြောများသည် ဖြည့်ပေးရန် လွယ်ကူသော အတိမ်ပိုင်းတွင် ရှိနေခြင်း။

၂။ မြန်မာနိုင်ငံတွင် မိုးအများဆုံးမြို့ဖြစ်သောကြောင့် မြေအောက်ရေကြောများကို ဖြည့်ပေးနိုင်သည့် မိုးရေကို အလျှံပယ်ရရှိနိုင်ခြင်း၊ မြစ်ရေ ချောင်းရေဖြင့် ဖြည့်လိုပါက မြစ်ချောင်းများ မြို့အနီး၌ စီးဆင်းနေခြင်း။ (နိုင်ငံတွင် မိုးအများဆုံးရွာသော်လည်း ယင်းမိုးရေတို့ကို အသုံးမချနိုင်သဖြင့် အလဟသ စီးဆင်းဆုံးရှုံးသွားသော မိုးရေပမာဏသည် ရာခိုင်နှုန်းအားဖြင့် နိုင်ငံတွင် အများဆုံးဖြစ်နေသည့်မြို့ ဖြစ်နေသည့်အချက်ကို သတိပြုသင့်သည်)

၃။ တိုင်းမြို့တော်ဖြစ်သော်လည်း မြို့ကို လွှမ်းခြုံပေးဝေနိုင်သည့် ရေပေးရေးစနစ် မရှိသေးခြင်း။

၄။ ထားဝယ်အရှေ့ဘက်တွင် မြေပေါ်ကန်ဆောက်လုပ်ကာ မြေပေါ်ရေပေးဝေရန် လေ့လာဖူးကြောင်း သိရသော်လည်း အကြောင်းကြောင်းကြောင့် အကောင်အထည်ပေါ်ရန် မလွယ်သေးခြင်း။

၅။ တချိန်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ပေါ်လာသည့်အခါ ထားဝယ်မြို့၏ ရေလိုအပ်ချက်လည်း လိုက်ပါကြီးထွားလာမည် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားသင့်ခြင်း။

Leave a Reply

”လူတွေဟာ အတော်ရှုပ်တဲ့သတ္တဝါတွေပါလား၊ သဲကန္တာရတွေကို ကျယ်ပြန့်လာစေပြီး ရေကန်တွေကို ခန်းစေကြတယ်”

– ဂီလ်စတန်း