
မြေအောက်ရေများ ခိုအောင်း တည်ရှိနေသဖြင့် ရေအောင်းလွှာ (Aquifer) ဟု ခေါ်သော အဓိက မြေလွှာ နှစ်မျိုး ရှိသည် (ပုံ)။ အပေါ်ပိုင်းရှိ ရေအောင်းလွှာသည် ရေမစိမ့်နိုင်သော သို့မဟုတ် ရေစိမ့်နှုန်း နည်းသော မြေလွှာ (confining bed) ပေါ်၌ ရှိသည်၊ ယင်းမြေလွှာပေါ်၌ ရေပိတ်လွှာ မရှိသဖြင့် ဖိအားမဲ့ ရေအောင်းလွှာ (unconfined aquifer) ဟု ခေါ်သည်၊ ဖိအားမဲ့ ရေအောင်းလွှာရှိ ရေတွင်း (အလယ်တွင်း)၏ ရေပြင်သည် တွင်းဘေး ရေအောင်းလွှာရှိ ရေပြင်နှင့် အညီ ဖြစ်နေ၍ water table well ဟုလည်း ခေါ်သည်။
အောက်ဘက်ရှိ ရေအောင်းလွှာရှိ ရေများကိုမူ ရေမစိမ့်နိုင်သော သို့မဟုတ် ရေစိမ့်နှုန်း နည်းသော မြေလွှာ(confining bed) နှစ်ခုက အပေါ်အောက် ဖိညှပ်ထားသောကြောင့် ဖိအားရှိ ရေအောင်းလွှာ (confined aquifer) ဟု ခေါ်သည်။ ဖိအားရှိ ရေအောင်းလွှာထဲရှိ ရေများသည် ယင်းအလွှာနှင့် ဆက်စပ်နေသော စိမ့်ဝင်မြေ (ပုံ၏ညာဘက်) ပေါ်သို့ ရွာကျလာသော မိုးရေများ ဖြစ်သည်။
ဖိအားရှိ ရေအောင်းလွှာမှ ရေကို ရယူသော တွင်းနှစ်တွင်းကို ကြည့်လျှင် ညာဘက်ရှိတွင်း၏ ထိပ်သည် မိုးရေများ စိမ့်ဝင်သော နေရာထက် မြင့်ပြီး တွင်းရေပြင်သည် မိုးရေများ စတင် စိမ့်ဝင် စီးဆင်းသော နေရာနှင့် တစ်တန်းတည်း ဖြစ်နေသောကြောင့် ယင်းတွင်းရေကို စက်ဖြင့် စုပ်ယူမှ ရသည်။ ဘယ်ဘက်စွန်ရှိ တွင်း၏ ထိပ်သည်မူ မိုးရေ စိမ့်ဝင်သော နေရာထက် နိမ့်နေသဖြင့် စက်ဖြင့် စုပ်ယူစရာမလိုဘဲ အလိုအလျောက် လျှံထွက်နေသော ရေလျှံတွင်း (flowing well) ဖြစ်သည်။
မြန်မာနိုင်ငံရှိ ရေလျှံဇုန်များ
မြန်မာနိုင်ငံတွင် သဘာ၀အလျောက် ရေလျှံထွက်နေသော ရေလျှံဇုန် ခုနစ်ခုနှင့် နေရာဒေသ အလိုက် အနည်းငယ်စီ လျှံထွက်နေသော ရေလျှံဇုန်ငယ်များ တည်ရှိပါသည်။
ရေလျှံအား ကောင်းမွန်သော အဓိက ရေလျှံဇုန်ကြီးများမှာ –
(က) ယင်းမာပင် – ပုလဲ ရေလျှံဇုန် (စစ်ကိုင်း)
(ခ) ရွှေဘို – အရာတော် ရေလျှံဇုန် (စစ်ကိုင်း)
(ဂ) ကလေးဒေသဝန်းကျင် ရေလျှံဇုန် (စစ်ကိုင်း)
(ဃ) မုဿာဝန်းကျင် ရေလျှံဇုန် (မင်းကင်း – စစ်ကိုင်း)
(င) သာစည် – ပျော်ဘွယ် – တပ်ကုန်း ရေလျှံဇုန် (မန္တလေး)
(စ) တောင်တွင်းကြီးဒေသ ရေလျှံဇုန် (မကွေး)
(ဆ) ပေါင်းတည် – သဲကုန်း ရေလျှံဇုန် (ပဲခူး) တို့ ဖြစ်သည်။
ဖော်ပြပါ ရေလျှံဇုန်ကြီး ခုနစ်ခုတွင် ယင်းမာပင် ပုလဲ ရေလျှံဇုန်သည် ရေလျှံထွက်နှုန်း (yield) နှင့် ရေ အရည်အသွေးအရ သောက်သုံးရန်သာမက စိုက်ပျိုးရန်အတွက်ပါ အကျိုးရှိရှိ အသုံးပြုနိုင်ဆုံး၊ အကောင်းဆုံး ရေလျှံဇုန်တစ်ခု ဖြစ်သည်။

ယင်းမာပင် ပုလဲ ရေလျှံဇုန်သည် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ အနောက်ဖက် ၁၅ မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်း လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ ဖိုလ်ဝင်တောင်များနှင့် အနောက်ဘက်မှ ပုံတောင်ပုံညာ တောင်တန်း၊ အလောင်းတော် ကဿပ ဘေးမဲ့ဥယျာဉ်တော တောင်တန်း များ၏ အလယ်တွင် တည်ရှိသည်။ စုစုပေါင်း ဧရိယာ ၇၆၈ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။ ယင်းမာပင်မြို့၏ တောင်မြောက် ရှစ်မိုင်ခန့်နှင့် အရှေ့အနောက် ငါးမိုင်ခန့် စုစုပေါင်း ၄၀ စတုရန်းမိုင် ဧရိယာအတွင်း၌ သဘာ၀အလျောက် ရေလျှံထွက်လျက် ရှိသည်။

ယင်းမာပင်- ပုလဲ ဒေသ၏ အနောက်မြောက်ဘက်ရှိ အလောင်းတော် ကဿပ ဘေးမဲ့ဥယျာဉ် တောင်တန်း ဒေသ၊ မြောက်ဘက်ရှိ ကနီမြို့နယ် ဝါးစိမ်းတောင် ဒေသများမှ စိမ့်ဝင် စီးဆင်းလာသော မြေအောက်စိမ့်ရေများသည် အရှေ့ဘက်ရှိ မီးသင့်ကျောက်များဖြင့် ဖွဲ့စည်းထားသော စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင်၊ ဖိုလ်ဝင်တောင်တို့၏ ပိတ်ဆို့ တားဆီးမှုများကြောင့် ချင်းတွင်းမြစ်တွင်းသို့ စိမ့်ဝင် စီးဆင်းနိုင်ခြင်း မရှိတော့ဘဲ ယင်းမာပင်-ပုလဲ ချိုင့်ဝှမ်း လွင်ပြင်အတွင်း ဒယ်အိုးပုံသဏ္ဍာန် မြေအောက် ရေကြောအတွင်း၌ ရေထု များပြားသထက် များပြားလာသောကြောင့် အထက်သို့ လျှံထွက်လာပြီး ရေလျှံတွင်းများ ဖြစ်ပေါ်လာခဲ့သည်။
ရေလျှံတွင်း စတင်တူးဖော်ခြင်း
ပထမဆုံး ရေလျှံတွင်း တူးဖော်နိုင်ခဲ့သည့်နေရာမှာ ယင်းမာပင်မြို့၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ ရွာသာယာကျေးရွာ၌ ဖြစ်သည်။ ရွာအရှေ့မြောက်ထောင့်ရှိ ဘုန်းတော်ကြီးကျောင်းအတွင်း တူးဖော်ခဲ့ပြီး ၇ . ၈ . ၁၉၆၂ ရက်နေ့တွင် တူးဖော်ပြီးစီးသည်။ တစ်နာရီလျှင် ရေဂါလန် ၂၀၀၀ ခန့် ထွက်သည်။ ရွာ၏ အနောက်ဖက်တွင် ၂၆ .၈ .၁၉၆၂ ၌ တူးဖော်သည့် ဒုတိယ စက်ရေတွင်းမှ တစ်နာရီလျှင် ရေဂါလန် ၂၀၀၀၀ ခန့် ရေများ မြေပြင်အထက် ၁၀ ပေခန့်အထိ ပန်းထွက်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ရေလျှံတွင်း ၁၉ တွင်း ထပ်မံတူးဖော်၍ တွင်းများ ပတ်လည်တွင် ကန်ဘောင်များ ဆင့်ကာ ရေပေးမြောင်းများ ဖောက်လုပ်ပြီး မြေအောက်လျှံရေဖြင့် စိုက်ပျိုးရေ ပေးဝေမှုလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့သည်။
၁၉၉၄ ခုနှစ် မေလတွင် ၉၉ ကန် ရေလျှံတွင်းနှင့် ရေလှောင်ကန် စီမံကိန်းအား စတင် အကောင်အထည် ဖော်သည်။ ၂၀၀ ပေ ပတ်လည်၊ ၈ ပေ အမြင့် ရေလှောင်ကန် ၉၉ ကန် တည်ဆောက်ပြီး ရေလျှံတွင်း စုစုပေါင်း ၄၁၇ တွင်း တူးဖော်ကာ ၂၀ . ၂ . ၁၉၉၅ မှ စတင်ပြီး စိုက်ပျိုးမြေဧကများသို့ ရေပေးဝေခဲ့ရာ ငါးနှစ်အကြာ၌ ကုန်းမြင့်ပိုင်း ရေလှောင်ကန် ရှစ်ကန်တွင် ရေလျှံထွက်မှုများ ရပ်ဆိုင်းသွားခဲ့သည်။ ထို့ကြောင့် ၂၀၀၀ ပြည့်နှစ်တွင် ဖြည့်စွက် စီမံကိန်း အဖြစ် ၁၅၀ ပေ ပတ်လည်၊ ၇ ပေ အမြင့် ရေလှောင်ကန် ရှစ်ကန်၊ ရေလျှံတွင်း ၃၂ တွင်း ထပ်မံ တူးဖော်သည်။ မူလ ၉၉ ကန် စီမံကိန်းနှင့် ဖြည့်စွက် စီမံကိန်း ပေါင်းလျှင် စုစုပေါင်း ရေလှောင်ကန် ၁၀၇ ကန်နှင့် ရေလျှံတွင်းပေါင်း ၄၄၉ တွင်း ဖြစ်သည်။
ဖြည့်စွက် စီမံကိန်းအပြင် ဒေသအတွင်းရှိ တောင်သူများကလည်း သောက်သုံးရေတွင်းများ၊ စိုက်ပျိုးရေတွင်းများ တူးဖော်လာခဲ့သဖြင့် ၂၀၀၀ ပြည့်နှစ်အထိ ရေလျှံဇုန် ဒေသအတွင်း ရေလျှံတွင်း စုစုပေါင်း ၈၁၀ တွင်း ဝန်းကျင် ရှိလာခဲ့သည်။
ရေထွက်အား လျော့နည်းလာ
၉၉ ကန် စီမံကိန်းမတိုင်မီ ကာလတွင် ရေလျှံတွင်းများ ရေနေပေ (ရေထိပ်) (piezometric water level) သည် ၅ ပေမှ ၄၀ ပေ ရှိရာမှ စီမံကိန်း ပြီးစီးချိန် ရေလျှံတွင်း ၅၂၀ ခန့် တစ်ပြိုင်နက် ဖွင့်ထုတ် သုံးစွဲချိန်တွင် ရေနေပေသည် ၀ ပေ မှ ၂၅ ပေ အထိ ကျဆင်းသွားခဲ့သည်။ (စီမံကိန်းမတိုင်မီ ကာလက တွင်းရေသည် မြေပြင်ပေါ် ၅ ပေမှ ပေ ၄၀ အထိ ပန်းထွက်ခဲ့သည်၊ စီမံကိန်းပြီးချိန်တွင် အချို့တွင်းများမှ ရေဝေကျရုံသာရှိပြီး အချို့တွင်းများသည် ၂၅ ပေအထိသာ ပန်းထွက်သည်)။ တွင်း ၁၀၀ တွင်းခန့်မှ ရေလျှံထွက်မှုများ ရပ်ဆိုင်းသွားခဲ့သည်။
အချို့ ရေလျှံတွင်းများ ထွက်နှုန်း ကျဆင်းလာခြင်းသည် ရေလျှံဇုန်ဒေသ မြေအောက်ရေ ထုထည်ပမာဏ လျော့နည်းသွား၍ မဟုတ်ဘဲ ရေလျှံဇုန်အတွင်း မြေမျက်နှာပြင် နိမ့်သော နေရာများတွင် ရေလျှံတွင်းသစ် အမြောက်အများ တူးဖော် ထုတ်ယူ သုံးစွဲခြင်း၊ ရေမလိုအပ်သော မိုးရွာချိန်များ၊ စပါးသီးနှံ အောင်ချိန်များ၊ ဆောင်းသီးနှံ စိုက်ပျိုးချိန်များတွင် လျှံထွက်နေသော မြေအောက်ရေများကို နီးစပ်ရာ ရေနှုတ်မြောင်းများ၊ လယ်ကွက်ဘေးရှိ လယ်ကြား မြောင်းများမှတစ်ဆင့် ချောင်းများအတွင်းသို့ ထုတ်ပစ်ထားခဲ့ကြခြင်းတို့ကြောင့် ဖြစ်သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ တွင် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနက ရေလျှံဇုန်ဒေသအတွင်း အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ရာ ရေလျှံတွင်းများမှ လေလွင့် ဆုံးရှုံးနေသော မြေအောက်ရေ အဆမတန် များပြားနေကြောင်း၊ ရေလျှံဇုန်ဒေသအတွင်းရှိ ကျေးရွာများ၏ တစ်နေ့တာ ရေလိုအပ်ချက်မှာ ဂါလန်တစ်သန်းကျော်သာ ဖြစ်ပြီး ရေလျှံတွင်းများမှ တစ်ရက်လျှင် မြေအောက်ရေ ဂါလန် ၂၀ သန်း မှ ၃၀ သန်း ဝန်းကျင်အထိ လေလွင့် ဆုံးရှုံးလျက်ရှိကြောင်း တွေ့ရှိခဲ့သည်။
ရေလေလွင့်ဆုံးရှုံးမှု တားဆီးခြင်း
ရေလေလွင့်ဆုံးရှုံးမှုကို တားဆီးရန် ရေလျှံတွင်း ၄၄၉ တွင်းအနက် ၁၅၇ တွင်းတွင် ပိုက်ထောင် ဂိတ်ဘား တပ်သည်။ ပိုက်ထောင်သည်ဆိုခြင်းမှာ စက်ရေတွင်းပိုက်ကို ရေများ သဘာ၀အလျောက် ပန်းထွက်နေသည့် အမြင့်ထက် ကျော်လွန်အောင် ပိုက်နှင့်ဂိတ်ဘား တပ်ဆင်ခြင်း ဖြစ်သည်။ ရေလိုအပ်သည့် မိုးစပါး၊ နွေစပါး ကာလများတွင် ဂိတ်ဘားဖွင့် သုံးစွဲပြီး ရေများစွာမလိုသည့် ဆောင်းရာသီ၌ ဂိတ်ဘားပိတ်၍ ထိန်းသိမ်းသည်။ ယင်းသို့ လုပ်ဆောင်လိုက်သောအခါ ရေလျှံဇုန် အစွန်းဘက် ကုန်းမြင့်ရှိ ရေလျှံတွင်းအချို့၏ ရေထိပ် သိသိသာသာ ပြန်တက်လာခဲ့သည်။ သို့သော် ရေလျှံတွင်းအချို့မှာ ရေလျှံမှုမရှိတော့ကြောင်း တွေ့ရှိရသည်။
“ယင်းမာပင် ရေလျှံဇုန်ကြီးဟာ သဘာ၀က ပေးအပ်ထားတဲ့၊ တန်ဖိုး မဖြတ်နိုင်တဲ့ မြေအောက်ရေသယံဇာတ သိုက်ကြီးတစ်ခုဖြစ်တယ်၊ အဲဒီသယံဇာတသိုက်ကြီး နောင်သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင်ဖို့ ဌာနတစ်ခုတည်းရဲ့ အားနဲ့ လုပ်ဆောင်ဖို့ မလွယ်ကူဘူး။ ဒေသအာဏာပိုင်တွေ၊ ရေလျှံဇုန်ကို အသုံးပြုနေတဲ့ ပြည်သူတွေ ပူးပေါင်း ပါဝင်ကြမှ ရေရှည် တည်တံ့နိုင်မှာဖြစ်တယ်”ဟု ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးက ပြောသည်။
ယင်းမာပင်ခရိုင် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန ဦးမောင်မောင်သန်းက “၉၉ ကန် စီမံကိန်းထဲမှာပါတဲ့ ရေလျှံတွင်းတွေကတော့ အထောင်ပိုက်များနဲ့ ရေဂိတ်ဘားများ တပ်ဆင်ပြီးပါပြီ၊ တောင်သူတွေ ကိုယ်ပိုင် တူးဖော်ထားသော ရေလျှံတွင်းတွေကို တပ်ဆင်ပေးဖို့ စီစဉ်ထားပါတယ်။ အချို့ကတော့ ကိုယ်အသိနဲ့ အထောင်ပိုက်များနှင့် ရေဂိတ်ဘားများ တပ်ဆင် အသုံးပြုကြတယ်။ အတော်များများကတော့ လိုက်နာမှုအားနည်းပါသေးတယ်။ မထိန်းသိမ်းရင် ရေလျှံဇုန်က ရေထွက်မှု တဖြည်းဖြည်း လျော့ကျလာပြီး ရေရှည်မှာ ကွယ်ပျောက်နိုင်မည့် အခြေအနေ ရှိလာပါပြီ။ ရေရှည်တည်တံ့ဖို့ ဒေသခံ တောင်သူများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ ဒီလိုပါဝင်ဖို့ ကျွန်တော်တို့ကလည်း ကြိုးစား စည်းရုံး ဟောပြောမှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်” ဟု ဆိုသည်။
ယင်းမာပင် ရေလျှံတွင်းများ၏ အခြေအနေ ဗီဒီယို ရှုစားရန် Click here
ကလေးမြို့နယ် ရေလျှံတွင်းများ၏ အခြေအနေ ဗီဒီယို ရှုစားရန် Click here
Key words; မြေအောက်ရေ၊ ရေလျှံတွင်း
ကိုးကား –
၁ – ဦးမျိုးနိုင်ဦး၊ ယင်းမာပင် ရေလျှံဇုန်ဒေသမှ လေလွင့်ဆုံးရှုံးလျက်ရှိသော မြေအောက်ရေ သယံဇာတများနှင့် မြေအောက်ရေစီမံခန့်ခွဲမှု၊ စီမံခန့်ခွဲမှုပညာဌာန၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်း အခြေခံသင်တန်း အမှတ်စဉ် (၅၈) တက်ရောက်စဉ် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် တင်ခဲ့သော စာတမ်း
၂ – ယင်းမာပင်ခရိုင် ရေလျှံဇုန်အတွင်းရှိ တောင်သူပိုင်နှင့် နေအိမ်သုံး ရေလျှံတွင်းများကို အထောင်ပိုက်နှင့် ရေဂိတ်ဘား တပ်ဆင်ခြင်းများကို နှစ်နှစ်အတွင်း လုပ်ဆောင်ပေးသွားမည် (https://www.myanmardigitalnewspaper.com)
One thought on “ရေလျှံတွင်း”